ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်း ဒေသများသို့ ဦးတည်ရွေ့လျားနိုင်သည့် အနေအထားတွင် မရှိတော့ကြောင်း မိုးဇလပြော
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ဗဟိုချက်နေရာမှ သိသာထင်ရှားစွာ ရွေ့လျားမှုမရှိဘဲ မြောက်-အနောက် မြောက်ဘက်သို့ ဦးတည်နေကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
“မုန်တိုင်းက ခုထိသိသိသာသာ ရွေ့လျားမှုမရှိဘဲနဲ့ ငြိမ်နေတယ်။ မြန်မာနိုင်ငံကို ၀င်ရောက်နိုင်မှုလည်း မရှိတော့ဘူး။ ရခိုင်ကမ်းရိုးတန်းကိုလည်း ဦးတည်တဲ့ အနေအထားလည်း မရှိတော့ဘူး။ မုန်တိုင်းက မြောက်-အနောက် မြောက်ကိုပဲ ဦးတည်နေတယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးကပြောသည်။
မုန်တိုင်းသည် မြန်မာနိုင်ငံသို့ ဦးတည်နိုင်သည့် အနေအထား မရှိတော့သော်လည်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း ကျရောက်ကာ လှိုင်းကြီးနိုင်ပြီး၊ တစ်နာရီလေတိုက်နှုန်းသည် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခိုက်နိုင်သဖြင့် ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများအား ပင်လယ်ပြင်တို့ မထွက်ရောက်သေးရန် သက်ဆိုင်ရာများမှ ညွှန်ကြားထားသည်။
အဆိုပါမုန်တိုင်း အရှိန်ကြောင့် မိုးရွာသွန်းမှု အခြေနေများသည် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံအပြား၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ရွာရန်ရာခိုင်နှုန်းမှာ ၈၀ ရာခိုင်နှုန်းခန့် ရှိကြောင်းလည်း သိရသည်။
from Eleven Media Group's Facebook Wall http://ift.tt/1omjV7S
Comments
Post a Comment