Skip to main content

ပြည်သူဗဟိုပြု အာဆီယံအသိုက်အမြုံ ပေါ်ထွက်လာရေးအတွက် စိန်ခေါ်မှုများစွာ ရှိနေကြောင်း...



ပြည်သူဗဟိုပြု အာဆီယံအသိုက်အမြုံ ပေါ်ထွက်လာရေးအတွက် စိန်ခေါ်မှုများစွာ ရှိနေကြောင်း သမ္မတဦးသိန်းစိန် (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး အဖွင့်မိန့်ခွန်း၌ ပြောကြား



ပြည်သူ့ဗဟိုပြု အာဆီယံအသိုက်အမြုံ ပေါ်ထွက်လာရေးအတွက် စိန်ခေါ်မှုများစွာ ရှိနေကြောင်း သမ္မတဦးသိန်းစိန်က မေ ၁၁ ရက် နံနက်ပိုင်းတွင် ပြုလုပ်သည့် (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး အဖွင့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။



“မိမိတို့ ဆက်လက်ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေဟာ ကြီးလေးပြီး စိန်ခေါ်မှုများစွာရှိမှာ ဖြစ်ပါတယ်။ စည်းလုံးခြင်းဟာ အင်အားဆိုတဲ့ ဆိုရိုးအတိုင်း အခက်အခဲများ မည်သို့ပင်ရှိပါစေ အာဆီယံရဲ့ စည်းလုံးမှုအင်အားနဲ့ ကျော်လွှားနိုင်မယ်လို့ အပြည့်အ၀ ယုံကြည်ပါတယ်” ဟု သမ္မတဦးသိန်းစိန်က ပြောကြားသည်။



၂၀၁၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို မြန်မာနိုင်ငံက ရရှိခဲ့ပြီးနောက် ပထမဆုံးပြုလုပ်သည့် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအတွက် ဖွင့်ပွဲကို မေ ၁၁ နံနက်ပိုင်းက နေပြည်တော်ရှိ MICC ၌ပြုလုပ်ခဲ့ပြီး သမ္မတဦးသိန်းစိန်က အာဆီယံဥက္ကဋ္ဌအနေဖြင့် အဖွင့်မိန့်ခွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။



ကြီးလေးသော စိန်ခေါ်မှုများစွာ ရှိနေသည့်တိုင် ကျန်အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးတိုင်ပင်ပြီး ငြိမ်းချမ်းသာယာဝပြောသည့် ပြည်သူ့ဗဟိုပြု အာဆီယံအသိုက်အမြုံ ပေါ်ထွန်းလာရေးကို ကြိုးပမ်းသွားရန် ရှေ့ရှုမည်ဟု ဦးသိန်းစိန်က ပြောကြားသည်။



“လာမယ့် တစ်နှစ်ခွဲခန့် ကာလအတွင်းမှာ အာဆီယံ အသိုက်အ၀န်းကြီးရယ်လို့ ပေါ်ပေါက်လာတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် အာဆီယံ အသိုက်အ၀န်း ပေါ်ထွန်းလာရေးအတွက် ဆောင်ရွက်ဖို့ လိုအပ်ချက်တွေ အားလုံးကို အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ဖို့ ယနေ့အချိန်ဟာ အရေးကြီးတဲ့အချိန်ပဲ ဖြစ်ပါတယ်” ဟု ဦးသိန်းစိန်က ဆိုသည်။



ထို့ပြင် လက်ရှိအချိန်အထိ အာဆီယံအဖွဲ့အတွင်း မပြီးပြတ်သေးသော ကိစ္စများနှင့် အားနည်းချက်များကိုလည်း သမ္မတဦးသိန်းစိန်က ထောက်ပြခဲ့သည်။



အာဆီယံအဖွဲ့အတွင်း လက်ရှိအချိန်အထိ မပြီးပြတ်ပဲ ဆက်လက်ဆောင်ရွက်နေရဆဲ ကိစ္စရပ်များမှာ ဒေသတွင်း ကောင်းမွန်သည့် စီမံခန့်ခွဲမှုစနစ်များဖြစ်ပေါ်အောင် မြှင့်တင်ဆောင်ရွက်ရေး၊ ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည့် သဘောတူစာချုပ် အပြီးသတ်ရေးဆွဲရေး၊ အာဆီယံ ဆက်သွယ်ပေါင်းစည်းရေး မဟာစီမံချက်ကို အကောင်အထည်ဖော်ရေးတို့ ဖြစ်သည်။



ထို့အတူ အာဆီယံဒေသတွင်း ကုန်ထုတ်စွမ်းအား၊ ယှဉ်ပြိုင်နိုင်စွမ်း၊ တီထွင်မှုများမြှင့်တင်ခြင်း၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးနှင့် အခြားသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စများအတွက် ဖွံ့ဖြိုးရေးရံပုံငွေထူ ထောင်ရေးမှာလည်း မပြီးပြတ်သေးသော ကိစ္စအဖြစ် ရှိနေသည်။



အာဆီယံဒေသတွင်း အလုပ်အကိုင်ဖန်တီးမှု မူဝါဒပိုင်း ပူးပေါင်းညှိနှိုင်းနိုင်မည့် တိကျသော လုပ်ငန်းများကိုလည်း လုပ်ဆောင်နိုင်ခြင်း မရှိသေးဘဲ ရာသီဥတု ပြောင်းလဲခြင်းနှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ပါက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပေးရန် ထူထောင်ထားသည့် AHA ဌာနမှာလည်း ထိရောက်သော တုံ့ပြန်ဆောင်ရွက်နိုင်စွမ်း မရှိသေးကြောင်း သိရသည်။



သမ္မတဦးသိန်းစိန်က ဖိလစ်ပိုင်နိုင်ငံတွင် မတ်လအတွင်း လက်မှတ်ရေးထိုးနိုင်ခဲ့သည့် ဘန်ဆာမိုရို ငြိမ်းချမ်းရေးသဘောတူညီချက်သည် အပြုသဘောဖြစ်ပေါ်သည့် အောင်မြင်မှုဟု ရှုမြင်ခဲ့သည်။



“ဒီအောင်မြင်မှုကို ဖော်ဆောင်နိုင်ရေးအတွက် ပါဝင်ခဲ့ကြတဲ့ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ အခြားအာဆီယံ အဖွဲ့ဝင်တွေကို ချီးကျူးကြောင်း ပြောကြားလိုပါတယ်” ဟု သမ္မတက ဆိုသည်။



ဖိလစ်ပိုင်နိုင်ငံ မင်ဒါနာအိုဒေသ ငြိမ်းချမ်းရေး အဓွန့်ရှည်ကြာစေရေးအတွက် အာဆီယံနိုင်ငံများ အားလုံးနှင့်အတူ ထောက်ခံသွားမည်ဟု ၎င်းကဆက်လက်ပြောကြားသည်။



“ကိုရီးယားကျွန်းစွယ် အရေးကိစ္စ၊ အရှေ့အလယ်ပိုင်းကိစ္စ၊ အရှေ့ဥရောပဒေသ ကိစ္စတို့ကိုလည်း အာဆီယံအနေနဲ့ စိတ်ဝင်စားစွာ စောင့်ကြည့်လေ့လာနေပါတယ်” ဟုသမ္မတဦးသိန်းစိန်က ပြောကြားသည်။



သို့သော် အာဆီယံနိုင်ငံအချို့နှင့် တရုတ်နိုင်ငံတို့အကြား ဖြစ်ပွားနေသည့် တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်သည့် မှတ်ချက်တစ်စုံရာကို သမ္မတက ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။



မေ ၁၀ ရက်ကပြုလုပ်သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုဖြစ်လာခြင်းအပေါ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အစည်းအဝေးအပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။



အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ကြေညာချက်၌ တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပေါ်နေသည့် တင်းမာမှုအား စိုးရိမ်ကြောင်း ဖော်ပြခဲ့ပြီး နိုင်ငံတကာ တရားဥပဒေ ပြဋ္ဌာန်းချက်များအတိုင်း ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ပြဿနာများကို ဖြေရှင်းရန် သက်ဆိုင်သူများအား တိုက်တွန်းခဲ့သည်။



တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုသည် တရုတ်နိုင်ငံနှင့် ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ကာလရှည်ကြာ ပေါ်ပေါက်နေခြင်းဖြစ်သည်။



အာဆီယံထိပ်သီးဆွေးနွေးပွဲ မစတင်မီအချိန်က တောင်တရုတ်ပင်လယ်အတွင်း ၎င်းတို့ရေပိုင်နက်ဟု သတ်မှတ်ထားသည့် နယ်မြေအတွင်း တရုတ်နိုင်ငံဘက်မှ ၀င်ရောက်လာသဖြင့် တရုတ်၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့အကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။



အာဆီယံအနေဖြင့် တောင်တရုတ်ပင်လယ် ရေပိုင်နက်အငြင်းပွားမှုကို ဖြေရှင်းရန် သက်ဆိုင်သူများအတွက် ကျင့်ဝတ်လုပ်ထုံးလုပ်နည်း (COC) ပေါ်ပေါက်လာရေးကို အဖြေတစ်ခုအနေဖြင့် မျှော်မှန်းထားသည်။



သို့ရာတွင် ကမ္ဘောဒီးယားနှင့် ဘရူနိုင်းနိုင်ငံတို့က အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူထားချိန်၌ COC အပြီးသတ်ရေးဆွဲမှုမှာ အကောင်အထည်ပေါ်လာခြင်း မရှိခဲ့သဖြင့် မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူချိန်တွင် အပြီးသတ်နိုင်ရန် အာဆီယံနိုင်ငံအချို့က မျှော်လင့်ခဲ့သည်။



“COC ကိစ္စကတော့ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ဆိုတဲ့ ဟာလေးတော့ ကျွန်တော်တို့ ဆွေးနွေးနေတယ်” ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မေ ၁၀ ရက်တွင် Weekly Eleven သို့ ပြောကြားသည်။



အခြားတစ်ဖက်တွင် မြန်မာနိုင်ငံမှာ တရုတ်နှင့်ရင်းနှီးသော ဆက်ဆံရေးရှိနေသဖြင့် COC ကို အပြီးသတ်ရေးဆွဲရာ၌ တရုတ်အလိုကျ ဖြစ်နေမည်ကို စိုးရိမ်မှုများလည်း ရှိနေခဲ့သည်။



“ကျွန်တော်တို့ကတော့ (COC ကိစ္စရပ်အား) ပြီးပြတ်အောင် ရည်ရွယ်ပြီးတော့ ဆောင်ရွက်မှာပေါ့။ ဒါပေမဲ့ ဒါက နိုင်ငံအများကြီး ပါတာလေ။ နှစ်နိုင်ငံတည်းပါတာ မဟုတ်ဘူး။ နိုင်ငံတွေအများကြီးပါတာ ဖြစ်တယ်ဆိုတဲ့အတွက် အချိန်တော့ယူရမယ်။ သို့သော် အရေးကြီးတာက ၂၀၀၂ ခုနှစ်မှာ လုပ်ထားတာက၊ အခြေခံသဘောတူညီချက်က ဒီတောင်တရုတ်ပင်လယ် အငြင်းပွားမှုအားလုံးကို ငြိမ်းချမ်းစွာ ဖြေရှင်းမယ်။ စေ့စပ်ဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းမယ်။ ဒီအခြေခံမူကနေ ကျွန်တော်တို့ လုပ်သွားမှာပါ။ ဒါပေမဲ့ ဘယ်ကိစ္စမဆို အချိန်တော့ ယူရမှာပဲ။ ဒီတစ်နှစ်အတွင်းမှာတော့ ပြတ်ချင်မှပြတ်မှာပေါ့။ သို့သော် ရှေ့ကိုတော့ အတော်ရွေ့နိုင်အောင် ကျွန်တော်တို့ ကြိုးစားနေတယ်” ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူဖြစ်ပြီး မြန်မာနိုင်ငံ၏ အာဆီယံရေးရာ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က Weekly Eleven သို့ ပြောကြားသည်။



တောင်တရုတ်ပင်လယ် အရေးအတွက် ယခုရက်ပိုင်းအတွင်း တရုတ်နှင့် ဗီယက်နမ်တို့အကြား တင်းမာမှု ပိုများနေချိန်တွင် မေ ၁၀ ရက်တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးက သီးခြားတွေ့ဆုံခဲ့သည်။ ထို့အတူ မေ ၁၁ ရက်တွင် သမ္မတဦးသိန်းစိန်အား ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်တန်ဇွန်းက တွေ့ဆုံခဲ့သည်။



ယင်းတွေ့ဆုံမှုများသည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု မြှင့်တင်နိုင်ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ်လုပ်ငန်းနှင့် စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန်၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးဆိုင်ရာ အခြေအနေများအပေါ် အမြင်ဖလှယ်ခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး တောင်တရုတ်ပင်လယ် တင်းမာမှုအတွက် တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။



မေ ၁၁ ရက်က ပြောကြားသည့် သမ္မတဦးသိန်းစိန်၏ အာဆီယံထိပ်သီး အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ရာသီဥတုပြောင်းလဲမှုကိစ္စ၊ သဘာဝဘေး စီမံရေးကိစ္စ၊ သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ဒေသအတွက် အရေးပါသည့် အခြားကိစ္စများကို စုပေါင်းဖြေရှင်းကြမည်ဟု ပြောကြားခဲ့သည်။



(၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးဖွင့်ပွဲတွင် သမ္မတဦးသိန်းစိန် ပြောကြားခဲ့သော မိန့်ခွန်းမှာ ယေဘုယျဆန်ပြီး တိကျမှုမရှိကြောင်း ဂျပန်နိုင်ငံမှာ အာကာဟတ နေ့စဉ်သတင်းစာမှ သတင်းထောက် မစ္စတာမက်ဆုမိုတိုက ဝေဖန်ပြောကြားခဲ့သည်။



“သမ္မတမိန့်ခွန်းက အရမ်းယေဘုယျ ဆန်လွန်းတယ်။ တိတိကျကျ ပြောဆိုတာမျိုးတွေ မရှိဘူး။ တချို့နေရာတွေမှာတော့ ဒီထက်ပိုပြီး တိတိကျကျ ပြောဆိုသင့်တယ် ထင်ပါတယ်။ ဒါပေမဲ့ အာဆီယံအဖွဲ့က အမြဲတမ်း ဒီလိုမျိုး ယေဘုယျဆန်တဲ့ ကြေညာချက်တွေပဲ ထုတ်လေ့ရှိတာဆိုတော့ သမ္မတဦးသိန်းစိန်ရဲ့မိန့်ခွန်း ပျင်းစရာကောင်းတာ သိပ်တော့မဆန်းပါဘူး။ ဒါက အာဆီယံနည်းလမ်းပဲလေ” ဟု မစ္စတာမက်ဆုမိုတိုက ပြောကြားခဲ့ပါသည်။



မေ ၁၁ ရက်ကပြုလုပ်သည့် (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် သမ္မတဦးသိန်းစိန်နှင့်အတူ အာဆီယံဒေသတွင်း ခေါင်းဆောင်များအား တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်ဝင်းရှိန်)







from Eleven Media Group's Facebook Wall http://ift.tt/RF3Sqr

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3