ကလေးသူငယ်ဆိုင်ရာ သံတမန်အဖြစ် နန်းခင်ဇေယျာနှင့် စောဖိုးခွားတို့ကို ခန့်အပ်မည်
ရန်ကုန်၊ မေ ၉
မြန်မာနိုင်ငံတွင်းရှိ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ပိုမိုတိုးချဲ့ လုပ်ဆောင်နိုင်ရန် အတွက် အလှမယ် နန်းခင်ဇေယျာနှင့် ရက်ဂေး တေးသံရှင် စောဖိုးခွားတို့ကို ကလေးသူငယ်များဆိုင်ရာ သံတမန်အဖြစ် ခန့်အပ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ စီမံကိန်း ဒါရိုက်တာ ဦးအာကာက ပြောကြားသည်။
၎င်းတို့ နှစ်ဦးသည် ကလေးသူငယ်များနှင့် သက်ဆိုင်သည့် လှုပ်ရှားမှုတိုင်းတွင် ပါဝင် ကူညီလေ့ ရှိပြီး တေးသံရှင် စောဖိုးခွားသည် ကလေးသူငယ်များနှင့် ငြိမ်းချမ်းရေးဆိုင်ရာ သီချင်းများကို ရေးဖွဲ့ သီဆိုနေသောကြောင့် ယင်းသို့ ခန့်အပ်ရခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
ယခုကဲ့သို့ သံတမန်နှစ်ဦး ခန့်အပ်ရခြင်းမှာ ကလေးသူငယ်များ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ အခွင့်အရေးများ ဖြစ်သည့် ကျန်းမာရေး၊ ပညာရေး၊ ကာကွယ် စောင့်ရှောက်ရေး၊ ဘဝဖွံ့ဖြိုး တိုးတက်ရေးများကို ပိုမိုထိရောက် ကျယ်ပြန်စွာ လုပ်ဆောင်နိုင်ရေးအတွက် ဖြစ်ကြောင်း ဦးအာကာက ရှင်းပြသည်။
“သူတို့ကို ၂၀၁၄ ခုနစ် မေလ ၁၀ ရက်နေ့ကနေ ၂၀၁၅ ခုနစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ သံတမန်အဖြစ် ခန့်အပ်သွားမှာပါ” ဟု မြန်မာနိုင်ငံ ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ စီမံကိန်း ဒါရိုက်တာက ပြောကြားသည်။
အဆိုပါ သံတမန်အဖြစ် ခန့်အပ်ပွဲကို မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) တွင် မေလ ၁၀ ရက်နေ့၌ ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်ထံမှ သိရသည်။
from The Voice Weekly's Facebook Wall http://ift.tt/1jbAj5v
Comments
Post a Comment