ထိုင်းတွင် စစ်အုပ်ချုပ်ရေးကြေညာ
ဘန်ကောက်၊ မေ ၂၀
ခြောက်လတာခန့် နိုင်ငံရေး အကျပ်အတည်းနှင့် ကြုံတွေ့နေရသော ထိုင်းနိုင်ငံတွင် တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းရန် ထိုင်းစစ်တပ်က စစ်အုပ်ချုပ်ရေး ဥပဒေကို ကြေညာလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ထိုင်းပြည်သူပြည်သားတို့၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပြန်လည် တည်ထောင်ရန်အတွက် ထိုင်းနိုင်ငံကို စစ်အုပ်ချုပ်ရေး ဥပဒေဖြင့် ပြဋ္ဌာန်းအုပ်ချုပ် သွားမည်ဟု ထိုင်းစစ်တပ်ပိုင် ရုပ်မြင်သံကြားက ထုတ်ပြန် ကြေညာခဲ့သည်။
ထိုင်းစစ်တပ် အကြီးအကဲ ပရာယု ချန်အိုချာ လက်မှတ်ထိုး ထုတ်ပြန်ခဲ့သော အဆိုပါ ကြေညာချက်တွင် နိုင်ငံအကျပ်အတည်း ကာလတွင် ထိုင်းစစ်တပ်ကို ကြားဝင် ဆောင်ရွက်ခွင့်ပြုသော ၁၉၁၄ ခုနှစ် စစ်အုပ်ချုပ်ရေး ဥပဒေကို ကိုးကား ဖော်ပြထားသည်။
ထိုင်းစစ်တပ်က စစ်အုပ်ချုပ်ရေး ဥပဒေကို ထုတ်ပြန် ကြေညာလိုက်သော်လည်း အာဏာသိမ်းခြင်း မဟုတ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့ပြီး ထိုင်းစစ်တပ်က ရုပ်မြင်သံကြားနှင့် ရေဒီယို ထုတ်လွှင့်သည့် ရုံများကို သိမ်းပိုက်ကာ ဘန်ကောက်လမ်း များကိုလည်း ပိတ်ထားလိုက်ပြီ ဖြစ်သည်။
ထို့ပြင် အမျိုးသား လုံခြုံရေး အကျိုးစီးပွား အလို့ငှာ မီဒီယာ များကိုလည်း ဆင်ဆာဖြတ်တောက်မှု ပြုလုပ်သွားမည်ဟု ထိုင်းစစ်တပ်က အမိန့်ထုတ်ပြန်ခဲ့သည်။
ထိုင်းနိုင်ငံတွင် ယင်းလပ်အစိုးရနှင့် အတိုက်အခံ ဆန္ဒပြသူများအကြား ခြောက်လတာခန့် တင်းမာခဲ့ကြပြီးနောက် စစ်အုပ်ချုပ်ရေး ဥပဒေ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။
ထိုင်းစစ်တပ်က စစ်အုပ်ချုပ်ရေး ဥပဒေကို ထုတ်ပြန် ကြေညာခဲ့ပြီးနောက် ဘန်ကောက်ရှိ အစိုးရ ဆန့်ကျင် ဆန္ဒပြသူများ လပေါင်းများစွာ ပိတ်ဆို့ ဆန္ဒပြခဲ့ကြသော ထိုင်းအစိုးရ အဆောက်အအုံများကို ပြန်လည် သိမ်းယူလိုက်ပြီ ဖြစ်သည်။
ထိုင်းနိုင်ငံတွင် စစ်အုပ်ချုပ်ရေး ဥပဒေကို ကြေညာလိုက်ပြီးနောက် ယခင် ပိတ်ဆို့ထားသော အစိုးရ အဆောက်အုံ ဧရိယာကို ထိုင်းစစ်တပ် လက်သို့ ပြန်လည် အပ်နှံရန် အစိုးရ အတိုက်အခံ ဆန္ဒပြ ခေါင်းဆောင် ဆူထက်သောင်ဆူဘန်က ဆုံးဖြတ်ခဲ့ပြီး၊ အဆိုပါ ဧရိယာကို ကြီးကြပ်ရသည့် ဗိုလ်မှူးကြီး ဆွန်ဘတ်သန်ယာဝန်ကို ဆူထက်က အမှတ်တရ ပန်းစည်း လက်ဆောင် ပေးခဲ့သည်။
ယခုကဲ့သို့ စစ်အုပ်ချုပ်ရေး ဥပဒေ ပြဋ္ဌာန်းအုပ်ချုပ်ခြင်းတွင် ထိုင်းစစ်တပ်အနေနှင့် ယာယီအစိုးရကို ဆွေးနွေး တိုင်ပင်ခဲ့ခြင်း မရှိကြောင်း ထိုင်းယာယီ ဝန်ကြီးချုပ်၏ လုံခြုံရေးဆိုင်ရာ အကြံပေး အကြီးအကဲက ပြောကြားသည်။
“အမျိုးသား လုံခြုံရေးကိစ္စကလွဲလို့ အားလုံးက ပုံမှန်အတိုင်းပါပဲ” ဟု ၎င်းကပြောကြားသည်။
ထို့အတူ စစ်အုပ်ချုပ်ရေးဥပဒေ ပြဋ္ဌာန်းခြင်းသည် အိမ်စောင့်အစိုးရကို ထိခိုက်မည် မဟုတ်ကြောင်း ထိုင်းစစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။
ယင်းလပ်အစိုးရ ဆန့်ကျင်သူများက ယာယီ အစိုးရအဖွဲ့ကို ရာထူးမှ နုတ်ထွက်ပေးရန် ဖိအားပေး တောင်းဆို နေသော်လည်း ၎င်းတို့ အစိုးရအဖွဲ့မှ နုတ်ထွက်ပေးမည် မဟုတ်ကြောင်း တနင်္လာနေ့က ထိုင်းယာယီ ဝန်ကြီးချုပ် နီဝတ်သန်ရောင် ဘွန်ဆောင်ဖိုင်ဆန်က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် ၂၀၀၆ ခုနှစ်၌ ထိုင်းဝန်ကြီးချုပ် သက်ဆင်ကို စစ်အာဏာသိမ်း ဖယ်ရှားခဲ့သည့် အချိန်မှစ၍ နိုင်ငံရေး အကျပ်အတည်းများနှင့် ဆက်တိုက် ကြုံတွေ့ခဲ့ရသည်။
နောက်ဆုံးနိုင်ငံရေး အကျပ်အတည်းအဖြစ် ယမန်နှစ် ဒီဇင်ဘာလက စတင်၍ ယင်းလပ်အစိုးရကို ဆန့်ကျင်သော ဆန္ဒပြသူများက ဘန်ကောက် မြို့တော်တွင် ပိတ်ဆို့ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်မှစ၍ ခြောက်လခန့် အကြာတွင် ယင်းလပ်ကို ဝန်ကြီးချုပ်အဖြစ်မှ ဖယ်ရှား နိုင်ခဲ့သည်။
ထို့နောက် ယင်းလပ်၏ ဖေ့အ်ထိုင်းပါတီမှလူများ ယာယီဝန်ကြီးချုပ် ရယူထားခြင်းကို အဆုံးသတ်ရန် အတိုက်အခံများက ဆန္ဒပြ တောင်းဆိုခဲ့သကဲ့သို့ ယင်းလပ်ထောက်ခံသူ ရှပ်နီများကလည်း ရွေးကောက်ခံ မဟုတ်သူများဖြင့် အစိုးရဖွဲ့ခြင်းကို ကန့်ကွက် ဆန္ဒပြလျက်ရှိသည်။
ယင်းကဲ့သို့ ယင်းလပ်ဆန့်ကျင်သူနှင့် ထောက်ခဲ့သူတို့၏ ဆန္ဒပြ တောင်းဆိုမှုများတွင် ထိုင်းစစ်တပ်က ဘေးထွက်နေသော်လည်း လွန်ခဲ့သော သီတင်းပတ်က ထုတ်လွှင့်သော ရုပ်မြင်သံကြား ကြေညာချက်တွင် အစိုးရ ဆန့်ကျင်သူနှင့် ထောက်ခံသူများအကြား ပဋိပက္ခ ဖြစ်ပွားပါက အင်အားသုံးမည်ဟု ထိုင်းစစ်တပ် အကြီးအကဲက ကြေညာခဲ့သည်။
from The Voice Weekly's Facebook Wall http://ift.tt/1knsYVa
Comments
Post a Comment