ထန်းဇလုပ် အပန်းဖြေစခန်းကို ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုမည်
မုံရွာ၊ မေ ၃၁
ပြည်တွင်းဘုရားဖူးများနှင့် မုံရွာမြို့ခံများ သွားရောက်ဖူးမြော်မှု များသည့် ကျောက္ကာရွှေဂူနီ ဘုရားအနီးမှ ထန်းဇလုပ် အပန်းဖြေစခန်းကို အဆင့်မြှင့်တင်နိုင်ရန် ပုဂ္ဂလိကသို့ နှစ်ရှည် ငှားရမ်းလွှဲပြောင်း လုပ်ကိုင်ခွင့် ပေးသွားမည် ဖြစ်ကြောင်း မုံရွာမြို့နယ် စည်ပင်သာယာရေး ကော်မတီ၏ ကြော်ငြာချက်များအရ သိရသည်။
“လက်ရှိကတော့ ထန်းဇလုပ်ချောင်း အပန်းဖြေစခန်းက စည်ပင်ပိုင်ပေါ့။ ဒါကို အဆင့်မြှင့်တင်နိုင်ဖို့ ပုဂ္ဂလိကကို လွှဲပြောင်း လုပ်ကိုင်စေမှာပါ။ စည်းမျဉ်း စည်းကမ်းတွေကတော့ လက်ရှိအချိန်အထိ ရေးနေဆဲ ဖြစ်ပါတယ်၊ နှစ်ရှည်ဆိုတော့ ၁၀ နှစ် သို့မဟုတ် ၁၅ နှစ်လောက်အထိ ငှားရမ်း လုပ်ကိုင်ခွင့် ပြုမှာပါ” ဟု မုံရွာမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောကြားသည်။
ထန်းဇလုပ်ချောင်း အပန်းဖြေစခန်းတွင် ချောင်းကို ဖြတ်သန်း တည်ဆောက်ထားသည့် ကြိုးတံတားများမှာလည်း ပျက်စီးနေပြီး ထန်းဇလုပ်ချောင်း တစ်လျှောက်တွင် အပန်းဖြေစရာ နေရာနည်းပါးပြီး ချောင်းကမ်းပါးများပေါ်တွင် ဒေသခံများ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင် တန်းများတွင်သာ ချောင်းအလှကိုကြည့်ရင်း အပန်းဖြေရကြောင်း မုံရွာမြို့ခံများက ဆိုသည်။
ယခုအခါ ထန်းဇလုပ်ချောင်း အပန်းဖြေစခန်းကို အဆင့်မြှင့်တင်တော့မည် ဖြစ်သဖြင့် ကလေးကစားကွင်းများ၊ အများပြည်သူ အပန်းဖြေရန် နေရာများလည်း များစွာ ပါဝင်လာတော့မည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
from The Voice Weekly's Facebook Wall http://ift.tt/1mYu0Yi
Comments
Post a Comment