(ဧပြီလ ၂၈ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial)
သတင်းလွတ်လပ်ခွင့် တကယ်ရှိသလော
သတင်းမီဒီယာ လောကအတွင်း ယခုရက်ပိုင်း အသံကျယ်လောင်စွာ ကြားနေရသည်မှာ သတင်းလွတ်လပ်ခွင့် အမှန်တကယ် ရှိသလော ဆိုသော မေးခွန်းဖြစ်သည်။ ထိုသို့ မေးခွန်းထုတ်ရလောက်အောင်ပင် သတင်းတာဝန် ထမ်းဆောင်နေသော သတင်းသမားများကို တရားစွဲခြင်း၊ ဖမ်းဆီး ထောင်ချခြင်းများ ဆက်တိုက်ဆိုသလို ကြုံနေရသည်။
သတင်းလွတ်လပ်ခွင့်ကို သတင်းမှန်သမျှ အကန့်အသတ်မရှိ ရေးခွင့်၊ ထုတ်ဝေဖြန့်ချိခွင့် ရနေခြင်း တစ်ခုတည်းဖြင့် တိုင်းတာ၍ မရပေ။ သတင်းမီဒီယာများ သတင်းရယူရာတွင် လူပုဂ္ဂိုလ်တစ်ဦးချင်း၊ အာဏာသုံးရပ်၊ အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် တပ်မတော်တို့က အပြန်အလှန် လေးစား နားလည်မှုဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း ရှိ မရှိ၊ အများပြည်သူနှင့် ဆိုင်သော ကိစ္စရပ်များတွင် သတင်းသမားများအပေါ် ခြိမ်းခြောက်မှု၊ နှောင့်ယှက်မှု ကင်းကင်းဖြင့် လွတ်လပ်စွာ သတင်းရယူခွင့် ရှိ မရှိ၊ တည်ဆဲဥပဒေများက သတင်းမီဒီယာများအပေါ် မျှတစွာ စိုးမိုးခြင်း ရှိ မရှိ၊ သတင်းဖော်ပြပြီးသော ကိစ္စရပ်တစ်ခုနှင့် စပ်လျဉ်း၍ မဆီမလျော် ဥပဒေပုဒ်မများဖြင့် တရားစွဲဆို ထောင်ချခြင်းများ ရှိ မရှိ စသည့် အချက်များဖြင့်လည်း ချိန်ထိုးကြည့်ရသည်။
ထိုအချက်များကို ထောက်ရှုသော် ယနေ့ မြန်မာမီဒီယာလောကတွင် နိုင်ငံတော်သမ္မတနှင့် ပြန်ကြားရေး ဝန်ကြီးဌာနတို့ ပြောကြားနေသကဲ့သို့ သတင်းမီဒီယာများ လွတ်လပ်စွာ အကြံပြု၊ ဝေဖန်၊ ထောက်ပြခွင့် အမှန်တကယ် ရရှိနေပြီလောဟု မေးစရာရှိသည်။ ၂၀၁၄ ခုနှစ်သည် သတင်းထောက်များ၊ အယ်ဒီတာများ တရားစွဲဆို၊ ထောင်ချ အပြစ်ပေး ခံရခြင်းများ ယခင်နှစ်များထက် ပိုများလာသည်ကို ကြည့်လျှင် ယင်းအမေး၏ အဖြေကို သိနိုင်သည်။
ယဉ်ကျေးသော မြန်မာလူ့အဖွဲ့အစည်းတွင် ပြဿနာတစ်ခု ဖြစ်ပါက ပြေလည် ငြိမ်းချမ်းစေနိုင်သည့် ဖြေရှင်းနည်းပေါင်းစုံ ရှိနေသည်။ ထို့အပြင် နှစ်ပေါင်း ခြောက်ဆယ်ခန့် မြန်မာ့တပ်မတော်ကို တော်လှန် တိုက်ခိုက်လာခဲ့သော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့်ပင် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပနေနိုင်သည့် ယနေ့အချိန်မျိုးတွင် ပြည်သူလူထု၏ သတင်းသိခွင့်ကို ဖြည့်ဆည်းပေးရန် အလို့ငှာ သတင်းတာဝန် ထမ်းဆောင်နေသော သတင်းသမားကို တရားစွဲဆိုခြင်း၊ ထောင်ချ အပြစ်ပေးခြင်းတို့မှာ များစွာ မဆီလျော်လှပေ။
အထူးသဖြင့် ပြည်သူလူထုကို မလေးမစား ပြုသည့် စကားလုံးများဖြင့် မယဉ်မကျေး ပြောဆိုနေသော ထိပ်တန်း အစိုးရအဖွဲ့ဝင်များကို အစိုးရအဖွဲ့ဝင် အချင်းချင်း အကာအကွယ်ပေးကာ မည်သည့် တောင်းပန်ဝန်ချမှု၊ အရေးယူ အပြစ်ပေးမှုမျှ မရှိခြင်း၊ ဘာသာရေး၊ လူမျိုးရေး ပုဂ္ဂိုလ်ရေး ထိခိုက်စေသည့် စကားလုံးများ၊ စွပ်စွဲမှုများ၊ သွေးထိုးလှုံ့ဆော်မှုများ၊ အပြစ်တင် ဆဲဆိုမှုများ အထိန်းအကွပ်မရှိ ရေးသား၊ ထုတ်ဝေနေသည်များကို တမင်သက်သက် လွှတ်ပေးသကဲ့သို့ ဖြစ်နေခြင်းတို့နှင့် နှိုင်းယှဉ်ပါကလည်း သတင်းတာဝန် ထမ်းဆောင်နေသော သတင်းထောက်များ အပေါ် အုပ်ချုပ်ရေးနှင့် တရားရေး မဏ္ဍိုင်တို့၏ ပြုမူပုံတို့မှာ များစွာ တစ်ဖက်သတ် ဆန်နေပေသည်။
ထို့အတူ လက်ရှိမြန်မာနိုင်ငံ၏ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းမှုကို မိမိတို့ ကိုယ်ကျိုးစီးပွား သက်သက်အလို့ငှာ နာမည်ဖျက်လိုသော အင်အားစု အချို့က အာဏာသုံးရပ်နှင့် မီဒီယာများအကြား ရည်ရွယ်ချက်ရှိရှိ အိုးမဲသုတ်နေခြင်းကိုလည်း အထူးသတိပြုရန် လိုပေသည်။
ထိုအခြေအနေတွင် ငြိမ်းချမ်းစွာ ဖြေရှင်း၍ရသော အသေးအဖွဲ ကိစ္စများကို ရန်လိုစွာ အထအနကောက် တုံ့ပြန်နေပါက မီဒီယာများနှင့် အာဏာသုံးရပ် အကြား နားလည်မှု လွဲကာ ယုံကြည်မှု ပျောက်ဆုံးပြီး လက်ရှိ အကောင်အထည်ဖော်နေသော နိုင်ငံတည်ဆောက်ရေး၊ ငြိမ်းချမ်းမှု တည်ဆောက်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတို့ကို ကြီးစွာ အနှောင့်အယှက် ဖြစ်သွားစေနိုင်ကြောင်း သတိပေးလိုရင်း ဖြစ်သည်။
အယ်ဒီတာ (၂၇-၄-၂၀၁၄)
from The Voice Weekly's Facebook Wall http://ift.tt/1k0y0TC
Comments
Post a Comment