Skip to main content

လက်ပတ်အနီရောင်ဝတ်ထားသူများနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု Written By - သစ်ထ...



လက်ပတ်အနီရောင်ဝတ်ထားသူများနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု



Written By - သစ်ထွဋ်



အစိုးရသက်တမ်း သုံးနှစ်ကျော်လာတဲ့ ယနေ့အချိန်အထိ လက်ရှိအစိုးရရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်အပေါ် အကောင်းမြင်သူများရှိသလို ဝေဖန်သူများလည်း အများအပြား ရှိနေခဲ့ပါတယ်။ ဝေဖန်သူများက ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်အပေါ် မေးခွန်းထုတ်ရာမှာ အစိုးရရဲ့ပြုပြင် ပြောင်းလဲမှုများဟာ အများပြည်သူများနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ အောက်ခြေအဆင့်တွေအထိ ရောက်ရှိခြင်းမရှိတဲ့ ဖြစ်ရပ်များကို အရေးကြီးတဲ့ အချက်များအဖြစ် ရှုမြင်ကြလေ့ရှိပါတယ်။



လက်ပတ်အနီရောင်ဝတ်ထားသူများ



ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များဟာ အများပြည်သူများနဲ့ ထိတွေ့ဆက်ဆံနေတဲ့ အဆင့်ထိရောက်ရှိခြင်း မရှိဟု သုံးသပ်နိုင်တဲ့ ဖြစ်ရပ်အများအပြား ရှိနေခဲ့ရာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့တော်ရဲ့ မြို့လယ်ကောင်ရှိ သပိတ်စခန်းတစ်ခုကို အင်အားသုံး ဖယ်ရှားခဲ့သော ဖြစ်စဉ်အတွင်း ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ လုပ်နည်းလုပ်ဟန်များဟာ ယခင်အာဏာရှင် အစိုးရလက်ထက်က လုပ်နည်းလုပ်ဟန်များနဲ့ အသွင်တူနေတဲ့ ဖြစ်ရပ်က ပြုပြင်ပြောင်းလဲမှုများ ဖြစ်စဉ်များအပေါ် မေးခွန်းထုတ်စရာ ဖြစ်ရပါတယ်။ ယင်းဖြစ်စဉ်အတွင်း မြေအသိမ်းခံရမှုနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံနံဘေးမှာ ဖွင့်လှစ်ထားတဲ့ သပိတ်စခန်းတစ်ခုကို ပြီးခဲ့တဲ့ မတ် ၃၀ ရက်နဲ့ ၃၁ ရက် နှစ်ရက်ဆက် နံနက် ၃ နာရီကျော်လင်းအားကြီး အချိန်တွေမှာ သက်ဆိုင်ရာက အင်အားရာနဲ့ချီကာ အသုံးပြုပြီး အင်အားသုံး ဖယ်ရှားခဲ့ပါတယ်။ သပိတ်စခန်းကို ဖယ်ရှားရာမှာ ပါဝင်ခဲ့သော ရာနဲ့ချီတဲ့ လူအုပ်ကြီးထဲမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝန်ထမ်းအချို့ ရဲတပ်ဖွဲ့ဝင်အချို့ ပါဝင်ခဲ့ပြီး အများဆုံး ပါဝင်သူတွေကတော့ လက်မောင်းမှာ လက်ပတ်အနီရောင် ၀တ်ထားတဲ့ ဘယ်ဆီဘယ်ဝယ်ကမှန်း မသိတဲ့ အရပ်ဝတ်အ၀တ်အစား ၀တ်ဆင်ထားသူများ ဖြစ်ပါတယ်။



စောင့်ကြည့်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ



သပိတ်စခန်းကို ဖယ်ရှားရာမှာ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ခွင့်ပြုချက်မရှိဘဲ အမိုးအကာပြုလုပ် နေထိုင်ခြင်း၊ ၀ါးတိုင်များ ထောင်ခြင်းများကြောင့် စည်ပင်သာယာဥပဒေနဲ့ ငြိစွန်းမှုကြောင့် ဖျက်သိမ်းရခြင်း ဖြစ်တယ်လို့ စည်ပင်သာယာ ၀န်ထမ်းများက အသံချဲ့စက်များနဲ့ အော်ဟစ်ပြီး နောက်မှာတော့ လက်ပတ်အနီရောင် ၀တ်ဆင်ထားသူများက သပိတ်စခန်းရဲ့ အမိုးအကာများကို အတင်းဝင်ရောက်ဆွဲချ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ ကြည့်ရှုခဲ့ရသည့် သပိတ်စခန်းကို ဖျက်သိမ်းတဲ့ ရုပ်သံမှတ်တမ်းများအရ နှစ်ရက်ဆက် အင်အားသုံး ဖျက်ဆီးခဲ့ရာတွင် ရဲတပ်ဖွဲ့အင်အားအချို့က နံပါတ်တုတ်များ၊ ဒိုင်းများကိုင်ဆောင်ကာ သပိတ်စခန်းကို ၀င်ရောက်ဖျက်ဆီးတဲ့ အနီရောင်လက်ပတ်ဝတ် လူအများနောက်မှာ စောင့်ကြည့်တဲ့ အနေအထားသာ ရှိခဲ့တာတွေ့ရပါတယ်။ ဖျက်ဆီးရာမှာ စည်ပင်ဝန်ထမ်းများ မပါဝင်ပေမယ့် အဓိကစေခိုင်းသူက စည်ပင်ဝန်ထမ်းဝတ်စုံ ၀တ်ထားသူများ ဖြစ်တယ်လို့ ယူဆနိုင်တဲ့ ရုပ်သံအဖြစ်အပျက်များကို တွေ့ရှိရပါတယ်။ လက်ပတ်အနီဝတ် လူများတွင်မူ လူလတ်ပိုင်း အမျိုးသား အများစုပါဝင်ပြီး အမျိုးသမီးအချို့နဲ့ အသက်ငယ်ရွယ်သူ အချို့လည်းပါဝင်တာ တွေ့ရပါတယ်။ ဒုတိယနေ့ဖြစ်တဲ့ မတ် ၃၁ ရက်ဖျက်ဆီးရာမှာတော့ လက်ပတ်အနီများအပြင် လက်မောင်းမှာ ရောင်ပြန်စတေကာများ ကပ်ထားသူ အရပ်ဝတ်များလည်း ပါဝင်ခဲ့ပြီး သပိတ်စခန်းမှ ဆန္ဒပြသူများနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ ဆန္ဒပြသူအချို့တွင် အသေးစားဒဏ်ရာများ ရရှိခဲ့ကြတာ ဖြစ်ပါတယ်။



ဘယ်သူက တာဝန်ခံမည်လဲ



ဒီနေရာမှာ သပိတ်စခန်းကို ၀င်ရောက်ဖျက်ဆီးရာမှာ အသုံးပြုခဲ့တဲ့ လက်ပတ်အနီရောင် ၀တ်ထားတဲ့ အရပ်ဝတ်လူများနဲ့ ပတ်သက်ပြီး မေးစရာရှိလာပါတယ်။ သူတို့တွေက ဘယ်သူတွေလဲ၊ ဘယ်ကလဲ၊ ဘယ်အတွက်ကြောင့် အခုလို သပိတ်စခန်းဖယ်ရှားတဲ့ ဖြစ်စဉ်မှာ အဓိကဆောင်ရွက်သူများအဖြစ် ပါဝင်ခဲ့သလဲဆိုတာ စဉ်းစားကြည့်ဖို့ ကောင်းပါတယ်။ အရပ်ဝတ်တွေ ၀တ်ထားပေမယ့် လက်မောင်းမှာ အားလုံးရဲ့ အနီရောင်လက်ပတ်တွေ ၀တ်ဆင်ထားတာကြောင့် ယင်းတို့ဟာ သာမန်အရပ်သားတွေလား၊ စနစ်တကျလေ့ကျင့်ထား သူတွေလား၊ ဌာနဆိုင်ရာ တစ်ခုခုက ၀န်ထမ်းတွေလားဆိုတာ သဲသဲကွဲကွဲ မသိရပါဘူး။ ရုပ်သံတွေမှာ တွေ့ရတာကတော့ သပိတ်စခန်းကို ၀င်ရောက်ဖျက်ဆီးရမှာ ရဲရဲတင်းတင်း ၀င်ရောက်ဖျက်ဆီး ခဲ့တာတွေ့ရပြီး တာဆီးတဲ့ ဆန္ဒပြသူတွေကိုလည်း တွန်းထိုးဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ ယင်းကဲ့သို့ဆောင်ရွက်မှု ဖြစ်စဉ်မှာထပ်ပြီး မေးစရာရှိလာတာက အဆိုပါ အရပ်ဝတ်ဆင်ထား သူများဟာ သပိတ်စခန်းကို ဖယ်ရှားရာမှာ ဆောင်ရွက်နိုင်ခွင့်ရှိသူများ ဖြစ်ပါသလား၊ သူတို့ဟာ ဘယ်လို တာဝန်ခံမှု၊ တာဝန်ယူသူများ ဖြစ်ကြပါသလဲ ဆိုတဲ့အချက်ပါ။ အကယ်လို့ သပိတ်စခန်းကို ဖယ်ရှားရင်း ဆန္ဒပြသူများ အပါအ၀င် တစ်ဦးတစ်ယောက် ထိခိုက်နစ်နာမှုတွေ ဖြစ်လာခဲ့မယ်ဆိုရင် သူတို့က တာဝန်ခံမှာလား၊ ဘယ်သူတွေက တာဝန်ခံကြမှာလည်းဆိုတာ သူတို့ကိုစေခိုင်းသူတွေ ဖြေပေးရမယ့် အဖြေဖြစ်ပါတယ်။



နိုင်ငံတကာအဓိကရုဏ်း နှိမ်နင်းရေးစံနှုန်းများဖြင့်သာ



နိုင်ငံတကာမှာတော့ အဓိကရုဏ်းဖြစ်စဉ်များ၊ သပိတ်စခန်းဖြိုခွဲမှု ဖြစ်စဉ်များကို ဆောင်ရွက်ရာမှာ စနစ်တကျ လေ့ကျင်ထားတဲ့ နှိမ်နင်းရေးတပ်ဖွဲ့များ၊ အများအားဖြင့် ရဲတပ်ဖွဲ့ဝင်များကိုသာ အသုံးပြုဆောင်ရွက်လေ့ ရှိကြပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာလည်း သပိတ်စခန်းဖြိုခွဲမှု ဖြစ်စဉ်များကဲ့သို့ အဓိကရုဏ်း ဖြစ်စဉ်များကို နိုင်ငံတကာစံနှုန်းနဲ့အညီ ဆောင်ရွက်နိုင်ဖို့အတွက် ဥရောပသမဂ္ဂရဲ့ ပံ့ပိုးမှုနဲ့ နိုင်ငံခြားသားကျွမ်းကျင် ပညာရှင်များက မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များကို သင်တန်းများပို့ချပေးလျက် ရှိသလို ရဲတပ်ဖွဲ့တာဝန်ရှိသူ တွေကလည်း စနစ်ကျတဲ့ အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့များပေါ် ထွက်လာဖို့ ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ ယခုသပိတ်စခန်း ဖြစ်စဉ်မှာလည်း သပိတ်စခန်းကို ဖယ်ရှားဖို့ မဖြစ်မနေ လိုအပ်လာပါက စနစ်တကျ လေ့ကျင့်ထားတဲ့ ရဲတပ်ဖွဲ့ဝင်များသာ သုံးသင့်တယ်လို့ ယူဆမိပါတယ်။ သို့မှသာဖြစ်ပေါ်လာသော ကိစ္စရပ်များအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့အတူ နိုင်ငံတကာ အဓိကရုဏ်း နှိမ်နင်းရေး စံနှုန်းများနဲ့အညီ ဆောင်ရွက်ခြင်းလို့ အများရှုမြင်ကြမှာ ဖြစ်ပါတယ်။



စွမ်းအားရှင်များမလိုချင်



ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို သွားနေတဲ့ဆိုတဲ့ ခေတ်ကြီးမှာ ယခင်တစ်ချိန်က အများပြည်သူတွေအကြား နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ စွမ်းအားရှင်လို ကြေးစားလူမိုက်ဆန်ဆန် အဖွဲ့အစည်းမျိုးတွေကို ပြည်သူတွေက မတွေ့မြင်လိုကြတော့ပါဘူး။ ဘယ်က ဘယ်လို ရောက်လာမှန်းမသိသော၊ ဘယ်အဖွဲ့ အစည်းက လူတွေမှန်းမသိသော သူတွေက အငြင်းပွားမှု ဖြစ်စဉ်တွေမှာ ၀င်ရောက်ဆောင်ရွက်တဲ့ အပြုအမူတွေဟာ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ဆောင်ရွက်သော ဒီမိုကရေစီ ကျင့်သုံးနေတဲ့ အစိုးရလက်အောက်က အဖွဲ့အစည်းတွေအနေနဲ့ ကျင့်သုံးဖို့ မသင့်တော်ပါဘူး။ ယခုသပိတ်စခန်း ဖယ်ရှားမှုဖြစ်စဉ် အပါအ၀င် နောင်လာလတ္တံသော အဓိကရုဏ်းဖြစ်စဉ်များ၊ သပိတ်စခန်းဖြိုခွဲမှု ဖြစ်စဉ်များမှာလည်း ယခုကဲ့သို့ လုံလောက်သော တာဝန်ခံမှု၊ တာဝန်ယူမှု မရှိနိုင်ဖွယ်ရှိတဲ့သူများ၊ အဖွဲ့အစည်းများကို အသုံးမပြုခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သော အငြင်းပွားဖွယ်ရာ ကိစ္စရပ်တွေကို ရှောင်လွှဲနိုင်မယ်လို့ မျှော်လင့်မိပါတယ်။



သမ္မတအပါအ၀င် အစိုးရအဖွဲ့ဝင်တွေ တဖွဖွပြောကြားနေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ရဲ့အောင်မြင်မှု၊ မအောင်မြင်မှု များဟာလည်း သမ္မတကအစပြုပြီး အောက်ခြေ၀န်ထမ်းများအထိ ဒီမိုကရေစီစံနှုန်းများကို မည်မျှအကောင်အထည်ဖော် ဆောင်ရွက်နိုင်သလဲဆိုတဲ့ အချက်ဖြင့်သာ တွက်ဆနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။



ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှိ မိကျောင်းကန်သပိတ်စခန်းအား မတ် ၃၀ ရက် နံနက်အစောပိုင်းတွင် သက်ဆိုင်ရာက အင်အားသုံးဖယ်ရှား





from Eleven Media Group's Facebook Wall http://ift.tt/1q3H6El

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3