INGO ဝန်ထမ်းများကို အကာအကွယ်ပေးရန် မြန်မာသမ္မတကို ဘန်ကီမွန်းတောင်းဆို
ရန်ကုန်၊ ဧပြီ ၁
မြန်မာနိုင်ငံရှိ INGO ဝန်ထမ်းများ၏ လုံခြုံရေးအတွက် အကာအကွယ် ပေးရန်နှင့် ပိုင်ဆိုင်မှု များကိုလည်း စောင့်ရှောက်ပေးရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ကို မတ်လ ၃၀ ရက်နေ့က တယ်လီဖုန်းဖြင့် ဆက်သွယ်၍ တောင်းဆိုခဲ့ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်တွင် လွန်ခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် INGO ရုံး၊ အဆောက်အအုံများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ပြောဆိုကြစဉ် ယင်းသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အကြောင်းပြ၍ ပြစ်ဒဏ် ကျူးလွန်မှုများကို လျစ်လျူမရှုရန် ဘန်ကီမွန်းက ပြောဆိုပြီး တရားဥပဒေ စိုးမိုးမှုကို လိုက်နာသည့် ပြည်သူအားလုံးကို အကာအကွယ် ပေးရန်လည်း တိုက်တွန်းထားသည်။
စစ်တွေတွင် ဖြစ်ပွားခဲ့သည့် INGO များ တိုက်ခိုက်ခံရမှုတွင် အစိုးရ တာဝန်ရှိသူများ၏ ကြိုတင်ကာကွယ် ဆောင်ရွက်မှုများကို ကြိုဆိုကြောင်း ဘန်ကီမွန်းက ပြောဆိုထားသည်။
ရခိုင်ပြည်နယ်တွင် လူသားချင်း စာနာမှုနှင့် လူ့အခွင့်အရေး အခြေအနေများတွင် စိုးရိမ်မှုများ ရှိနေသေးသဖြင့် ယင်းနေရာတွင် ကုလသမဂ္ဂ အပါအဝင် INGO များနှင့် အခိုင်အမာ ရှိနေစေရန် မြန်မာအစိုးရ အနေနှင့် လုပ်ဆောင် ထားသင့်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
မြန်မာနိုင်ငံတွင် ကောက်ယူနေသည့် သန်းခေါင်စာရင်းနှင့် ပတ်သက်၍လည်း ရခိုင်ပြည်နယ် အပါအဝင် အခြားနေရာများတွင် လူ့အခွင့်အရေး စံနှုန်းများနှင့် လုပ်ဆောင် နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဘန်ကီမွန်းက ပြောကြားသည်။
နိုင်ငံတော်သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်ကမူ INGO ဝန်ထမ်းများ အနေနှင့်လည်း ဒေသ၏ ထိလွယ် ရှလွယ်ဖြစ်သည့် ကိစ္စရပ်များကို ရှောင်ရှားရမည် ဖြစ်ကြောင်း၊ INGO များအနေနှင့် ဒေသခံ ပြည်သူလူထု၏ ယုံကြည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ရရှိအောင် လုပ်ဆောင်နိုင်မှသာ လုပ်ငန်း ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြောကြားထားသည်။
Malteser International အမည်ရ INGO မှ အမေရိကန် နိုင်ငံသူသည် မတ်လ ၂၆ ရက်နေ့က ၎င်းတို့ ငှားရမ်းနေထိုင်သည့် အိမ်တွင် နေအိမ်ပိုင်ရှင် လွှင့်ထူသည့် သာသနာ့အလံကို ဖြုတ်ချ၍ ဘောင်းဘီနှင့် ခါးကြား ထိုးထားမှုမှ စတင်ကာ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး INGO ရုံး၊ အဆောက်အအုံများ တိုက်ခိုက်ခံခဲ့ရကာ INGO ဝန်ထမ်းများလည်း ရန်ကုန်မြို့တော်သို့ ရှောင်တိမ်းခဲ့ရသည်။
from The Voice Weekly's Facebook Wall http://ift.tt/1kr4EQ5
Comments
Post a Comment