(မေလ ၂၇ ရက်ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ အယ်ဒီတာ့အာဘော်)
ပြည်နယ်နှင့်တိုင်းဒေသနှင့် တန်းတူအခွင့်အရေး
နေပြည်တော်လိုအုပ်ချုပ်သည့် အစိုးရရုံးစိုက်ရာမြို့တော်တွင် မလိုအပ်သော်လည်း ရှစ်လမ်းသွား ၁၂ လမ်းသွား ကွန်ကရစ်လမ်းမကြီးများ၊ ကြီးမားများပြားလှသည့် ရုံးအဆောက်အအုံများ ဆောက်လုပ်ခဲ့ကြသလို ယနေ့လက်ရှိအချိန်တွင်လည်း ဆောက်လုပ်နေဆဲလည်းဖြစ်သည်။ စီးပွားရေးမြို့တော်ဟုခေါ်ဆိုသည့် ရန်ကုန်မြို့တွင်လည်း ကွန်ကရစ်လမ်း ပလက်ဖောင်းလိုမျိုးကို တစ်နှစ်မပြည့်မီပင် ပြန်ဖျက် ပြန်ပြင်၊ ပုံစံ ပြောင်းနေသည့် လုပ်ဆောင်နေမှုမျိုးလည်း တွေ့မြင်နေရသည်။
နဂိုကတည်းက ရေရှည်အတွက် စိတ်ကူးတွက်ဆကာ အစီအစဉ်ဖြင့် လုပ်သင့်ပါလျက်နှင့် မကြာခဏ ဖျက်လိုက် ပြင်လိုက် လုပ်ဆောင်နေသည်များကို ပြည်သူတစ်ဦး အဖြစ်မြင်ရသည့်အခါ ပြည်နယ်နှင့်တိုင်းအချို့တွင် လျှပ်စစ်မီးမရှိသေးသည့်အဖြစ်၊ ကတ္တရာလမ်း ကောင်းကောင်းမရှိဘဲ ကျောက်ခင်းလမ်းသာသာလမ်းဖြင့် ပြည်နယ်မြို့တော်များသို့ ဆက်သွယ်သွားလာနေရခြင်းက မည်သို့မျှ မျှတသည်ဟု မဆိုနိုင်ပေ။
ဥပမာအားဖြင့် ချင်းပြည်နယ်မြို့တော် ဟားခါးလိုမြို့နှင့် ဆက်သွယ်ထားသည့် လမ်းမကြီးသည် အချို့နေရာတွင် ၁၀ ပေ၊ အချို့နေရာတွင် ၁၂ ပေသာသာ ကျယ်ဝန်းသည့်လမ်း ဖြစ်နေပေသည်။ မြင့်မားသည့် တောင်ခါးပန်းကို ပတ်ကာ ဖောက်လုပ်ထားသည့် ကျဉ်းမြောင်းလှသည့် လမ်း၏နံဘေးကို ကြည့်လိုက်လျှင် ပေရာနှင့်ချီနက်သည့် ချောက်ကမ်းပါးကို တွေ့ရသည်။ အကယ်၍ မတော်တဆ ကားလမ်းချော်ခဲ့လျှင်ကာ ဆီးပေးမည့် လုံလောက်သည့်တိုင်၊ အကာအရံလည်း မရှိသည့်နေရာက အများစုဖြစ်သည်ကိုလည်း တွေ့ရသည်။
ပြီးခဲ့သည့် ရက်ပိုင်းကပင် ဟားခါး-ကလေး လူစီးယာဉ်ငယ်တစ်စီး ချောက်ထဲကျပြီး ယာဉ်မောင်းသူအပါအ၀င် ခရီးသည် ငါးဦးသေဆုံးခဲ့ရသည်။ မတော်တဆဖြစ်ရသည့် အကြောင်းရင်းကို မသိရှိရသေးသော်လည်း လမ်းကျဉ်းမြောင်းခြင်း အကွေ့အကောက်များခြင်းနှင့် အန္တရာယ်ကာကွယ်ပေးမည့် လမ်းအကာ အရံတိုင်များ မလုပ်ဆောင်နိုင်ခြင်းတို့သည် အကြောင်းအချက် တစ်ချက်ချက်အဖြစ် ပါဝင်နေပေလိမ့်မည်။ ချင်းပြည်နယ်၏ မြို့တစ်မြို့နှင့်တစ်မြို့ အကွာအဝေးမှာ မိုင်အားဖြင့် ၂၀ ၊ ၃၀ သာသာရှိသော်လည်း မော်တော်ယာဉ်ဖြင့် မောင်းနှင်ရသည့် အချိန်နာရီ စွန့်စားမှုက များပြားလှသည်ကို တွေ့ရသည်။
ချင်းပြည်နယ်သည် ရှမ်းပြည်နယ်ကဲ့သို့ ကျယ်ဝန်းသည့် ပြည်နယ်ကြီးတစ်ခု မဟုတ်ပေ။ တောင်တန်းများ ထူထပ်သည်မှာ မှန်သော်လည်း ဒေသခံများနေထိုင်သည့် မြို့အချို့မှာ လက်ချိုးရေ၍ ရလောက်အောင် နည်းပါးလှပေသည်။ ယခုနှစ်ပိုင်းတွင် ပြောဆိုနေကြသည့် စစ်မှန်သည့် ပြည်ထောင်စုစနစ်ဆိုသည့် စကားလုံး၏ အနှစ်သာရ တစ်စိတ်တစ်ပိုင်းမှာ ယခုကဲ့သို့သော ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်မှုများတွင် ပြည်မနှင့် ပြည် နယ် တတ်စွမ်းသမျှ ကွာဟချက်မကြီးမားစေရန် အစိုးရက လုပ်ဆောင်ဖို့ လိုအပ်လှပေသည်။
ယခင် မဆလအစိုးရလက်ထက်နှင့် စစ်အစိုးရလက်ထက်တွင် ပြည်ထောင်စု စိတ်ဓာတ် မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုသည့် စကားလုံးများကို တွင်တွင်ကျယ်ကျယ် သုံးစွဲခဲ့ကြသော်လည်း ယခု ထောက်ပြသည့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် လုပ်ဆောင်မှုမျိုးလို လက်တွေ့ကိစ္စများတွင် လုံလောက်သည့် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့မှုများ မရှိခဲ့ပေ။
စနစ်ပြောင်းမည် အသွင်ကူးပြောင်းနေသည့် ယခုအစိုးရလက်ထက်တွင် စစ်မှန်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို ဖော်ပြလိုပါက ပြည်နယ်ဒေသများ၏ တကယ့်လက်တွေ့ ရင်ဆိုင်နေရသည့် မဖွံ့ဖြိုးသေးသည့် လမ်းပန်းဆက်သွယ်ရေးလို ကိစ္စရပ်မျိုးကို ဖိဖိစီးစီး ကိုင်တွယ်ဆောင်ရွက်ခြင်းဖြင့် ပြည်ထောင်စုစစ်မှန်ခြင်းကို တစ်နည်းတစ်လမ်း ပြသနိုင်ပါကြောင်း မဇ္ဈိမက တိုက်တွန်းရေးသားလိုက်ရပေသည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1pcTyUx
Comments
Post a Comment