လိုင်စင်ရ တံဆိပ်ခေါင်းခွန် အရောင်းဆိုင်များ ခွင့်ပြုမည်
ရန်ကုန်၊ မေ ၁၇
ပြည်တွင်းအခွန်များဦးစီးဌာနက ရောင်းချလျက် ရှိသော ရုံးခွန်နှင့် တံဆိပ်ခေါင်းခွန်များကို အလွယ်တကူ ဝယ်ယူနိုင်ရန် လိုင်စင်ရ တံဆိပ်ခေါင်းခွန် အရောင်းဆိုင်များ ဖွင့်ကာ ရောင်းချခွင့် ပြုမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။
လက်ရှိတွင် အဆိုပါ တံဆိပ်ခေါင်းခွန်များကို ဗဟိုတံဆိပ်ခေါင်း အရောင်းကောင်တာ နှစ်ခု၊ တစ်နိုင်ငံလုံးရှိ အခွန်ဦးစီးမှူးရုံး ၂၇၀ ကျော်တွင် ရောင်းချပေးလျက် ရှိပြီး ဝယ်ယူမှု ပိုမိုအဆင်ပြေစေရန် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကာ မြန်မာ့စီးပွားရေး ဘဏ်ခွဲများတွင်လည်း တိုးချဲ့ရောင်းချလျက် ရှိကြောင်း အဆိုပါ ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
“ကျွန်တော်တို့ ကြားရတာက ဌာနက ရောင်းတဲ့ဈေးနဲ့ အပြင်ဈေး ကွာဟမှုတွေ ရှိနေတယ်။ ဒါကလည်း လိုချင်တဲ့ အချိန်မှာ လိုသလို မရလို့ရယ်၊ တချို့ ဈေးဆိုင်တွေက ဒီစာရွက်တွေပေါ်မှာ အိမ်အရောင်းအဝယ် စတာတွေကို ကြိုရိုက်ပြီး ရောင်းတာတွေရယ်ကြောင့်ပါ” ဟု ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဆိုသည်။
ပြည်တွင်းအခွန်များ ဦးစီးဌာနက ရောင်းချသည့် အဆိုပါ တံဆိပ်ခေါင်းခွန်များကို လက်လီ လိုက်လံရောင်းချသူများ ရှိပြီး အများအားဖြင့် ကွန်ပျူတာ စာစီစာရိုက် ဆိုင်များတွင် အများဆုံး တွေ့ရလေ့ရှိကြောင်း တာမွေမြို့နယ်ရှိ ကွန်ပျူတာ စာစီစာရိုက်ဆိုင် တစ်ဆိုင်မှ ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။
“ကျွန်တော်တို့ဆီကို အမြဲလိုလို လာရောင်းတာတွေ ရှိတယ်။ တစ်ခါတလေ တံဆိပ်ခေါင်းခွန် ကျောဘက်မှာ တံဆိပ်တုံး ထုထားတာ ပါသလို၊ မပါတာလည်း ရှိတယ်။ ပွဲစားတွေ လာတဲ့အခါ အိမ်ရောင်း၊ ဝယ်၊ ငှားစာချုပ်၊ ဒါမှမဟုတ် စရန်ငွေပေး စာချုပ် အမျိုးမျိုးပေါ့။ ကြိုရိုက်ထားလိုက်တယ်” ဟု ၎င်းကဆိုသည်။
လိုင်စင်ရ တံဆိပ်ခေါင်းခွန် အရောင်းဆိုင်များကို ဖွင့်လှစ်ခွင့် ပြုနိုင်ရန် နည်းဥပဒေ ရေးဆွဲလျက် ရှိပြီး လာမည့် တစ်ပတ်တွင် ရှေ့နေချုပ်ရုံးသို့ တင်ပြသွားမည် ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဆိုသည်။
ပြည်တွင်းအခွန်များ ဦးစီးဌာနက ကောက်ခံလျက် ရှိသည့် အခွန်လေးမျိုးတွင် တံဆိပ်ခေါင်းခွန်လည်း ပါဝင်ပြီး ၂၀၁၃-၂၀၁၄ စည်းကြပ်နှစ်အတွက် တံဆိပ်ခေါင်းခွန် ရရှိငွေပေါင်း ကျပ် ၅၀ ဘီလီယံခန့် ရှိကြောင်း အဆိုပါဦးစီးဌာနက ထုတ်ပြန်သည်။
from The Voice Weekly's Facebook Wall http://ift.tt/1p1WjVV
Comments
Post a Comment