“မြန်မာ စာနယ်ဇင်းဖွံ့ဖြိုးတက်ရေးမှာ နိုင်ငံတကာ အကူအညီတွေရဲ့ အခန်းကဏ္ဍ ဘယ်လောက် အရေးပါခဲ့သလဲ”
စည်သူအောင်မြင့်
မြန်မာ့ မီဒီယာအခန်းကဏ္ဍကို ပြန်ကြည့်ရင် ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုတဲ့ သမ္မတ ဦးသိန်းစိန် အစိုးရသစ်တက်လာတာ သုံးနှစ်ကျော် ကြာလာသည်အထိ ရုပ်သံထုတ်လွှင့်ခွင့်နဲ့ ရေဒီယိုအသံလွှင့်ခွင့်ကို အစိုးရက ရာနှုန်းပြည့် ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။ အစိုးရက အခွင့်ထူးပေးထားတဲ့ ကုမ္ပဏီ နှစ်ခု ရုပ်သံလုပ်ငန်း ၀င်လုပ်နေတာ ရှိသလို၊ ခရိုနီကုမ္ပဏီ ခြောက်ခုကို ရေဒီယို အသံလွှင့်ခွင့်ပြုထားပါတယ်။ အဲဒီ နယ်ပယ်နှစ်ခုမှာ သတင်းလွတ်လပ်ခွင့်ကို လုံးဝပိတ်ပင်ထားရုံမက အလွန့်အလွန်ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း အဲဒီကုမ္ပဏီတွေကိုပဲ လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့် ပေးထားတာပါ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အစိုးရသစ်လက်ထက်မှာ စာနယ်ဇင်းလို့ခေါ်တဲ့ ပုံနှိပ် မီဒီယာကတော့ လွတ်လပ်ခွင့် အပြည့်နီးပါး ရခဲ့ပါတယ်။ ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့် ရလာသလို၊ ဘယ်လို ကြိုတင် စိစစ်ဖြတ် တောက်မှုမှ မရှိဘဲ သတင်းတွေ၊ သတင်းဆောင်းပါးတွေ ရေးသား ထုတ်ဝေလာနိုင်ပါတယ်။
ဒီလို သတင်းလွတ်လပ်ခွင့်ရ၊ သတင်းစာတွေ ထုတ်ဝေလာနိုင်တဲ့အခါ မြန်မာစာနယ်ဇင်းသမားတွေ လုပ်နိုင်ပါ့မလား ဆိုပြီး စိုးရိမ်ပူပန်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာအဆင့်အတန်း မဟုတ်တဲ့တိုင် မြန်မာသတင်းစာဆရာတွေ အထိုက်အလျောက် အလုပ်လုပ်နိုင်ခဲ့ပါတယ်။ ဒီလို အလုပ်လုပ်နိုင်ခဲ့တာမှာ စစ်အာဏာရှင်တွေ စာနယ်ဇင်းနဲ့ သတင်းမီဒီယာတွေကို အကြီးအကျယ် ဖိနှိပ်ထားစဉ် ကာလတစ်လျှောက်လုံး နိုင်ငံတကာ မိသားစုတွေက အကူအညီပေးတဲ့ သင်တန်းတွေ၊ ဧည့်ကျောင်းသား အစီအစဉ်တွေ၊ အခြား ဖွံ့ဖြိုးမှု အကူအညီတွေဟာ အတော်လေး အရေးပါခဲ့တာကို တွေ့မြင်နိုင်ကြပါတယ်။ မြန်မာ့ စာနယ်ဇင်းဖွံ့ဖြိုး တိုးတက်လာမှုမှာ နိုင်ငံတကာ မိသားစုက ဘာတွေအကူအညီပေးခဲ့လဲ၊ ဘယ်သူတွေ ရခဲ့လဲ၊ ဘယ်လောက် အကျိုးဖြစ်ထွန်းမှုတွေရှိနေပြီလဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
နိုင်ငံတကာ မိသားစုက မြန်မာစာနယ်ဇင်းသမားတွေကိုပေးတဲ့ သင်တန်း အကူအညီမှာ ဆိုရင် IMMF လို့ခေါ်တဲ့ Indochina memorial media foundation သင်တန်းဟာ ထင်ရှားပါတယ်။ ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီး မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊တရုတ်နဲ့ ထိုင်း စာနယ်ဇင်းသမားတွေကို သင်တန်းပေးတာပါ။ အစီအစဉ်တစ်ခု ပျမ်းမျှ တစ်လ လောက်ကြာပါတယ်။ သင်တန်းတစ်ကြိမ်မှာ မြန်မာ စာနယ်ဇင်းသမား ပျမ်းမျှ (၄) ယောက်လောက် တက်ခွင့်ရပါတယ်။ အဲဒီ သင်တန်းကို ကိုအောင်ဇော် (ဧရာဝတီ သတင်းဌာန တည်ထောင်သူ)၊ ဆရာဖေမြင့် (စာရေးဆရာ၊ ပြည်သူ့ခေတ် အတိုင်ပင်ခံ အယ်ဒီတာ) စာရေးဆရာမ ဂျူး၊ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းသူ ကိုမြင့်ဇော်၊ ဓာတ်ပုံ ကိုထိန်ဝင်း၊ ကိုမြင့်ကျော် (မြန်မာဂျာနယ်လစ်ကွန်ရက် အတွင်းရေးမှူး၊ စာနယ်ဇင်း ကောင်စီ) ၊ ကိုရဲမိုး (စာနယ်ဇင်း သင်တန်း ဆရာ)၊ ကိုမျိုးမြတ်သူ (အမ်အာရ်တီဗွီ 4)၊ အားမာန် (ဆဲဗင်းဒေး သတင်းစာအမှုဆောင်အယ်ဒီတာ)၊ ငြိမ်းငြိမ်းနိုင် (ဆဲဗင်းဒေးသတင်းစာ အမှုဆောင် အယ်ဒီတာ)၊ ကိုမျိုးသာထက် (အရင် ဘီဘီစီ၊ လက်ရှိ ဒီဗွီဘီနဲ့ မဇ္ဈိမ) အစရှိတဲ့ နာမည်ကြီး သတင်းစာဆရာတွေနဲ့ ဒုတိယ မျိုးဆက်သတင်းစာဆရာ အများအပြား တက်ရောက်ခွင့်ရခဲ့ကြပါတယ်။
နောက်ထပ် ထင်ရှားတဲ့ သင်တန်းတစ်ခုကတော့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မှာ အခြေစိုက်ပြီး မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် သတင်းစာဆရာတွေကို သင်တန်းပေးတဲ့ IJF ခေါ် Independence Journalism Foundation ဖြစ်ပါတယ်။ အဲဒီ သင်တန်းကို ကာတွန်းဆရာတွေဖြစ်တဲ့ ကိုအော်ပီကျယ်၊ ကိုဇော်မောင် ကအစ၊ ဒေါက်တာ ခင်မောင်ညို အလယ်၊ ကိုနေထွတ် (ကိုကျော်မင်းထွန်း၊ အာရ်အက်ဖ်အေ၊ ၀ါရှင်တန်ဒီစီ) ၊ ကိုကျော်မင်းဆွေ (The Voice အယ်ဒီတာချုပ်)၊ ကိုသန်းဝင်းထွဋ် (ဒီဗွီဘီ သတင်းဌာန ဒါရိုက်တာအဖွဲ့ဝင်)၊ ကိုခင်မောင်စိုး (ဒီဗွီဘီ သတင်းဌာန ဒါရိုက်တာအဖွဲ့ဝင်)၊ ကိုကျော်ကျော်အောင် (အာရ်အက်ဖ်အေ သတင်းဌာန ၀ါရှင်တန်ဒီစီ) စတဲ့ နာမည်ကြီးတွေနဲ့ အခြား သတင်းထောက် အများအပြား တက်ရောက်ခွင့်ရခဲ့ကြပါတယ်။
ထူးခြားတဲ့ အစီအစဉ် တစ်ခုကတော့ သူဋ္ဌေးကြီးဂျော့ခ်ျဆိုးရော့စ်ရဲ့ အိုးပင်းဆိုဆိုက်တီး အစီအစဉ်နဲ့ အမေရိကန် ပြည်ထောင်စု ဘာကလေတက္ကသိုလ် မှာ Journalism နဲ့ ပတ်သက်ပြီး ကိုးလတာ လေ့လာသင်ကြားနိုင်တဲ့ Visiting Scholarship Program ဖြစ်ပါတယ်။ အဲဒီ အစီအစဉ်ကို ဒေါ်စမ်းစမ်းတင် (အာရ်အက်ဖ်အေ အသံလွှင့်ဌာန၊ အမေရိကန်)၊ ကိုကျော်ကျော်အောင် (Living Color, လက်ရှိ (အာရ် အက်ဖ်အေ အသံလွှင့်ဌာန၊ အမေရိကန်)၊ ကိုဇေယျာအုန်း (Living Color မဂ္ဂဇင်း)၊ ကျော်စွာမိုး (ဧရာဝတီ သတင်းဌာန)၊ ကိုမင်းဇင် (လက်ရှိ အမေရိကန်နိုင်ငံ)၊ ကိုမောင်မောင်ဦး (ဧရာဝတီသတင်းဌာန)၊ ကိုရဲမိုး (စာနယ်ဇင်း သင်တန်းဆရာ)၊ ကိုမြင့်ဇော် (သဘာဝပတ်ဝန်းကျင် စောင့်ရှောက်သူ)၊ ကိုမြင့်ကျော် (မြန်မာ ဂျာနယ်လစ်ကွန်ရက် အတွင်းရေးမှူး၊ စာနယ်ဇင်း ကောင်စီ) နဲ့ စာနယ်ဇင်းသမားတချို့ တက်ရောက်ခွင့် ရခဲ့ပါတယ်။ (တစ်ချို့ကတော့ သင်တန်းတက်ပြီး မြန်မာနိုင်ငံ ပြန်မလာဘဲ အမေရိကန်နိုင်ငံမှာ ခုန်ချပါတယ်။)
ဒါတင်မက နိုင်ငံတကာ အဖွဲ့အစည်းအမျိုးမျိုးဟာ ပြည်တွင်းမှာလည်း သတင်းစာပညာသင်တန်းတွေ အခါအားလျော်စွာ ပေးခဲ့ပါသေးတယ်။ အဲဒီ သင်တန်းအများစုကို အမေရိကန်သံရုံး (အမေရိကန် စင်တာ) နဲ့ ဗြိတိသျှ သံရုံး (ဗြိတိသျှကောင်စီ) တွေက ကူညီစီစဉ်ပေးခဲ့တာ များပါတယ်။ ဒါတင်မကသေးပါဘူး။ စာနယ်ဇင်းဆရာတွေကို အရည်အသွေးမြှင့်ဖို့ အင်္ဂလိပ်စာ သင်တန်းတွေကိုလည်း အဲဒီသံရုံးနှစ်ခုကပဲ စီစဉ်ပေးပါသေးတယ်။ စာနယ်ဇင်းသမားတွေကို အေဘီစီဒီ ကအစ သင်ပေးတာမျိုးပါ။) နောက်ပိုင်း နိုင်ငံတကာက ရွေးကောက်ပွဲတွေ လေ့လာဖို့အတွက် စေလွှတ်ပေးတာ၊ ဥရောပသမဂ္ဂလို အင်စတီ ကျူးရှင်းကြီးတွေကို လေ့လာဖို့ စီစဉ်ပေးတာ၊ အတွေ့အကြုံ အမြင်ချင်း ဖလှယ်ဖို့ Workshop တွေဆီ စေလွှတ်ပေးတာ စသဖြင့် အကူအညီတွေ အများကြီး ပေးခဲ့ပါတယ်။
ဒါတင်လား မကသေးပါဘူး။ အရင် စစ်အစိုးရက ဖိနှိပ်အုပ်ချုပ်ထားစဉ်ကာလ သတင်းထောက်တွေကို မတရား ဖမ်းဆီး ထောင်ချရင် လွှတ်ပေးဖို့ နိုင်ငံတကာတောင်းဆိုမှုတွေ ဖြစ်ပေါ်အောင် ဆောင်ရွက်ပေးပါတယ်။ သတင်းထောက်တွေ တရားရင်ဆိုင်နိုင်အောင် ငွေကြေးထောက်ပံ့ပါတယ်။ ထောင်ကျသွားရင် မိသားစုကို ထောက်ပံ့တာတွေ လုပ်ပါတယ်။ သီးသန့် ငွေကြေးထောက်ပံ့မှုတွေ လုပ်တာအပြင် ဆုပေးပြီး ချီးမြှောက်တာမျိုးလည်း လုပ်ပါတယ်။
အခုနောက်ဆုံး စာနယ်ဇင်း လွတ်လပ်ခွင့်ရ၊ သတင်းစာတွေ ထုတ်ဝေလာကြတဲ့အခါ သတင်းထောက်နဲ့ သတင်းစာဆရာ လိုအပ်ချက်တွေများလာပါတယ်။ ဒီအခါ ဆွီဒင်အခြေစိုက် Fojo Media Institute၊ ကုလသမဂ္ဂနဲ့ အခြားအလှူရှင်တွေ စုပေါင်းပြီး MJI လို့ခေါ်တဲ့ Myanmar Journalism Institute တစ်ခု တည်ထောင်ပေးဖို့ စီစဉ်နေကြပါတယ်။ မြန်မာသတင်းစာဆရာတွေ ကိုယ်တိုင် စီမံခန့်ခွဲတဲ့ အဲဒီအင်စတီကျူ့ကနေ မီဒီယာနဲ့ ပတ်သက်ပြီး တစ်နှစ် ဒီပလိုမာ သင်တန်းတွေ ပို့ချပေးနိုင်ဖို့ပါ။
အားလုံးခြုံငုံသုံးသပ်ရရင် မြန်မာစာနယ်ဇင်းလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ မိသားစုအသိုင်းအ၀ိုင်းက အတော့်ကို အကူအညီပေးခဲ့တာ တွေ့နိုင်ပါတယ်။ ဒီအကူအညီ အထောက်အပံ့တွေကြောင့်လည်း မြန်မာသတင်းစာဆရာတွေဟာ အချိန်တိုအတွင်း ဒီနေ့ မြင်တွေ့နေရတဲ့ သတင်းစာ အရည်အသွေးမျိုး ထုတ်ဝေနိုင်တာတွေ့ရမယ် ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စစ်အာဏာရှင်တွေက နှစ်ပေါင်းများစွာ ဖိနှိပ်လာလို့ နိမ့်ကျဆင်းနေတဲ့ မြန်မာစာနယ်ဇင်း အရည်အသွေး မြင့်တက်လာအောင်တော့ အများကြီး ကြိုးစားရဦးမယ် ဖြစ်ပါတယ်။ ဒီနေရာမှာ နိုင်ငံတကာ မိသားစုတွေရဲ့အကူအညီတွေ ဆက်လက်လိုအပ်နေသေးပြီး ရလာတဲ့ အကူအညီ အခွင့်အလမ်းတွေကိုလည်း အကျိုးရှိအောင် အသုံးချကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1qZEETp
Comments
Post a Comment