အခြေခံဥပဒေ ပြင်ဆင်ရန် ဧည့်လမ်းညွှန်များ ဆန္ဒထုတ်ဖော်မည်
ရန်ကုန်၊ မေ ၁၆
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ခရီးသွား ဧည့်လမ်းညွှန်များ အပါအဝင် ခရီးသွားလုပ်ငန်း နယ်ပယ်တွင် လုပ်ကိုင်နေသူများ စုပေါင်း၍ မေလ ၃၁ ရက် နံနက် ၉ နာရီမှ ၁၀ နာရီအထိ ရန်ကုန်မြို့တော်၌ ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း ဆန္ဒပြပွဲကို ဦးဆောင်မည့် ဝါရင့် ဧည့်လမ်းညွှန် ဒေါ်ချောချောကြေးမုံက ပြောကြားသည်။
ခရီးသွားလုပ်ငန်း နယ်ပယ်တွင် လုပ်ကိုင်နေသူများမှာ နိုင်ငံရေးသမားများ မဟုတ်ဘဲ ပြည်သူတစ်ဦးတစ်ယောက် အနေဖြင့် အခြေခံဥပဒေကို ပြင်ဆင်ရန် ထောက်ခံသည့် အနေဖြင့် ဆန္ဒထုတ်ဖော်မည် ဖြစ်ပြီး သက်ဆိုင်ရာ ရဲစခန်းထံမှ ခွင့်ပြုမိန့် တောင်းခံသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ဟောပြောတာတွေ၊ ကြွေးကြော် လမ်းလျှောက်တာတွေ လုပ်မှာ မဟုတ်ဘူး။ ကျွန်မတို့ သတ်မှတ်ချက်ကို လက်ခံနိုင်တဲ့ လူဆို ဆန္ဒပြပွဲမှာ ပါဖို့ လက်ခံတယ်။ ကျောက်တံတား ရဲစခန်းမှာ ဒီကိစ္စအတွက် စုံစမ်းတော့ သူတို့က မြို့တော်ခန်းမရှေ့ကို မရဘူး၊ အမေရိကန်သံရုံးရှေ့ လုပ်ဖို့ ပြောတယ်” ဟု ၎င်းကဆိုသည်။
“၂၀၀၈ အခြေခံဥပဒေကို ချက်ချင်းပြင်ဆင်ပါ။ ခရီးသွားလုပ်ငန်းမှ ပြည်သူများ” ဟူသည့် မြန်မာ-အင်္ဂလိပ် နှစ်ဘာသာ စာတန်းပါ တီရှပ်ကို ဝတ်ဆင် ဆန္ဒပြမည် ဖြစ်ကြောင်း၊ မြို့တော်ခန်းမရှေ့တွင် ခွင့်မပြုပါက ကျောက်တံတား ရဲစခန်းမှ ရွေးချယ်ပေးသည့် အမေရိကန် သံရုံးဟောင်းရှေ့၌ ဆန္ဒထုတ်ဖော်ခွင့် အတွက် ခွင့်ပြုချက်တင်မည် ဖြစ်ကြောင်း ယင်းဆန္ဒထုတ်ဖော်မှုကို ဦးဆောင်သူ တစ်ဦးဖြစ်သူ၊ ခရီးသွားလုပ်ငန်းကုမ္ပဏီ အကြီးအကဲဖြစ်သူ ဒေါ်သတိုးသူဇာအောင်၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။
ခရီးသွား ဧည့်လမ်းညွှန်များ အပါအဝင် ခရီးသွားလုပ်ငန်း နယ်ပယ်တွင် လုပ်ကိုင်နေသူများ စုပေါင်း၍ ဆန္ဒထုတ်ဖော်ခြင်းသည် ပထမဆုံးဖြစ်ကြောင်း ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းထံမှ သိရသည်။
from The Voice Weekly's Facebook Wall http://ift.tt/1gQlzcu
Comments
Post a Comment