Skip to main content

မုတ်သုံ ၀င်ပြီလား . . . ဧပြီလဆန်းခန့်မှစ၍ မြန်မာနိုင်ငံအထက်ပိုင်း ဒေသများတွင်...



မုတ်သုံ ၀င်ပြီလား . . .



ဧပြီလဆန်းခန့်မှစ၍ မြန်မာနိုင်ငံအထက်ပိုင်း ဒေသများတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း လေဆင်နှာမောင်း တိုက်ခတ်ခြင်းနှင့် နေရာကွက်ကြား မိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့သည်။ မုတ်သုံဝင်ခါနီး ရာသီဖြစ်သော မေလဆန်းပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် မိုးကြိုမိုးရွာသွန်းမှု စတင်ခဲ့သည်။ မိုးကြိုကာလအတွင်း ထိုကဲ့သို့ လေပြင်းတိုက်ခတ်ခြင်း၊ မိုးရွာသွန်းခြင်းများသည် အနောက်လေပွေလှိုင်းများနှင့် မိုးတိမ်တောင်များကြောင့် ဖြစ်သည်။



မုတ်သုံကို မျှော်လေပြီ



အနောက်တောင် မုတ်သုံလေသည် ဇွန်လပထမ ၁၀ ရက်အတွင်း မြန်မာတစ်နိုင်ငံလုံးကို ၀င်ရောက်နိုင်ဖွယ်ရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းခဲ့သည်။ ထို့ပြင် မိုးလေ၀သ ပညာရှင်များက မုန်တိုင်းငယ်များနှင့်အတူ မြန်မာနိုင်ငံအတွင်းသို့ မုတ်သုံလေ၀င်ရောက်ရန် ခန့်မှန်းမှုများ ရှိနေခဲ့သည်။



“မုတ်သုံကာလကို ၁၄၄ ရက် သတ်မှတ်ထားတယ်။ အခုနောက်ပိုင်းမှာ မုတ်သုံဝင်တဲ့ရက်တွေက နောက်ကျလာပြီး ထွက်တဲ့ရက်တွေ စောလာတဲ့အတွက် ရက်ပေါင်း ၃၀ လောက် မုတ်သုံကာလ တိုတောင်းသွားတယ်။ ၂၀၁၁ ကနေ ၂၀၁၃ အထိကို ပြန်ကြည့်လိုက်ရင် မုတ်သုံအ၀င်က မေနဲ့ဇွန် ပထမပတ်လောက်ဆိုရင် တစ်နိုင်ငံလုံးကို ၀င်သွားတာတွေ့ရတယ်။ နောက် မုတ်သုံထွက်တဲ့ အချိန်တွေကလည်း အောက်တိုဘာလောက်မှာ ထွက်တာတွေ တွေ့ရတယ်။ မုတ်သုံရက်တွေက ပုံမှန်ထက် တိုတောင်းနိုင်ပေမယ့် ရက်ပေါင်း ၃၀ ပတ်ဝန်းကျင်ကနေ ရက်ပေါင်း ၂၀ လောက်အထိပဲ လျော့ကျနိုင်တယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးက ပြောကြားသည်။



အနောက်တောင်မုတ်သုံလေ ၀င်ရောက်မည်ဆိုသော်လည်း ယခုနှစ်အတွင်း အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းချက်များလည်း ပညာရှင်များက ခန့်မှန်းနေကြပြီး တောင်သူများ အားထားရသည့် အနောက်တောင်မုတ်သုံမိုး ရွာသွန်းရက်များမှာလည်း လျော့ကျမှုများ ရှိသည်ဟု ပညာရှင်များက သုံးသပ်ပြောကြားသည်။



အယ်လ်နီညိုနှင့် မုတ်သုံအခြေနေ



၂၀၁၄ သည် အယ်လ်နီညိုဖြစ်ပွားရန် ရာခိုင်နှုန်း ၆၀ ခန့် သေချာနေပြီး ပူပြင်းခြောက်သွေ့သည့် နှစ်တစ်နှစ်ဖြစ်ပွားကာ မုတ်သုံမိုးရွာ သွန်းရက်များ လျော့နည်းသွားနိုင်သည်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်နေသည်။



ထို့ပြင် ယခုနှစ်အတွင်း အပူချိန်မြင့်တက်မှုသည် အအေးပိုင်းဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် စံချိန်တင် အပူချိန်မြင့်တက်မှုများရှိခဲ့ပြီး ယင်းကဲ့သို့ အပူချိန်မြင့်တက်မှုများက မုတ်သုံမိုးရွာသွန်းမှု လျော့ကျနိုင်သည့် အချက်ထဲတွင် ပါဝင်ကြောင်း သိရသည်။



“ကချင်ပြည်နယ် စစ်ကိုင်းတိုင်းအထက်ပိုင်းတို့မှာ အပူချိန်တွေ အရမ်းမြင့်တက်ခဲ့တယ်။ အေးရမယ့် နေရာတွေက အပူချိန်မြင့်တာက မုတ်သုံအတွက် အခြေအနေ မကောင်းဘူး။ ပြီးတော့ ဒီနှစ်က အယ်လ်နီညိုဖြစ်မယ့်နှစ်။ အယ်လ်နီညိုဖြစ်ဖို့က ရာခိုင်နှုန်း ၆၀ သေချာနေပြီ။ ဘယ်တော့သိမလဲဆိုတော့ ဇွန်လလောက်မှာသိပြီ။ အဲဒီလိုဖြစ်ပြီဆိုရင် မုတ်သုံမိုးက ၁၀ ရာခိုင်နှုန်းလျော့မယ်။ တစ်နေရာချင်းကြည့်ရင် ၃၀၊ ၄၀ အထိလျော့တဲ့ နေရာတွေလည်း ရှိမယ်။ အပူချိန်အနေနဲ့ ကြည့်မယ်ဆိုရင် ပုံမှန်ထက်ပူဖို့ ၆၆ ရာခိုင်နှုန်း သေချာတယ်။ အယ်လ်နီညိုဖြစ်ရင် ၁၂ လကြာတယ်။ အားအရမ်းကောင်းရင် ဒီထက်ကြာတယ်။ ရှေ့ခြောက်လ နောက်ခြောက်လဆိုတော့ နှစ်နှစ်ဖြစ်မယ်။ ဒီနှစ်ပိုပူဖို့ ၆၆ ရာခိုင်နှုန်းဆိုရင် နောက်နှစ်က ၈၅ ရာခိုင်နှုန်းအထိ ဖြစ်ဖို့ရှိတယ်။ ပူရင်လူ သေတာက ပိုများလာမယ်။ မိုးရေချိန်က လျှော့ဖို့ ဒီနှစ်မှာ ၆၆ ရာခိုင်နှုန်း ရှေ့နှစ်မှာ ၈၅ ရာခိုင်နှုန်းရှိတယ်။ အဲဒီတော့ ပူပြင်းပြီးတော့ ခြောက်သွေ့မယ်။ သောက်သုံးရေရှားမယ်။ စိုက်ပျိုးရေရှားမယ်” ဟု မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။



ရေရှားတဲ့ ပြဿနာ



ထို့ပြင် ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုများကြောင့် ဒေသအချို့တွင် အပူချိန်အနည်းငယ် ကျဆင်းသွားသော်လည်း မိုးရွာသွန်းမှုမရှိသော နေရာများတွင် ပုံမှန်အပူချိန်အတိုင်းသာ ဆက်လက်တည်ရှိနေပြီး အလယ်ပိုင်းမိုးနည်းရေရှား ဒေသနှင့် အခြားသော ဒေသများတွင် သောက်သုံးရေအပြင် စိုက်ပျိုးရေးအတွက်ပါ ရေရှားပါးမှုကို ကြုံနေရသည်။



အထူးသဖြင့် မုတ်သုံဝင်ရောက်သော်လည်း မုတ်သုံမိုးမရရှိဘဲ မုန်တိုင်းမိုးကိုသာ မျှော်လင့်နေသော မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများသည် သောက်သုံးရေပြတ်လပ်မှုနှင့် ကြုံတွေ့နေရပြီး ပဲနှင့်နှမ်းများ မျိုးချရန်အတွက် မိုးကြိုမိုးကို မျှော်လင့်လျက်ရှိသော အချိန်လည်းဖြစ်သည်။



ရေရှားတဲ့အလယ်ပိုင်း မိုးဘယ်တော့ရွာမှာလဲ



မြန်မာနိုင်ငံ၏ မုန်တိုင်းရာသီသည် မိုးကြိုကာလနှင့် မိုးနှောင်းကာလတို့တွင် ၀င်ရောက်လေ့ရှိပြီး မိုးကြိုကာလတွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပွားသော မုန်တိုင်းများ၏ ၃၃ ရာခိုင်နှုန်းခန့် ၀င်ရောက်ပြီး မိုးနှောင်းကာလတွင် ၂၇ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃၀ ခန့် ၀င်ရောက်လေ့ရှိသည်။



မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသည် သဘာဝ၏ အတားအဆီးများကြောင့် မုတ်သုံမိုးရရှိခြင်းမရှိဘဲ မုန်တိုင်းရာသီများဖြစ်သည့် မိုးကြိုကာလနှင့် မိုးနှောင်းကာလများတွင် ဖြစ်ပွားသော မုန်တိုင်းမိုးများနှင့် အခြားသောနိုင်ငံများသို့ ဖြတ်သန်းဝင်ရောက်ခဲ့သော မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များကြောင့်သာ မိုးရေရှိနေခြင်းဖြစ်သည်။ မုန်တိုင်းကြောင့်ရသော မိုးရေကသာလျှင် အလယ်ပိုင်းဒေသ၏ သောက်သုံးရေလိုအပ်မှုကို ဖြည့်ဆည်းပေးနေသည်ဟု ဆိုနိုင်ပေသည်။



“ပခုက္ကူဘက်မှာ မိုးခေါင်ပြီးတော့ အပူချိန်တွေ အရမ်းမြင့်တယ်။ သောက်ရေကန်တွေ ရေခမ်းကုန်ပြီ။ ရွာတဲ့မိုးကလည်း ရေသိပ်မပါဘူး။ ဒီလလယ်လောက်မှ မိုးထပ်မရွာရင် တစ်သီးလောက် နောက်ကျသွားနိုင်တယ်” ဟု ပခုက္ကူဒေသခံ တောင်သူတစ်ဦးက ပြောကြားသည်။



ယခု မိုးကြိုကာလအတွင်း မုန်တိုင်းငယ်တစ်ခုသည်လည်း မြန်မာနိုင်ငံသို့ ၀င်ရောက်မှုမရှဘဲ လွဲချော်ခဲ့သဖြင့် အလယ်ပိုင်းဒေသများ မိုးရေရရှိရန် လွဲချော်ခဲ့သည်။



မိုးကြိုနှင့် မိုးကြိုလေပြင်းများ



မိုးကြိုကာလတွင် မိုးတိမ်တောင်များကြောင့် ဖြစ်ပွားသော မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခြင်း၊ လေဆင်နှာမောင်းတိုက်ခြင်း၊ လျှပ်တစ်ပြက်မိုးရွာခြင်း အစရှိသည်တို့ကြောင့် ထိခိုက်ပျက်စီးမှုများသည် ယခုနှစ်တွင် နေရာအနှံ့ ဖြစ်ပျက်ခဲ့သည်။



ယခုနှစ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ပေါင်းထောင်ချီခန့် ပျက်စီးဆုံးရှုံးခဲ့သည့်အပြင် မိုးကြိုးပစ်မှုကြောင့် လူငါးဦးထက်မနည်း သေဆုံးခဲ့ရသည်။



“မိုးကြိုကာလမှာ မိုးတိမ်တောင်တွေဖြစ်ပြီး လေပြင်းတိုက်တာတွေ မိုးကြိုးပစ်တာတွေက ဖြစ်တတ်တယ်။ မုတ်သုံဝင်ပြီး နှစ်ပတ်လောက်အထိကို အဲဒီဖြစ်စဉ်တွေက ဆက်ဖြစ်နေမှာ မုတ်သုံထွက်ခါနီးအချိန်မှာ ပြန်ဖြစ်တယ်။ အခုနှစ်ထဲမှာဆိုရင် လေပြင်းတိုက်တာတွေ၊ မိုးကြိုးပစ်တာတွေ၊ လေဆင်နှာမောင်း တိုက်တာတွေက နေရာတော်တော်များများမှာ ဖြစ်တယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောသည်။



နာဂစ်ခြောက်နှစ်ပြည့်နှင့်အတူ



မေ ၂ ရက်သည် မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းဝင်ရောက်မှု ခြောက်နှစ်ပြည့်မြောက်သည့်အချိန်သို့ ရောက်ရှိခဲ့သည့် ကာလလည်း ဖြစ်သည်။ နာဂစ်မုန်တိုင်း သက်ရောက်မှုဒဏ် ခံခဲ့ရသည့် ဧရာဝတီတိုင်း ပြည်သူများသည် မုန်တိုင်းရာသီဖြစ်သည့် မိုးကြိုမိုးနှောင်းကာလများသို့ ရောက်ရှိသည့်အချိန်တိုင်း စိုးရိမ်ထိတ်လန့်မှုများလည်း ရှိနေသည်။ ယခုကဲ့သို့ မိုးကြိုကာလ မုတ်သုံနီးကပ်လာပြီ ဖြစ်သည့်အတွက် လေပြင်းတိုက်ခတ်မှုများနှင့် မိုးရွာသွန်းမှုများ ဖြစ်ပေါ်တိုင်း မုန်တိုင်းဒဏ် သင့်ခဲ့ဖူးသူတိုင်း ထိတ်လန့်စိုးရိမ်မကင်း ဖြစ်နေကြရကြောင်း သိရသည်။



“နာဂစ်ဖြစ်ခဲ့တာ ၂၀၀၈ ခုနှစ် မေ ၂ ရက်က အခုလည်း မိုး/ဇလက မေလမှာ မုန်တိုင်းငယ်တစ်ခု ဖြစ်နိုင်လို့ ခန့်မှန်းထားတော့ ကျွန်မတို့ သတိပြုနေထိုင်ဖို့ လိုပါတယ်။ မုန်တိုင်းဖြစ်နိုင်တယ်လို့ ကြိုတင်ခန့်မှန်းချက်တွေ သိရတော့ တစ်ခုခုဆို ကြိုတင်ပြင်ဆင်လို့ ရတာပေါ့။ ကျွန်မတို့ကတော့ နာဂစ်ကို ကိုယ်တိုင်ကြုံခဲ့သူမို့ မုန်တိုင်းငယ်ဖြစ်ဖြစ် လေဖိအားနည်းရပ်ဝန်းဖြစ်ဖြစ် လေကြမ်းကြမ်း တိုက်လာပြီဆိုကတည်းက သတိထားနေရတာပါ” ဟု ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်မှ ဒေသခံ မမိုးမိုးက ပြောကြားသည်။



၁၉၇၈ ခုနှစ်နောက်ပိုင်းမှစ၍ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းအများဆုံး ဖြစ်ပွားမှုသည် မိုးတွင်းကာလတွင် ဖြစ်ပွားခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် မုန်တိုင်းများသည် မိုးကြိုမိုးလွန် ကာလများတွင် ပိုမိုဖြစ်ပွားမှုကြောင့် မုန်တိုင်းအန္တရာယ် ပိုမိုကြီးထွားလာခြင်းဖြစ်သည်။



ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် အားကောင်းလာကာ မုန်တိုင်းတစ်ခုအဖြစ် အိန္ဒိယနိုင်ငံ တောင်ပိုင်းကို ဖြတ်ကျော်သွားခဲ့ကြောင်းနှင့် ယင်းမုန်တိုင်းငယ်သည် အာရေဗျပင်လယ်အတွင်းသို့ ဦးတည်ရွေ့လျားနေကြောင်း သိရသည်။



မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသည့် ပင်လယ်ပြင်များတွင် မိုးကြိုကာလ မုန်တိုင်းရာသီအတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်မှုသည် ခြေလှမ်းကျဲနေပြီး မုတ်သုံကိုပါ ဆွဲခေါ်လာနိုင်သည့် မုန်တိုင်းငယ် ၀င်ရောက်ခဲ့ခြင်း မရှိသေးသည့်အတွက် ယခုနှစ် အနောက်တောင်မုတ်သုံလေသည် ယခင်နှစ်များနည်းတူ နောက်ကျသွားနိုင်ကြောင်း ခန့်မှန်းတင်ပြလိုက်ပါသည်။



နွေနှင့် မိုးကြိုကာလဆိုင်ရာ အချက်အလက်အချို့



နွေရာသီကာလ - မတ်၊ ဧပြီ၊ မေ



အပူဆုံးကာလ - ဧပြီ



ကြုံတွေ့ရနိုင်သော သက်ရောက်မှုများ - အပူချိန်မြင့်တက်ခြင်း၊ အပူရှိန်ကို မြင့်မားစွာခံစားရခြင်း၊ မိုးနည်းပါးခြင်း၊ သောက်သုံးရေအခက်အခဲ ဖြစ်ပေါ်ခြင်း၊ ကျန်းမာရေးပိုင်းဆိုင်ရာ ဂရုပြုရခြင်း



အပူချိန်အမြင့်ဆုံး ကြုံရသောဒေသ - မြန်မာနိုင်ငံအလယ်ပိုင်းဒေသ



မိုးကြိုကာလ - ဧပြီလလယ်မှ မေလလယ် (အနောက်တောင်မုတ်သုံလေ မ၀င်ရောက်မီ)



ကြုံတွေ့နိုင်သော သက်ရောက်မှုများ - မိုးကြိုမိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းရွာသွန်းခြင်း၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်း စသည့် မိုးတိမ်တောင်များကြောင့် ဖြစ်ပေါ်သော ဖြစ်စဉ်များ (မုန်တိုင်းကို အနောက်တောင်မုတ်သုံလေ မ၀င်ရောက်မီအထိ သတိပြုရသည်)



မိုးကြိုကာလအတွင်း လေဆင်နှာမောင်း၊ လေပြင်းတိုက်မှုနှင့် မိုးကြိုးပစ်မှု ဖြစ်စဉ်အချို့



စဉ် - အကြောင်းအရာ - ဖြစ်ပွားသည့်ဒေသ - ပျက်စီးဆုံးရှုံးမှု



၁။ - လေဆင်နှာမောင်းတိုက်မှု - ဟင်္သာတမြို့ - အိမ်ခြေ ၉၀ ပျက်စီးနှင့် မိုးသီးကြွေ

၂။ - လေပြင်းတိုက်ခတ် - မြင်းခြံမြို့ - လူနေအိမ် ၂၂၅ လုံး ပျက်စီး

၃။ - လေဆင်နှာမောင်း - ညောင်ရွှေမြို့ - လူနေအိမ် ၁၄၀ ခန့် ပျက်စီး

၎။ - လေဆင်နှာမောင်း - ရွှေတောင်မြို့ - လူနေအိမ် ၄၅ လုံး ပျက်စီး

၅။ - လေပြင်းတိုက်ခတ် - သန်လျင်မြို့ - လူနေအိမ် ၂၀၀ ခန့် ပျက်စီး



မေ ၉ ရက်က မြန်မာနိုင်ငံ ဒေသအချို့ရှိ အမြင့်ဆုံး မိုးရေချိန်လက်မများ



စဉ် - မြို့အမည် - မိုးရေချိန်လက်

၁။ - ဘားအံ - ၃ ဒသမ ၈၂ လက်မ

၂။ - မချမ်းဘော - ၂ ဒသမ ၄၈ လက်မ

၃။ - ကျိုက္ခမီ - ၁ ဒသမ ၇၃ လက်မ

၎။ - မော်လမြိုင် - ၁ ဒသမ ၁၈ လက်မ



ရန်ကုန်မြို့တွင်း တစ်နေရာတွင် မေလဆန်းပိုင်းအတွင်းက မိုးရွာပြီးနောက် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေစဉ်







from Eleven Media Group's Facebook Wall http://ift.tt/RF3PuO

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...