မင်းရဲကျော်စွာ ယာဉ်ရပ်နားစခန်း မေလကုန် ပြောင်းရွှေ့ရမည်ဟုဆို
ရန်ကုန်၊ မေ ၂၃
ရန်ကုန်မြို့တော် လမ်းမတော်မြို့နယ်ရှိ မင်းရဲကျော်စွာ ယာဉ်ရပ်နားစခန်း (ယာယီ) ကို မေလကုန်တွင် လှိုင်မြို့နယ် ၁၃ ရပ်ကွက်သို့ ပြောင်းရွှေ့ရမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာန ဌာနမှူး ဦးကျော်မင်းက ပြောကြားသည်။
“ဒီမြေက အစိုးရပိုင် မြေဖြစ်တဲ့အတွက် ဆေးရုံ ဆောက်ချင်လည်း ဆောက်မှာပါ။ ဘာလုပ်မယ် ဆိုတာတော့ မသိသေးဘူး။ မေလကုန်လောက်တော့ ပြောင်းရွှေ့ခိုင်းဖွယ် ရှိပါတယ်။ အတိအကျတော့ ပြောလို့ မရသေးဘူး” ဟု ဦးကျော်မင်းက ဆိုသည်။
ပြောင်းရွှေ့ရမည် ဆိုပါက မိုးရာသီ ဖြစ်သည့်အတွက် အခက်အခဲ ဖြစ်နိုင်၍ မိုးရာသီပြီးမှ ပြောင်းရွှေ့ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံသို့ တောင်းဆိုထားကြောင်း မင်းရဲကျော်စွာ ယာဉ်ရပ်နားစခန်း (ယာဉ်ရောင်းဝယ်ရေး စခန်း) အတွင်းရှိ မော်တော်ယာဉ် ဝယ်ရောင်းများက ပြောဆိုသည်။
“ဘာတာ မီးလောင်ပြင် နေရာကို ပြောင်းရွှေ့ရမယ်လို့ ကြားတယ်” ဟု မော်တော်ယာဉ် ဝယ်ရောင်း ဦးအေးကျော်က ဆိုသည်။
ယာဉ်ရပ်နားစခန်း ပြောင်းရွှေ့မည် ဆိုသည့် လှိုင်မြို့နယ် ၁၃ ရပ်ကွက်ရှိ မြေနေရာသို့ ဝင်ရောက်ရာ လမ်းမှာ ကျဉ်းမြောင်းသည့်အတွက် မသင့်လျော်ဘဲ လမ်းလည်း ပြုပြင်ရခြင်း မရှိသေးကြောင်း ၁၃ ရပ်ကွက်အတွင်း နေထိုင်သူ ဦးစစ်ငြိမ်းက ပြောကြားသည်။
“အဲဒီနေရာကို အားကစားကွင်း လုပ်မယ်လို့ ပြောတယ်။ အခုတော့ ယာဉ်ရပ်နားစခန်း ဖြစ်သွားပြန်တယ်။ ကျွန်တော်တို့ ရပ်ကွက် ကားအဝင်အထွက် လမ်းက ကျဉ်းပါတယ်။ အဲဒါကြောင့် ကားကြီးတွေနဲ့ လမ်းထိပ်က ဆိုက်ကားဆရာတွေနဲ့ အမြဲတမ်းလိုလို စကားများ ရန်ဖြစ်ရပါတယ်” ဟု ၎င်းကဆိုသည်။
from The Voice Weekly's Facebook Wall http://ift.tt/1oqNmWd
Comments
Post a Comment