တရုတ်-ဗီယက်နမ် ပဋိပက္ခကြောင့် မြန်မာ့ဆန် တရုတ်ဝယ်လိုအားမြင့်နေ
သီဟကိုကို| သောကြာနေ့၊ မေလ ၂၃ ရက် ၂၀၁၄ ခုနှစ်
တရုတ် - ဗီယက်နမ်နယ်စပ် အရေးအခင်းများကြောင့် မြန်မာနိုင်ငံမှ ဆန်များကိုသာ တရုတ်နိုင်ငံဘက်မှ ပိုမိုဝယ်ယူလာခြင်းကြောင့် ၀ယ်လိုအားမြင့်တက်လာပြီး ပြည်တွင်းဆန်ဈေးနှုန်းပါ မြင့်တက်လာနေသည်ဟု ဆန်ကုန်သည်ကြီးများက မဇိ္ဈမကို ပြောသည်။
တရုတ်နိုင်ငံသည် မြန်မာနှင့်ဗီယက်နမ် နှစ်နိုင်ငံမှဆန်များကို အားထားဝယ်ယူလျက်ရှိနေရာမှ တရုတ်- ဗီယက်နမ်နှစ်နိုင်ငံ ရေပိုက်နက် အငြင်းပွားသည့် အရေးအခင်းများကြောင့် နယ်စပ် ပိတ်လိုက်ပြီးနောက် တွင် မြန်မာဆန်များကို ယခုရက်ပိုင်းအတွင်း ပိုမိုဝယ်ယူလာကြခြင့်း ဖြစ်သည်။
မူဆယ်ဆန်စပါး ကုန်စည်ဒိုင်၏ ဒုတိယဥက္ကဋ္ဌ ဦးချမ်းသာဦးက “တရုတ် -ဗီယက်နမ် နှစ်နိုင်ငံပြဿနာတွေဖြစ် တော့ တရုတ်က မြန်မာဘက်ကဆန်ကို အ၀ယ် လိုက်လာတယ်။ ဈေးနှုန်းပိုင်းလည်း တစ်အိတ်ကို ပျမ်းမျှ လေးယွမ်လောက် ပိုရလာတယ်။ လက်ရှိ အခြေအနေတွေကြောင့်တော့ တရုတ်က မြန်မာဘက်က ဆန် ၀ယ်ဖို့ကို ပိုအလေးထားလာဖို့ရှိပေမယ့် ဈေးနှုန်းအရတော့ မြန်မာဘက်က သိပ်တက်သွားလို့ မရပြန်ဘူး ” ပြောသည်။
တရုတ်နိုင်ငံသို့ ဆန်အဓိကတင်ပို့နေသည့် မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံ ရွှေလီဘက်သို့ နေ့စဉ် တန်ချိန် ၂၀၀၀-၂၅၀၀ ကြားတင်ပို့လျက်ရှိပြီး တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရန် ၀ယ်လိုအား များလာခြင်း ကြောင့် ပြည်တွင်းဆန်ဈေးကွက်တွင်လည်း ဈေးနှုန်းမြင့်တက်လာနေသည်ဟု ရန်ကုန်အခြေစိုက် ဆန်ကုန် သည်ကြီးများက ပြောသည်။
ဝါးတန်းဆန်ကုန်စည်ဒိုင်မှ ဆန်ကုန်သည် ဦးညီညီထွန်းက “ဆန်က တစ်အိတ် ကို ၃၀၀ - ၄၀၀ ကျပ် လောက်တက် ရိပ်ပြလာတယ်။ ဈေးတက်လာပေမယ့်လည်း ၀ယ်လိုအားက အရင်ကထက် ပိုကောင်းနေ တယ်ဟု ပြောသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ဧည့်မထ ငါးမှတ် ဆန်တစ်အိတ်လျှင် ကျပ် ၁၆,၃၀၀ ကျပ်ဈေးရှိရာမှ ယခု ရက်သတ္တပတ်တွင် ၁၆၅၀၀ -၁၇၀၀၀ ကျပ် ဈေးဝန်းကျင်သို့ ရောက်ရှိလာသည်ဟု ၎င်းက ဆိုသည်။
ဆန်ပို့ကုန် လုပ်ငန်းရှင် ဦးနေလင်းဇင်က “ တရုတ်ဘက်က ဆန်အဆွဲများတာက ပြည်တွင်းဈေးကွက်ကို ရိုက်ခတ်မှု အနည်းနဲ့အများရှိနိုင်တယ်။ ဒါပေမဲ့ ပြည်တွင်းဈေးကွက်က တရုတ်လမ်းကြောင်းချည်းပဲမဟုတ် ပါဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တန်ချိန် တစ်သန်းကျော် တင်ပို့မှု၏ ၇၀ ရာခိုင် နှုန်းခန့်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံဘက်မှ တရုတ်ပြည်သို့ ဆန်တင်ပို့မှုသည် တရားဝင် တင်ပို့မှုဖြစ်သော်လည်း တရုတ်နိုင်ငံဘက်တွင်မူ တရားဝင်တင်သွင်းမှုကို ခွင့်ပြု ပေးထားခြင်း မရှိသေးပေ။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1lZuRWu
Comments
Post a Comment