Skip to main content

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဘာကြောင့်ပြန်ဖြစ်နေသလဲ Written by - နေထွန်းနိုင် တ...



ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဘာကြောင့်ပြန်ဖြစ်နေသလဲ



Written by - နေထွန်းနိုင်



တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေး စာချုပ်အတွက် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်နေချိန်တွင် ကချင်ပြည်နယ်၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။



အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူထားခြင်း မရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့သုံးဖွဲ့အနက် ကချင်လွတ်မြောက်ရေးတပ်မတော် (ုKIA) သည် ဒုတိယအင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်သည်။



အစိုးရနှင့် KIA တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ၁၉၉၄ ခုနှစ်တွင် ရရှိပြီး ၂၀၁၁ ခုနှစ်တွင် ပျက်ပြယ်ခဲ့ပါသည်။ ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ် ဇွန်လမှ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းအထိ ဖြစ်ပွားခဲ့သော စခန်းသိမ်းတိုက်ပွဲများက ပြင်းထန်ခဲ့သည်။ မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းကို စိုးမိုးရန်အတွက် အစိုးရတပ်များက လဂျားယန်တပ်စခန်းကို ထိန်းချုပ်ခဲ့ကြသည်။



လဂျားယန်သည် KIO ဗဟိုဌာနချုပ် လိုင်ဇာမှ လေးမိုင်ကျော်အကွာတွင်ရှိသော စခန်းတစ်ခုဖြစ်သည်။ စစ်ဆင်ရေး အောင်မြင်ခဲ့သော်လည်း အကျအဆုံး များခဲ့သည်။ စစ်ဘက်ဆိုင်ရာ ကိစ္စရပ်များကို အထူးပြုထုတ်ဖော် ရေးသားနေသည့် Jane's Defence Weekly ၌ ဆောင်းပါးရှင် Tony Davis ၏ ထုတ်ဖော်ရေးသားချက်အရ ၂၀၁၁ ခုနှစ် ဇွန်လမှ၂၀၁၂ ခုနှစ် ဒီဇင်ဘာလလယ်အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ အစိုးရစစ်သည်ပေါင်း ၅၀၀၀ ခန့်ကျဆုံးခဲ့သည်ဟု ဆိုသည်။ လဂျားယန် စခန်းသိမ်းတိုက်ပွဲ အပြီးတွင် ကချင်ပြည်နယ်၌ ထိတွေ့တိုက်ပွဲဖြစ်မှုအချို့ ရှိခဲ့သော်လည်း ပြင်းထန်မှုမရှိခဲ့ပေ။



လဂျားယန်စခန်းသိမ်း တိုက်ပွဲများအပြီးတွင် မြစ်ကြီးနား-ဗန်းမော် လမ်းပိုင်းကို အစိုးရတပ်များက ထိန်းချုပ်ခဲ့သည်။



“၂၀၁၃ ခုနှစ်က မြစ်ကြီးနား-ဗန်းမော်လမ်းမှာ စစ်စခန်းတွေ မရှိဘူး။ အခုချိန်မှာတော့ ကွန်ကရစ်နဲ့ ဆောက်ထားတဲ့ ကတုတ်တွေနဲ့ စစ်စခန်းတွေ လမ်းတစ်လျှောက်လုံး အများကြီးရှိနေပြီ” ဟု KIO ပြန်ကြားရေးအရာရှိ ဦးလနန်က ပြောကြားသည်။



တစ်ကျော့ပြန် တိုက်ပွဲများနှင့် မြစ်ကြီးနား-ဗန်းမော်-မံစီကို ထိန်းချုပ်ခြင်း



ကချင်ပြည်နယ်၌ သိသာထင်ရှားစွာ ဖြစ်ပွားခဲ့သော တစ်ကျော့ပြန် တိုက်ပွဲများမှာ ၂၀၁၃ ခုနှစ် စက်တင်ဘာမှ ၂၀၁၄ ခုနှစ် မတ်လအတွင်း ပေါ်ပေါက်ခဲ့သည့် တိုက်ပွဲများဖြစ်သည်။



ဧပြီ ၁၉ ရက်က ထုတ်ပြန်ခဲ့သော ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ မန်စီ-မိုးမိတ်ဒေသ၊ ဆင်ဘို-ဗန်းမော်ဒေသ၊ ဆင်ဘို-မန်ပင်ဒေသများ၌ သစ်မှောင်ခိုလုပ်ငန်း လုပ်ကိုင်နေသူများကို တပ်မတော်က ဖမ်းဆီးအရေးယူ ဆောင်ရွက်မှုပြုလုပ်ရာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ အဆိုပါ ဒေသများ၌ KIA တပ်မဟာ ၃၊ တပ်ရင်း ၁၂ က ဖြန့်ကြက်လှုပ်ရှားလျက်ရှိပြီး KIA က သစ်မှောင်ခိုများကို လုံခြုံရေးအရ လိုက်ပါအကာအကွယ်ပေးသည့်အတွက် တိုက်ပွဲဖြစ်ရသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။



KIA ၏ ပြောဆိုချက်များအရ တပ်ရင်း ၁၂ နယ်မြေအတွင်းသို့ အစိုးရ၏ တပ်မ ၉၉ တပ်များက အင်အားဖြည့်တင်း ၀င်ရောက်လာသဖြင့် တိုက်ပွဲဖြစ်ရသည်ဟု ဆိုသည်။ အဆိုပါ တိုက်ပွဲများအပြီးတွင် မြစ်ကြီးနား-ဗန်းမော်-မံစီလမ်းပိုင်းကို အစိုးရတပ်များက ထိန်းချုပ်နိုင်ခဲ့သည်။



မန်စီမြို့နယ်အတွင်း အစိုးရတပ်များနှင့် KIA တပ်ရင်း ၁၂ တို့ တိုက်ပွဲဖြစ်ပွားနေသည့် အချိန်မှာပင် ရှမ်းပြည်နယ်မြောက်ပိုင်း ရွှေလီမြစ်အရှေ့ဘက် ကွတ်ခိုင်မြို့နယ် အတွင်း၌လည်း ပြင်းထန်သောတိုက်ပွဲများ ဖြစ်ခဲ့သည်။ ထိုတိုက်ပွဲများသည် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် KIA တပ်မဟာ ၄၊ တပ်ရင်း ၈ ပူးပေါင်းတပ်များနှင့် အစိုးရတပ်များအကြား ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ ထိုတိုက်ပွဲများသည် ရွှေလီမြစ် အရှေ့ဘက်ခြမ်း အပါအ၀င် ရှမ်း၊ ကချင်နှင့် စစ်ကိုင်းတိုင်း ထိစပ်နယ်မြေများကို အစိုးရတပ်များက နယ်မြေစိုးမိုးရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ၂၀၁၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ကချင်ပြည်နယ် မံစီမြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းက ချင်းပြည်နယ်နှင့် ထိစပ်နေသော ဧရိယာများတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌လည်း အစိုးရတပ်များက အောင်မြင်မှု ရရှိခဲ့သည်။



ဗိုလ်မှူးတစ်ဦး ကျဆုံးခြင်းနှင့် ဧပြီလတိုက်ပွဲများ၏ ရင်းမြစ်အစ



ဧပြီလတိုက်ပွဲများ မဖြစ်ပွားမီအချိန်က ကချင်ပြည်နယ်၌ သန်းခေါင်စာရင်း ကောက်ယူမှုများကို KIA က တားဆီးနှောင့်ယှက်မှုများ ပြုလုပ်နေသည်ဟု အစိုးရက ထုတ်ပြန်ခဲ့ပြီး နှစ်ဖက်တပ်များအကြား အခြေအနေ တင်းမာနေခဲ့သည်။



ဧပြီ ၄ ရက်တွင် ခမရ ၅၆၇ ၏ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးမျိုးညွန့်စိုးကို မန်ဝိန်းကြီးဒေသရှိ KIA တပ်ရင်း ၂၇ မှ တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ရာမှ ဗိုလ်မှူးမျိုးညွန့်စိုး ကျဆုံးခဲ့သည်။



ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ဗိုလ်မှူးမျိုးညွန့်စိုးသည် ပုံမှန်တပ်လဲလှယ်ရေး တာဝန်ဖြင့် မန်ဝိန်းကြီးနှင့် ကောင်းမှုယန် ဆက်သွယ်ရေးလမ်းကြောင်း၌ သွားလာစဉ် KIA အဖွဲ့မှ ချောင်းမြောင်းပစ်ခတ်သဖြင့် ကျဆုံးခဲ့ရသည်ဟု ဆိုသည်။



KIA ဘက်မှ ပြောဆိုချက်များအရ ဗိုလ်မှူးမျိုးညွန့်စိုးသည် ၎င်း၏ရဲဘော် တစ်ဦးနှင့်အတူ KIA တပ်ရင်း ၂၇ နယ်မြေဖြစ်သော မန်မောင်းကျေးရွာသို့ ဧပြီ ၄ ရက် ညနေ ၃ နာရီခန့်တွင် ရောက်ရှိလာခဲ့ကြောင်း ဆိုသည်။



“သူက ကျွန်တော်တို့နယ်မြေထဲ ၀င်လာတယ်။ စစ်မေးဖို့ ကားရပ်ခိုင်းတဲ့အခါ မောင်းပြေးတယ်။ အဲဒါကို လိုက်ပစ်ရင်း ထိသွားတယ်။ အဲဒီနေ့ညနေမှာပဲ သူ့အလောင်းနဲ့ အရှင်ဖမ်းမိတဲ့ သူ့ရဲဘော် အစိုးရတပ်ကို ပြန်ပေးခဲ့ပါတယ်” ဟု KIO ဗဟိုဌာနချုပ် လိုင်ဇာမှ အရာရှိတစ်ဦးက ပြောကြားသည်။



ဗိုလ်မှူးမျိုးညွန့်စိုး ကျဆုံးခဲ့ပြီးနောက် မန်ဝိန်းကြီးနှင့် ကောင်းမှုယန် ဆက်သွယ်ရေးလမ်းကြောင်းရှိရာ ဒေသကို ထိရောက်စွာ စိုးမိုးရန်အတွက် နယ်မြေရှင်းလင်းရန် လိုအပ်လာခြင်း၊ နိုင်ငံပိုင် သယံဇာတများကို ထိန်းသိမ်းရန် လိုအပ်လာခြင်းနှင့် ဒေသခံတိုင်းရင်းသားများ၏ လူနေမှုဘ၀ကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်လာခြင်း အစရှိသည်တို့ကြောင့် တပ်မတော်စစ်ကြောင်းများက ရှင်းလင်းဆောင်ရွက်ခဲ့ရသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။



ပန်ခမ်း-မန်ဝိန်းကြီး နယ်စပ်ထွက်ပေါက်ကို ထိန်းချုပ်ခြင်း



ဧပြီလ တိုက်ပွဲများတွင် အစိုးရတပ်များက အဓိကလမ်းကြောင်းနှစ်ခုကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခဲ့သည်။ ပထမလမ်းပိုင်း အနေဖြင့် ပန်ခမ်းဒေသ၊ မန်ဝိန်ကြီး နယ်စပ်ထွက်ပေါက်ကို ထိန်းချုပ်ရန် လုပ်ဆောင်ခဲ့သည်။



ပန်ခမ်းဒေသတွင် KIA တပ်မဟာ ၃၊ တပ်ရင်း ၂၇ ရှိပြီး အဆိုပါဒေသကို အစိုးရတပ်များက ထိန်းချုပ်ရာ၌ တပ်မ ၈၈ စစ်ကြောင်းများက ဦးဆောင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်အတွင်းရှိသော KIA တပ်မဟာ ၄၊ တပ်ရင်း ၉ နယ်မြေ၌လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။



ဧပြီ ၁၀ ရက်တွင် KIA တပ်မဟာ ၃ နယ်မြေတပ်ရင်း ၂၇ ဒေသသို့ အစိုးရတပ်များ အင်အားတိုးချဲ့ဝင်ရောက်လှုပ်ရှားခဲ့ပြီး ထိုနေ့ညနေပိုင်းတွင် မံစီမြို့နယ်အတွင်းရှိ ဘမ်ခုန်ယန်ကျေးရွာမှ KIO အုပ်ချုပ်ရေးရုံးအား သိမ်းယူသည်။



ဧပြီ ၁၀ ရက်မှာပင် ပန်ခမ်းကျေးရွာ အနီးတွင်ရှိသော တပ်ရင်း ၂၇ ၏ တိုက်နယ်စခန်း အူလံပါခရိုင်ရုံးမှ KIA တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး ဧပြီ ၁၂ ရက်တွင် မန်ဝိန်းကြီးနှင့် နမ့်တောင်းအကြား KIA အထိုင်ချထားသည့် ဘန်ခမ်နယ်စပ်ဂိတ်စခန်းကို အစိုးရတပ်များက သိမ်းယူခဲ့သည်။ ထိုဂိတ်စခန်းသည် သစ်မှောင်ခိုများ အသုံးပြုနေသည့် နယ်စပ်ထွက်ပေါက်ဖြစ်ကြောင်း သိရသည်။



“သူတို့ရဲ့ (နယ်စပ်ဂိတ်) စခန်းက တရုတ်-မြန်မာ နယ်စပ်မှာရှိတယ်။ တရားမ၀င်အလုပ်တွေ လုပ်နေလို့ ၀င်သိမ်းခဲ့တာပါ” ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်။



ဖြစ်ပွားခဲ့သော တိုက်ပွဲများမှာ နယ်မြေရှင်းလင်းမှု ပြုလုပ်သော တပ်ဖွဲ့များအား KIA က စတင်ပစ်ခတ်သဖြင့် ဖြစ်ရသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။ ပန်ခန်းဒေသ နယ်မြေရှင်းလင်းရာတွင် အရာရှိတစ်ဦးနှင့် စစ်သည်နှစ်ဦး ကျဆုံးပြီး အရာရှိတစ်ဦးနှင့် စစ်သည်လေးဦး ဒဏ်ရာရခဲ့သည်။



ပန်ခမ်းဒေသ တိုက်ပွဲများအပြီးတွင် မံစီ-ပန်ခမ်း-မန်ဝိန်းကြီး လမ်းကြောင်းနှင့် ပန်ခမ်းဒေသကို အစိုးရတပ်များက ထိန်းချုပ်နိုင်ခဲ့ပြီး တရုတ်-မြန်မာ နယ်စပ်ထွက်ပေါက် တစ်ခုကိုလည်း ပြန်လည်ရယူခဲ့သည်။



မိုးမောက်-စိန်လုံ-လွယ်ဂျယ်ကို ထိန်းချုပ်ခြင်း



KIA တပ်မဟာ ၃၊ တပ်ရင်း ၁ ရှိရာ မိုးမောက်ဒေသ၌ ဖြစ်ပွားသော တိုက်ပွဲများမှာ မိုးမောက်-လွယ်ဂျယ် လမ်းပေါ်၌ ဖြတ်သန်းသွားသည့် အစိုးရတပ် စစ်ယာဉ်တန်းကို KIA က မိုင်းဆွဲတိုက်ခိုက်ရာမှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။



ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ဧပြီ ၁၃ ရက်၌ မိုးမောက်မြို့နယ်၊ ကျောက်စခန်းအနီး မိုင်တိုင်အမှတ် (၁၂/၄) တွင် တပ်မတော်စစ်ကြောင်းမှ မော်တော်ယာဉ်ခုနစ်စင်းဖြင့် ဗန်းမော်မှ စိန်လုံသို့ သွားရောက်စဉ် KIA အဖွဲ့က ဆွဲမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် ယာဉ်တန်းအလယ်ရှိ မော်တော်ယာဉ်မှာ မီးလောင်ပျက်စီးသွားပြီး စစ်သည်နှစ်ဦး ကျဆုံးကာ ကိုးဦးဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ယာဉ်ပေါ်တွင် ပါလာသော လက်နက်မျိုးစုံ ၁၃ လက်၊ ဆက်သွယ်ရေးစက်များ၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ မီးလောင်ပျက်စီးခဲ့သည်။



အဆိုပါယာဉ်တန်းသည် ပုံမှန်စစ်ဆင်ရေး တာဝန်လဲလှယ်ရန် သွားရောက်သော စစ်ကြောင်းသာဖြစ်ပြီး ဗန်းမော်-စိန်လုံ ဆက်သွယ်ရေးလမ်းကြောင်းပေါ်၌ မိမိတို့တပ်များ သွားလာလှုပ်ရှားမှုကို KIA တပ်ဖွဲ့များက နှောင့်ယှက်တိုက်ခိုက်ခြင်းသာဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။



ထို့ကြောင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သော KIA အဖွဲ့ အခြေပြုရာ ပွိုင့် ၇၉၂ (မိုင်ဆက်ကောင်းစခန်း) နှင့် ပွိုင့် ၄၀၆(ဒဂေါ်မကာဘွမ်စခန်း) တို့ကို အစိုးရဘက်မှ တပ်မ ၉၉ စစ်ကြောင်းများက တိုက်ခိုက်သိမ်းယူခဲ့ကြောင်း သိရသည်။



KIA တပ်မဟာ ၄၊ တပ်ရင်း ၁ ၏ အဓိက စခန်းတစ်ခုဖြစ်သော မိုင်ဆက်ကောင်းစခန်းကို ဧပြီ ၁၆ ရက် ညနေပိုင်းတွင် သိမ်းယူခဲ့ခြင်း ဖြစ်သည်။ မိုင်ဆက်ကောင်းစခန်းနှင့် ဒဂေါ်မကာဘွမ် စခန်းများကို ရှင်းလင်းရာ၌ တပ်မတော်ဘက်မှ စစ်သည်သုံးဦး ကျဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်။ KIA ဘက်မှ အလောင်းရှစ်လောင်းနှင့် လက်နက်မျိုးစုံ ငါးလက်သိမ်းဆည်းရမိသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။



KIA တပ်မဟာ ၄၊ တပ်ရင်း ၁ ၏ အဓိကစခန်းများကို သိမ်းယူပြီးချိန်၌ ဗန်းမော်-မိုးမောက်-စိန်လုံ-လွယ်ဂျယ်လမ်းပိုင်းကို အစိုးရတပ်များက ထိန်းချုပ်နိုင်ခဲ့သည်။



တိုက်ပွဲတွေ ဘာကြောင့်ပြန်ဖြစ်နေသလဲ



အစိုးရနှင့် KIA တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရရှိသေးသော်လည်း နှစ်ဖက်ထိတွေ့တိုက်ပွဲများ လျှော့ချရန်ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် သဘောတူညီခဲ့ကြသည်။



အထိုက်အလျောက်အားဖြင့် လျှော့ချနိုင်ခဲ့သော်လည်း တစ်ကျော့ပြန်တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ တိုက်ပွဲဖြစ်ပွားသည့် အကြိမ်တိုင်းတွင် မိမိတို့အား လာရောက်ပစ်ခတ်သဖြင့် လိုက်လံရှင်းလင်းရာမှ တိုက်ပွဲများဖြစ်ရသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ KIA ဘက်ကမူ အစိုးရတပ်များက အင်အားဖြည့်တင်းပြီး တပ်လှုပ်ရှားမှုများ ပြုလုပ်လာသဖြင့် တိုက်ပွဲဖြစ်ရသည်ဟု ဆိုသည်။



“သစ်မှောင်ခိုတွေ ရှင်းတယ်ပြောပြီး တပ်တွေလှုပ်ရှားလာလို့ တိုက်ပွဲတွေဖြစ်တယ်။ အခုလည်း သန်းခေါင်စာရင်းကောက်ဖို့ လုံခြုံရေးယူတယ်ဆိုပြီး တပ်တွေလှုပ်ရှားလာတယ်။ တပ်တွေလှုပ်ရှားလာတော့ တိုက်ပွဲပြန်ဖြစ်တယ်” ဟု မြစ်ကြီးနားမြို့ရှိ KIO နည်းပညာ အကြံပေးအဖွဲ့ရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးကဆိုသည်။



KIA သည် ကချင်ပြည်နယ်အတွင်း တစ်ဖက်နိုင်ငံရှိ သစ်ကုန်သည်ပွဲစားများနှင့် ဆက်စပ်ကာ သစ်မှောင်ခိုလုပ်ငန်းများကို ပြုလုပ်နေသဖြင့် တပ်မတော်ဘက်က ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်ခဲ့သည်ဟု အစိုးရဘက်က သတင်းထုတ်ပြန်ခဲ့သည်။ ၂၀၁၃ ခုနှစ် စက်တင်ဘာလမှ ၂၀၁၄ ခုနှစ် မတ်လအတွင်း တမလန်းသစ်များ အပါအ၀င် သစ်တန်ချိန် ၅၀၈၇ တန်၊ ယာဉ်/ယန္တရား ၁၂၀ စီး၊ တရုတ်နိုင်ငံသား ၁၃ ဦး အပါအ၀င် တရားခံ ၅၃ ဦးတို့ကို မံစီ-မိုးမိတ်ဒေသ၊ ဆင်ဘို-ဗန်းမော်ဒေသ၊ ဆင်ဘို-မံပင်ဒေသများမှ ဖမ်းဆီးရမိခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။



အစိုးရ၏ စွပ်စွဲချက်များကို KIA က ငြင်းဆိုခဲ့ပြီး ၎င်းတို့နယ်မြေအတွင်း ရောက်ရှိလာသော သစ်များမှာ ကချင်ပြည်နယ်မှ သစ်များမဟုတ်ဘဲ စစ်ကိုင်းတိုင်းမှ ရောက်ရှိလာသော သစ်များဖြစ်ကြောင်း ပြန်လည်တုံ့ပြန် ပြောဆိုချက်များ ရှိခဲ့သည်။



အခြားတစ်ဖက်တွင်လည်း အစိုးရတပ်များ၏ အင်အားဖြည့်တင်းနေမှုများကို KIA က မေးခွန်းထုတ်ခဲ့ပြီး အစိုးရတပ်များက ၎င်းတို့နယ်မြေအတွင်း နယ်ကျွံလာသဖြင့် တိုက်ပွဲဖြစ်ရသည်ဟု ဆိုသည်။



အစိုးရဘက်ကမူ KIA ပြောဆိုနေသော နယ်မြေများမှာ ယခင်အချိန်ကတည်းက အစိုးရ၏ တရားဥပဒေ စိုးမိုးထားသည့် နယ်မြေများဖြစ်သည်ဟု ပြောကြားသည်။



ဥပမာအားဖြင့် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားပြီး သိမ်းယူခဲ့သည့် ပန်ခမ်းနယ်စပ်ဂိတ် စခန်းသည် ၂၀၁၁ ခုနှစ် ဇွန်လမတိုင်မီအချိန်က အစိုးရ၏ တရားဥပဒေစိုးမိုးရေး သြဇာသက်ရောက်သည့် နယ်မြေဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ် ဇွန်လတိုက်ပွဲများ ဖြစ်ချိန်တွင် ထိုဒေသကို အစိုးရက စွန့်လွှတ်ခဲ့ကြောင်း၊ ပန်ခမ်းနယ်မြေတစ်လျှောက်တွင် ရှမ်းတိုင်းရင်းသား ကျေးရွာများရှိပြီး ထိုဒေသတွင် KIA က တပ်စခန်းပြုလုပ်ကာ ဒေသခံ ရှမ်းတိုင်းရင်းသားများကို ဆက်ကြေးကောက်၊ တပ်သားသစ်စုဆောင်းခြင်းများ ပြုလုပ်ခဲ့သဖြင့် ဒေသခံများ ဆင်းရဲဒုက္ခ ခံစားခဲ့ရသည်ဟု အစိုးရဘက်က ပြောကြားသည်။



အစိုးရတပ်များနှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွားနေမှုများသည် နယ်မြေပိုင်းခြားသတ်မှတ်မှု မရှိခြင်းကြောင့် ဖြစ်ပွားနေသည်ဟု ပြောဆိုခြင်းများ ရှိသည့်အပြင် အခြားတစ်ဖက်တွင်လည်း အစိုးရက KIO ဗဟိုဌာနချုပ် (လိုင်ဇာ) ကို ထိန်းချုပ်လိုခြင်းကြောင့် အဓိက လမ်းပိုင်းများကို ထိန်းချုပ်ပြီး မဟာဗျူဟာအရ လုပ်ဆောင်နေသည်ဟူသော သုံးသပ်မှုများလည်း ရှိနေပါသည်။



“အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးချိန်မှာ ဘာမှလုပ်လို့ မရအောင်၊ ရှေ့တန်းနေရာတွေမှာ နယ်မြေစိုးမိုးမှုရအောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်လို့ပဲ ထင်ပါတယ်” ဟု KIO ၏ ပြန်ကြားရေးအရာရှိ ဦးလနန်က ဆိုသည်။



လက်ရှိအချိန်တွင် အစိုးရအနေဖြင့် KIO ဗဟိုဌာနချုပ် လိုင်ဇာနှင့် အနီးဆုံးတွင်ရှိနေသော အဓိကလမ်းပိုင်းများဖြစ်သည့် မြစ်ကြီးနား-ဗန်းမော်၊ ဗန်းမော်-မိုးမောက်-စိန်လုံ-လွယ်ဂျယ်လမ်းများကို ထိန်းချုပ်ထားပြီး ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့၏ ဆက်သွယ်မှုကို ဖြတ်တောက်ထားနိုင်သည့် ဗန်းမော်-မံစီ-မန်ဝိန်းကြီးလမ်းပိုင်းကိုလည်း ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။



ထို့ပြင် အစိုးရတပ်များက KIA ၏ အဓိကကျသော လိုင်ဇာနှင့် လဂတ်ယန်စခန်းများကို တိုက်ခိုက်ခြင်းမပြုဘဲ လိုင်ဇာနှင့် မိုင်ဂျာယန်ကို ကာကွယ်ထားသည့် KIA တပ်ရင်းများ၏ နယ်မြေများသို့ ၀င်ရောက်ပြီး နယ်မြေစိုးမိုးမှုများ ပြုလုပ်ထားသည်။



(ပုံ - ၁) ဗန်းမော်-စိန်လုံ ဆက်သွယ်ရေးလမ်းကြောင်းအနီး ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှုပြ မြေပုံ (Source: ကာကွယ်ရေးဝန်ကြီးဌာန)



(ပုံ - ၂) KIA တပ်မဟာ ၃ နယ်မြေ၌ ယခုရက်ပိုင်းအတွင်း စစ်ပြင်ဆင်မှု ပြုလုပ်နေစဉ် (ဓာတ်ပုံ-ဂျွန်စံလင်း)



(ပုံ - ၃) ယခုရက်ပိုင်းအတွင်း ပန်ခမ်းနယ်မြေအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများပြ မြေပုံ (Source: ကာကွယ်ရေးဝန်ကြီးဌာန)



(ပုံ - ၄) ၂၀၁၁ ခုနှစ် ဇွန်လတိုက်ပွဲများအပြီး ကချင်ပြည်နယ်အတွင်း လိုင်ဇာအနီးရှိ အဓိကလမ်းပိုင်းများကို အစိုးရက ပြန်လည်ထိန်းချုပ်ခဲ့သည့် လမ်ကြောင်းပြမြေပုံ (မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းကို ၂၀၁၃ ခုနှစ် နှစ်ဆန်းတွင် ထိန်းချုပ်၊ ဗန်းမော်-မိုးမောက်-စိန်လုံ-လွယ်ဂျယ်နှင့် ဗန်းမော်-မံစီ-ပန်ခမ်း-မန်ဝိန်းကြီးလမ်းပိုင်းကို ၂၀၁၄ ဧပြီတွင် ထိန်းချုပ်ခဲ့)





from Eleven Media Group's Facebook Wall http://ift.tt/1eSPntp

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3