#emg_opinions
သဘာဝသယံဇာတ ထုတ်နုတ်ခြင်း ပွင့်လင်းမြင်သာရှိမှု
(Written by: တက္ကသိုလ်မိုးဝါ)
သဘာဝသယံဇာတ ထုတ်နုတ်တူးဖော်ခြင်းကိစ္စနှင့် ပတ်သက်သော ပွင့်လင်းမြင်သာမှုဆိုင်ရာအဖွဲ့ (EITI – Extractive Industries Transparency Initiative) သို့ အဖွဲ့ဝင်လောင်းအဖြစ် ပါဝင်နိုင်ရန် မြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ် မကုန်မီကပင် ကြိုးပမ်းနေခဲ့ပေသည်။ ၂၀၁၃ ဒီဇင်ဘာလကုန် နောက်ဆုံးထား၍ လိုအပ်သော စာရွက်စာတမ်းများဖြင့် ယင်းအဖွဲ့သို့ တင်ပြလျှောက်ထားရန် ဖြစ်သော်လည်း EITI ၏ လိုအပ်ချက်တစ်ခုဖြစ်သည့် သုံးပွင့်ဆိုင် (အစိုးရ၊ ကုမ္ပဏီ၊ အရပ်ဘက်) အဖွဲ့အစည်းတို့ သဘောတူညီမှုရရန် ညှိနှိုင်းကာလ မလုံလောက်သဖြင့် မြန်မာနိုင်ငံ အနေနှင့် အဖွဲ့ဝင်လောင်းဖြစ်ရန် လျှောက်ထားချက်ကို ရွှေ့ဆိုင်းလိုက်ရသည်။ ယခုမူ EITI အဖွဲ့ဝင်လောင်း ဖြစ်လာရန် ၂၀၁၄ ဇွန်လကုန်တွင် အပြီးသတ် ဆောင်ရွက်တော့မည်ဟု ဆိုသည်။
ထိုသို့ အပြီးသတ် ဆောင်ရွက်နိုင်ရန် ရေနံ၊ သဘာဝဓာတ်ငွေ့၊ တွင်းထွက်သယံဇာတ စသည့်ကဏ္ဍ သုံးရပ်အနက် မြန်မာနိုင်ငံ အနေဖြင့် ထည့်သွင်းရမည့် ကဏ္ဍကို ကနဦး လေ့လာဆန်းစစ်မှု ပြုရန်အတွက် ကမ္ဘာ့ဘဏ်နှင့် ဗြိတိန်အခြေစိုက် Aden Smit International အဖွဲ့အစည်းတို့က မြန်မာနိုင်ငံသို့ လာရောက်မည်ဟု ဆိုသည်။
EITI ဟူသည်မှာ အပြည်ပြည်ဆိုင်ရာ စံနှုန်းတစ်ခု ဖြစ်သည်။ ယင်းစံနှုန်းဖြင့် နိုင်ငံတကာ၏ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တု တွင်းလုပ်ငန်းဆိုင်ရာ ပွင့်လင်းမြင်သာမှု ရှိရေးအတွက် ကန့်သတ်ဖော်ဆောင်ပေးခြင်း ဖြစ်သည်။ နိုင်ငံစုံမှ အစိုးရများ၊ ကုမ္ပဏီများ၊ အရပ်ဘက် အဖွဲ့အစည်းများ ၊ ရင်းနှီးမြှုပ်နှံသူများနှင့် အခြားအဖွဲ့အစည်းတို့၏ စီမံခန့်ခွဲမှုအောက်တွင် ရပ်တည်လျက်ရှိသည်။ EITI ၏ စံနှုန်းသည် ကြံ့ခိုင်သန်စွမ်းသည့် အားလျော်စွာ သိမ်မွေ့ပြီး နည်းစနစ်ကျပေရာ နိုင်ငံအများက မိမိတို့ ကြုံတွေ့နေရသော သဘာဝ သယံဇာတဆိုင်ရာ ပြဿနာများ ဖြေရှင်းရန် အားကိုးအားထားပြုကြသည်။
EITI စံနှုန်းအတိုင်း လုပ်ငန်းကိစ္စ အကောင်အထည် ဖော်လိုက်ပါက နိုင်ငံတစ်ခုရှိ သဘာဝ သယံဇာတများအား မည်သို့ကိုင်တွယ် ဖော်ဆောင်သည်။ သတ္တုထုတ်နုတ်ခြင်းမှရသော အစိုးရ၀င်ငွေ ပမာဏ မည်မျှရှိသည်၊ သက်ဆိုင်သည့် လုပ်ငန်းရှင်က ၀င်ငွေခွန် မည်မျှပေးဆောင်သည် စသည်တို့ကို ပြည့်ဝစွာ ပွင့်လင်းမြင်သာ ကြေညာရသော အခြေအနေသို့ ရောက်သွားစေလေသည်။
လက်ရှိ EITI ၏ ဥက္ကဋ္ဌမှာ ကလဲရှော့ထ် (Clare Short) ဖြစ်သည်။ သူမသည် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဗြိတိသျှနိုင်ငံခြားရေး ၀န်ကြီးဟောင်းတစ်ဦး ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ EITI အတွင်းဝန်များ ရုံးစိုက်ရာဌာနမှာ နော်ဝေနိုင်ငံ အော်စလိုမြို့ ဖြစ်သည်။
EITI ဖွဲ့စည်းရန် ၂၀၀၂ စက်တင်ဘာတွင် ဗြိတိသျှဝန်ကြီးချုပ် တိုနီဘလဲက အာဖရိကနိုင်ငံ ဂျိုဟန်နာ့စ်ဘာ့ဂ်မြို့၌ ကျင်းပသည့် ရေရှည်ဖွံ့ဖြိုးမှုဆိုင်ရာ ကမ္ဘာ့ထိပ်သီး အစည်းအဝေး၌ ၎င်း၏စိတ်ကူးကို စတင်အကောင်အထည် ဖော်ဖြစ်ခဲ့သည်။ ယင်းမတိုင်မီ လွန်ခဲ့သည့် နှစ်အနည်းငယ်ကပင် ကုမ္ပဏီများနှင့် အရပ်ဘက် အဖွဲ့အစည်းများသည် သဘာဝသယံဇာတမှ ကြီးမားသော ၀င်ငွေပမာဏ ရရှိနေသော အစိုးရနှင့်တကွ နီးစပ်သူတို့၏ ပွင့်လင်းမြင်သာ မရှိမှုတို့အား မည်သို့တန်ပြန် ကုစားရမည် ဆိုသည်ကို မျက်နှာချင်းဆိုင် ခေါင်းခဲခဲ့ပေါင်းလည်း များလှပြီဖြစ်သည်။
ထပ်မံ၍ ရှင်းပါမည်
Extractive Industries = သယံဇာတ ထုတ်နုတ်တူးဖော်သည့် စက်မှုလုပ်ငန်း။ အဓိကအားဖြင့် ရေနံ၊ သဘာဝဓာတ်ငွေ့၊ သတ္တုတွင်း။
Transparency = ထင်သာမြင်သာရှိခြင်း။
Initiative = သတ္တုတူးဖော်လုပ်ငန်း လုပ်သူများသည် EITI က ချမှတ်ထားသော စံနှုန်းအတိုင်း မိမိတို့ဘာသာ (အခွန်ဆောင်ခြင်း အပါအ၀င်) ပြည်သူအား ပွင့်လင်းမြင်သာစွာ မှန်မှန်ကန်ကန် ချပြကြေညာသည့်လုပ်ရပ်။
ယခုအချိန်ထိ နိုင်ငံ ၂၃ ခုသည် EITI တင်းပြည့်အဖွဲ့ဝင်ဖြစ်ပြီး (နိုင်ငံနှစ်ခုမှာ အဖွဲ့ဝင်အဖြစ်မှ ပယ်ဖျက်ခံရ)၊ ၁၃ နိုင်ငံမှာ EITI အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် ရှိနေသည်။ (နိုင်ငံသုံးခုကို ပယ်ဖျက်)။ မြန်မာနိုင်ငံ အပါအ၀င် အမေရိကန်၊ ကနေဒါနှင့် ကိုလံဘီယာနိုင်ငံတို့သည် အဖွဲ့ဝင်လောင်းပင် မဖြစ်သေးဘဲ ဖြစ်ရန်တာစူနေကြသောနိုင်ငံ ဖြစ်လေသည်။
အဖွဲ့ဝင်လောင်း (EITI Candidate Status) အဆင့်သို့ ရောက်ရှိရန်အတွက် ဖြည့်ဆည်းရမည့် တာဝန်များမှာ သက်ဆိုင်ရာအစိုးရ၏ စွမ်းဆောင်ပါမည်ဆိုသော ကတိက၀တ်၊ ရလဒ်ပန်းတိုင်ကို ပြညွှန်းရေးဆွဲထားသော လုပ်ငန်းစီမံချက်၊ ကုမ္ပဏီများ အရပ်ဘက် အဖွဲ့အစည်းများနှင့် အစုရှယ်ယာစု ပေါင်းဖွဲ့စည်းထားမှု စသည့်ကိစ္စများအား ရှင်းလင်းစွာရေးသား ဖော်ပြ၍ လျှောက်ထားရမည်ဖြစ်သည်။
မြန်မာနိုင်ငံရှိ နိုင်ငံခြား ကုမ္ပဏီများသည် နိုင်ငံတကာအဆင့် သယံဇာတ တူးဖော်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး ဖြစ်သော်လည်း ပြည်တွင်းကုမ္ပဏီများ အဖို့မူ ထိုသို့မဟုတ်ပေ။ မြန်မာ့သတ္တုတွင်း ကဏ္ဍသည် ပွင့်လင်းမြင်သာမှု အလွန်အားနည်းနေဆဲ ဖြစ်နေရုံမျှမက သတင်းအချက် အလက်ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍လည်း ကန့်သတ်မှုများနှင့် ရင်ဆိုင်နေရ၏။
ယင်းသတ္တုတွင်းလုပ်ငန်းများ လုပ်ကိုင်သူတို့သည် ဥပဒေ၊ နည်းဥပဒေအတိုင်း လိုက်နာကျင့်သုံးခြင်း အပိုင်း၌ အလွန်အားနည်းနေဆဲပင်ဖြစ်ပြီး အမိန့်အာဏာတို့နှင့်သာ လုပ်ကိုင်ဆောင်ရွက်နေကြရသည်ဟု ဆိုသည်။ ထိုမျှသာမက ပြည်တွင်းကုမ္ပဏီတို့၏ လူ့စွမ်းအား အရင်းအမြစ်ပိုင်း၏ အားနည်းချက်များကြောင့် နိုင်ငံတကာအဆင့် တူးဖော်ရေးလုပ်ငန်း ဆောင်ရွက်ရာ၌ ထင်သာမြင်သာရှိရန် အခက်အခဲများစွာ ရှိနေသေးကြောင်း ဆိုပါသည်။ နိုင်ငံတော်အစိုးရ၏ ပွင့်လင်းမြင်သာမှုများ ပိုမိုအားကောင်းလာသည်နှင့်အမျှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအား ပို၍၀င်ရောက်လာစေရန် ဆွဲဆောင်သည့် လျှပ်စစ်သံလိုက်သဖွယ် ဖြစ်နေမည်မှာ မလွဲပေ။ သတ္တုတွင်းဝန်ကြီးဌာန၏ အဆိုအရ ရှမ်းပြည်နယ်တွင် ပြည်တွင်းသတ္တုတွင်း ကုမ္ပဏီ တစ်ခုသာရှိသေးကြောင်း သိရ၏။ မြန်မာတစ်နိုင်ငံလုံး၌မူ သတ္တုတွင်း ကုမ္ပဏီပေါင်း ၁၅၀၀ ခန့်ရှိကြောင်း မြန်မာ့ EITI (MEITI) က ဆိုပါသည်။
နိုင်ငံတွင် အချို့တူးဖော်လုပ်ငန်းရှင်များသည် နိုင်ငံခြား ကုမ္ပဏီတို့ထက် လုပ်ပိုင်ခွင့်ဆိုင်ရာ နည်းပါးသဖြင့် ရပိုင်ခွင့် အကျိုးအမြတ်လည်း နည်းနေတတ်သည်။
သို့ပါ၍ ဒေသခံ ပြည်သူတို့အတွက် ပြန်လည့်ဖြန့်ဝေပေးခြင်း ကိစ္စ၌လည်း အလွန်အားနည်းနေသည်။ ယခု ၂၀၁၄ ဇွန် နောက်ဆုံးထားပြီး မြန်မာနိုင်ငံသည် EITI အဖွဲ့ဝင်လောင်း ဖြစ်လာရေးအတွက် ပြင်ဆင်သည့်အပိုင်းကို ရောက်နေပြီဆိုသည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှု ရလဒ်ကို ပြည်သူလူထုတွင်းသို့ ဖြန့်ဝေပျံ့နှံ့သွားစေရန် EITI က များစွာအထောက်အကူ ပြုမည်မှာ မုချပင်ဖြစ်၏။
EITI အဖွဲ့ဝင်လောင်း ဖြစ်ခြင်းနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးဒုဝန်ကြီးက “EITI အဖွဲ့ဝင် ဖြစ်သွားပြီဆိုရင် သယံဇာတနဲ့ ပတ်သက်တဲ့ စက်မှုလုပ်ငန်းတွေမှာ အဂတိလိုက်စားမှုတွေ အလိုအလျောက် ပပျောက်သွားမယ်။ အခြားအကျိုးကျေးဇူးကတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပိုရလာမယ်။ သဘာဝ သယံဇာတကရတဲ့ ငွေတွေက ပြည်သူတွေရဲ့ ဘဏ္ဍာငွေတွေပဲ။ သယံဇာတဆိုတာ မကုန်ခန်းနိုင်တဲ့ အရာတွေ မဟုတ်ဘူးဆိုတာ သတိထားနေသင့်တယ်။ ဒါကြောင့် သတိကြီးစွာနဲ့ အသုံးပြုသင့်ပါတယ်” ဟု ပြောကြားသွားခဲ့သည်။
ဒုဝန်ကြီး ပြောကြားသွားသည့်အတိုင်း အဂတိလိုက်စားမှုများ အလိုအလျောက် ပပျောက်သွားမည် ဆိုသည်မှာ မှန်ပါသည်။ သို့ရာတွင် ယင်းသို့ဖြစ်လာရန်မှာ EITI ပါ စံနှုန်း၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းအတိုင်း ပြည်တွင်းကုမ္ပဏီများက တိတိကျကျ လိုက်နာကျင့်သုံးမှသာ ဖြစ်နိုင်မည်။ သယံဇာတက ရသည့်ငွေသည် တကယ်ပင် ပြည်သူများ၏ ဘဏ္ဍာငွေ ဖြစ်သလား၊ မဖြစ်ဘူးလား သံသယဖြစ်ဖွယ် အခြေအနေ၌ပင် ရှိနေဦးမည်ဟု ဝေဖန်သုံးသပ်နေကြသည်။
ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုတွင်းဆိုင်ရာ စက်မှုလုပ်ငန်း ကဏ္ဍများအပြင် မြန်မာနိုင်ငံက ရေအားလျှပ်စစ်နှင့် သစ်တောကဏ္ဍတို့ကိုလည်း ပါဝင်ထည့်သွင်းရန် အစီအစဉ် ရှိနေသေးသည်ဟု ဆိုသည်။
သို့ဖြစ်ရာ ပို၍အရေးကြီးသည်မှာ EITI ပါ စံနှုန်းများအတိုင်း လိုက်နာဆောင်ရွက်၊ မဆောင်ရွက်ဆိုသည်ကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်ထိန်းကွပ်ဖို့ လိုသည်။
EITI ပါ ဥပဒေ၊ နည်းဥပဒေများအား ဖောက်ဖျက်လုပ်ဆောင်သော လုပ်ငန်းရှင် အဖွဲ့အစည်းတို့ကိုလည်း ထိရောက်စွာ အရေးယူ ပြစ်ဒဏ်ချမှတ်ခြင်းသည်ကား အရေးကြီးဆုံးပင် ဖြစ်နေပါတော့သည်။
(ကြေးစင်တောင်၊ စံပယ်တောင်ရှိ စီမံကိန်းလုပ်ငန်းခွင် တစ်နေရာကို တွေ့ရစဉ်)
from Eleven Media Group's Facebook Wall http://ift.tt/1hqtWdA
Comments
Post a Comment