Skip to main content

ဒေါ်အောင်ဆန်းစုကြည် မအူပင်၌ ဟောပြောသည့် ဖွဲ့စည်းပုံဆိုင်ရာ လူထုဆန္ဒခံယူပွဲတွင် တက်...



ဒေါ်အောင်ဆန်းစုကြည် မအူပင်၌ ဟောပြောသည့် ဖွဲ့စည်းပုံဆိုင်ရာ လူထုဆန္ဒခံယူပွဲတွင် တက်ရောက်လာသူ အားလုံးနီးပါးက ဖွဲ့စည်းပုံ ပြုပြင်ရန် သဘောထားပေး



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဟောပြောသည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထား ရယူပွဲကို ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့၌ မေ ၁ဝ ရက်က ပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်လာသည့် သောင်းချီသည့် ပြည်သူများက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် သဘောထားပေးခဲ့သည်။



ဧရာဝတီတိုင်းဒေသကြီး ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထားရယူပွဲ အခမ်းအနားသို့ ဧရာတီတိုင်းအတွင်းရှိ ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတ၊ မအူပင်၊ လပွတ္တာ၊ ဓနုဖြူ စသည့် ခရိုင်ခြောက်ခုရှိ မြို့နယ် ၂၆ ခုမှ ပြည်သူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များ တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်တို့က ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စရပ်များကို ဟောပြောဆွေးနွေးခြင်း၊ တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခြင်းတို့ ပြုလုပ်ခဲ့သည်။



ထို့ပြင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန် သို့မဟုတ် အသစ်ရေးဆွဲရန် နှင့်ပတ်သက်၍ တက်ရောက်လာသူများ၏ ဆန္ဒသဘောထားရယူရာတွင် တက်ရောက်လာသူ ၉၉ ရာခိုင်နှုန်းနီးပါးက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် သဘောထားပေးခဲ့ကြသည်။



အဆိုပါဟောပြောပွဲသို့ မူလက ပြည်သူလူထု အင်အားငါးသောင်းကျော် တက်ရောက်မည်ဟု ခန့်မှန်းထားသော်လည်း လက်ရှိတွင် အင်အား ရှစ်သောင်းကျော်အထိ တက်ရောက်ခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက ခန့်မှန်းပြောကြားသည်။



ဒေါ်အောင်ဆန်းစုကြည်က “ဒီနေ့ မအူပင်ကိုလာရတဲ့ အကြောင်းနှစ်ကြောင်း ရှိပါတယ်။ ပထမအကြောင်းကတော့ ၂ဝ၁၂ တုန်းက ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီမှာ မအူပင်ကိုလာမယ်ဆိုပြီး အစီအစဉ် တစ်ခုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အကြောင် ကြောင်းကြောင့်မို့ မရောက်ခဲ့ပါဘူး။ အဲဒီတော့ ဒါအကြွေးဆပ်တဲ့သဘောလည်း ပါ ပါတယ်။ ဒုတိယအကြောင်းကတော့ ကျွန်မတို့ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ ကျွန်မတို့ နိုင်ငံတစ်ဝန်းမှာ ရှင်းလင်းပွဲတွေလုပ်နေတဲ့ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ လာခဲ့တာဖြစ်ပါတယ်” ဟု ပြောကြားသည်။



၂ဝ၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်ယှဉ်ပြိုင်ရခြင်းမှာ ပြည်သူများ၏ ဒီမိုကရေစီအခွင့်အရေးများကို ကျယ်ပြန့်အောင် ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် အမျိုးသားရင်ကြားစေ့ရေးကို ရှင်းပြချင်ကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးဆိုသည်မှာ တပ်မတော်နှင့် ပြည်သူလူထုအကြား ရင်ကြားစေ့ရေးဟု အားလုံးနားလည်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံအား ချေမှုန်းအပြီးတွင် တပ်မတော်နှင့် ပြည်သူအကြားကွာဟမှု များစွာရှိခဲ့ကြောင်း၊ ယင်းကွာဟမှုကို ရင်ကြားစေ့နိုင်ရေးမူကို NLD စတင်ထူထောင်စဉ်အချိန်မှ လက်ရှိအချိန်ထိ တစ်စိုက်မတ်မတ် ဆောင်ရွက်နေကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို အချို့ မှသဘောမတူကြဘဲ မပြင်ဆင်ချင်ကြကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာကြည့်ပါက ဒီမိုကရေစီစံနှုန်းစံထားများနှင့် မကိုက်ညီသည်မှာ ရှင်းလင်းနေကြောင်း၊ ၎င်းတို့အနေဖြင့် တပ်မတော်ကို မမုန်းတီးကြောင်း၊ နိုင်ငံအတွင်း၌ အဖွဲ့အစည်းတစ်ခုကို အထူးအခွင့်အရေးပေးထားပါက နိုင်ငံ၌ ညီညွတ်မှုရရှိမည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောကြားသည်။



“ညီညွတ်မှုဆိုတာ တန်းတူညီမျှမှုအပေါ်မှာ အခြေခံပါတယ်။ ကျွန်မတို့နိုင်ငံဟာ ပြည်ထောင်စုဖြစ်တယ်။ အခု မအူပင်လို မြို့နယ်မှာဆိုရင် ကျွန်မတို့ရဲ့ တိုင်းရင်းသား ဗမာများမဟုတ်တဲ့ တိုင်းရင်းသားတွေ ရှိပါတယ်။ ဗမာတွေဆိုတာလည်း တိုင်းရင်းသားတွေထဲက တစ်စုပါပဲ။ ဒါပေမဲ့ ကျွန်မတို့က အရေအတွက်အားဖြင့် အများဆုံးအစု ဖြစ်နေတယ်။ ဒီလို တိုင်းရင်းသားမျိုးစုံနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုတစ်ခုမှာ တကယ်ပဲ ညီညွတ်မှုရှိဖို့၊ ညီညွတ်မှုရှိမှပဲ ငြိမ်းချမ်း၊ အေးချမ်းမယ်။ ငြိမ်းချမ်းအေးချမ်းဖို့ဆိုရင် တန်းတူညီမျှမှုဆိုတာ အခြေခံလိုအပ်ချက် ဖြစ်ပါတယ်။ ဒီလို တန်းတူညီမျှမှု မရှိအောင်ရေးဆွဲ ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကျွန်မတို့နိုင်ငံကို ငြိမ်းချမ်းရေးပေးနိုင်မှာလားဆိုတာ ကျွန်မတို့ အများကြီး မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။



ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က “နိုင်ငံရေးသိပ္ပံပညာရှင် အရစ္စတိုတယ်က ဘာပြောလဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ အစိုးရအဖွဲ့ကို အာဏာကို အပ်တာမဟုတ်ဘဲ မှန်ကန်၍ တရားမျှတတဲ့ လုပ်ပိုင်ခွင့်တွေကို အပ်နှင်းတာလို့ အဓိပ္ပာယ်ဖွင့်ဆိုထားတာ ရှိတယ်။ ထို့အတူပါပဲ နိုင်ငံရေးသိပ္ပံပညာရှင် ဂရေဟမ်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ အစိုးရရဲ့အာဏာကို ထိန်းချုပ်ပြီးတော့ ပြည်သူလူထုရဲ့နိုင်ငံသားအခွင့်အရေးတွေကို ကာကွယ်ပေးရတဲ့ အခြေခံမူတွေလို့ ဒီလိုဖွင့်ဆိုထားတာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။



၂ဝဝ၈ ဖွဲ့စည်းပုံခြေခံဥပဒေသည် တရားမျှတမှုမရှိဘဲ ဗဟိုဦးစီးမှုစနစ်ဖြင့် ချုပ်ကိုင်ထားသည်မှာ ပေါ်လွင်နေကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တစ်ဦးတည်းအပေါ်တွင် မူတည်နေသည်ကို တွေ့ရကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာနှင့် အုပ်ချုပ်ရေးအာဏာစသည့် အာဏာသုံးရပ်ကို တပ်မတော်မှ ချုပ်ကိုင်ထားသည်ကို တွေ့ရသည့်အတွက် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ပြောင်းလဲရန် လိုအပ်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် က ပြောကြားသည်။



အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ကလည်း “ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၄ မှာ ဘာရေးထားလဲဆိုတော့ နိုင်ငံတော်ရဲ့ အာဏာဟာ နိုင်ငံသားတိုင်းက ဆင်းသက်ပြီးတော့ ပြည်ထောင်စု မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ အာဏာတည်တယ်လို့ ပေးထားပါတယ်။ အဲဒီလိုပေးထားပြီးတော့မှ တကယ်အရေးကြီးတဲ့ အဆုံးအဖြတ်တွေ လုပ်ရမယ့်ကိစ္စမှာ ပြည်သူလူထုရဲ့ ရည်ရွယ်ချက်တွေ ပြည်သူလူထုရဲ့ ဆန္ဒတွေ ဘယ်လောက်ပဲရှိရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ အကုန်လုံးက ဘယ်လောက်ပဲ သဘောတူတူ ဥပမာအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလို အရေးကြီးတဲ့ကိစ္စမျိုးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခေါင်းမညိတ်ရင် အလုပ်မဖြစ်ဘူးလို့ ကန့်သတ်ထားတာဟာ ရှေ့နောက်ကွဲလွဲတာတစ်ခု ဖြစ်ပါတယ်”ဟု ပြောကြားသည်။



ဖွဲ့စည်းပုံအခြေခံဥပဒေသည် တရားမျှတစွာ ပြင်ပြင်လွယ်ကူမှသာ တိုင်းပြည်တွင် ဖြစ်ပေါ်လာသည့် အရေးပေါ်ပြဿနာများကို အချိန်မီဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိအခြေခံဥပဒေသည် ပြင်ဆင်ရန် ခက်ခဲအောင်၊ လုံးဝပြင်လို့မရအောင် ဆောင်ရွက်ထားသည့်အတွက် မြန်မာနိုင်ငံတွင် မည်သည့်အချိန်မှ ညီညွတ်မှု ငြိမ်းချမ်းမှုများ မရနိုင်ဘဲ ပြည်သူများ၏ လိုအပ်ချက်ကို ပီပြင်စွာဆောင်ရွက်နိုင်မည် မဟုတ်ဟုတွေ့မြင်ရကြောင်း ဦးအောင် ကြည်ညွန့်က ပြောကြားသည်။



“ကျွန်တော်တို့မြောင်းမြမြို့နယ်က လာတာပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံကြိုဆိုဖို့ လာတာပါ။ ကျွန်တော်တို့ ပြည်သူတစ်ယောက်အနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကျွန်တော်တို့ ပြည်သူတွေအတွက် ပြန်လည်ပြီးတော့ မပြင်ဆင်လို့ကို မဖြစ်ဘူးလို့ အဲဒီလိုမြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အများစုကျေးလက်နေ ပြည်သူများဟာ တောင်သူလယ်သမားတွေ ဖြစ်တယ်။

ဒီနေ့ လယ်ယာမြေပြဿနာ တွေဖြစ်နေတာ မြန်မာတစ်နိုင်ငံလုံးမှာပါ။ တကယ်လို့သာ ဒီ ၂ဝဝ၈ ဥပဒေဟာ ကျွန်တော်တို့ ပြည်သူတွေအတွက် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေတဲ့ ဥပဒေဆိုလို့ရှိရင် ဒီပြဿနာတွေ ဖြစ်စရာအကြောင်းမရှိဘူး။ ဒါကြောင့် ဒီကနေ့ ဖြစ်နေတဲ့ ပြဿနာတွေအပေါ် အခြေခံပြီးမှ ဒီဥပဒေကိုပြင်ကို ပြင်မှဖြစ်မှာပါ”ဟု ကရင်တိုင်းရင်းသား ဦးမန်းထော်က ပြောကြားသည်။



အဆိုပါပွဲသို့ တက်ရောက်လာသော အသက် ၇ဝ အရွယ် ဦးစိန်ထွန်းက “ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်စွဲ ကိုးကွယ်နေတာ မဟုတ်ဘူး။ အသက်အရွယ်နဲ့ အတွေ့အကြုံအရ သူကလွဲပြီး အားကိုးစရာမရှိဘူးလို့ လက်ခံထားလို့သူ့ကို ထောက်ခံအားပေးတာပါ”ဟု ပြောကြားသည်။



နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့က ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အခြေအနေအချိန်အခါအရ ပြင်ဆင်ရန် လိုအပ်ပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း (၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်းတွင် ပြဌာန်းထားသည့် ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဟု ပြီးခဲ့သည့် မတ်လအတွင်းက ပြောကြားထားခဲ့ထားသည်။



ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရာတွင် ပြင်ဆင်နိုင်ရေးအခက်အခဲဖြစ်စေသည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂)ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းမှ ပုဒ်မ ၄၃၆ ကို ပြုပြင်ပြောင်းလဲနိုင်ရန် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ပူးပေါင်း၍ အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုများ ဆောင်ရွက်လျက် ရှိနေသကဲ့သို့ ပြည်သူများကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ပေးရန် တောင်းဆိုဆန္ဒထုတ်ဖော်မှုများ ဆက်တိုက်ပြုလုပ်နေကြသည်။



(မအူပင်မြို့ တက္ကသိုလ်အနီးရှိ မအူပင်-ဖျာပုံ ကားလမ်းမကြီးဘေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှပြုလုပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထားခံယူပွဲ မြင်ကွင်းအား တွေ့ရစဉ်)







from Eleven Media Group's Facebook Wall http://ift.tt/1j7GWLW

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...