#emg_opinions
ဆင်းရဲခြင်းမှ တွန်းပို့ခဲ့သော . . . .
(Written by: ဖြိုးဝေ)
စူးရှသော အနံ့ဆိုးတစ်ခုသည် အလုံပိတ်ထားသော ကားအတွင်းမှ လူအများဆီသို့ ပျံ့လွင့်လာသည်။ လမ်းဘေးဝဲယာဆီ အကဲခတ်ကြည့်မိချိန်တွင် ယင်တလောင်းလောင်းထနေသော အမှိုက်ပုံမှ စွန့်ပစ်ပစ္စည်းများကို တွေ့နေရသည်။ ကားပေါ်ရှိ ကျွန်တော်တို့ ခံစားနေရသည်က အဆိုပါအမှိုက်ပုံဆီမှ ရရှိနေခြင်းပင် ဖြစ်သည်။ ထိုအမှိုက်ပုံပေါ်တွင် ဘေးပတ်လည်ဝန်းကျင်တွင်မတော့ အမှိုက်ပုံ စွန့်ပစ်ပစ္စည်းများအား ကောက်ခံစုဆောင်းနေသည့် လူအချို့အား သန့်ရှင်းမှုကင်းစွာဖြင့် တွေ့မြင်နေရသည်။
ကျွန်တော်တို့ ရောက်ရှိနေသော နေရာသည်ကား ပြင်သစ်စာရေးဆရာ ဒေါမနစ်လာပီးယား ရေးသားသည့် City of Joy စာအုပ်အား မြန်မာနိုင်ငံမှ နာမည်ကျော်စာရေးဆရာကြီး ဆရာမြသန်းတင့် ဘာသာပြန်ခဲ့သည့် သုခမြို့တော်မှ ဇာတ်ဝင်ခန်းအချို့အား အခြေပြုခဲ့သည့် အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့၏ ပုံရိပ်များနှင့် ထပ်တူကျနေသလား တွေးဆမိနိုင်လောက်သည့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၏ ဆင်ခြေဖုံးဒေသတစ်ခုဖြစ်သည့် စီရပူရိဧရိယာသို့ ရောက်ရှိနေခြင်းဖြစ်သည်။
နယူးဒေလီမြို့ဟု ဆိုလိုက်လျှင် မြန်မာပြည်သူများအတွက် မည်သည့်နေရာတွင် ရှိသနည်းဟု တွေးမိစရာ ဖြစ်ပါလိမ့်မည်။ ထိုသို့သော နေရာတစ်ခုအား မျက်စိတွင်း ကွက်ကွက်ကွင်းကွင်း ပေါ်ထွက်ရန် ရေးပြရမည်ဆိုပါက ဗုဒ္ဓဘာသာဝင်များ၏ သုံးလောကထွတ်ထား မြတ်ဘုရားရှင် သုတ္တန်ပေါင်းများစွာအား ဟောကြားခဲ့သည့် ကုရုတိုင်း၊ ကမ္မာသဓမ္မမြို့သည် နယူးဒေလီ အရှေ့တောင်ပိုင်းတွင် တည်ရှိခဲ့သည်ဟု အိန္ဒိယရှေးဟောင်း သုတေသနဌာနက အတည်ပြုထားခဲ့သည်။
ဗုဒ္ဓဘုရားရှင်လက်ထက်တော် အခါက ဇမ္မူဒီပကျွန်းမှာ ယနေ့အိန္ဒိယနိုင်ငံပင် ဖြစ်သည်။ မဇ္ဈိမဒေသဆိုသည်မှာ၊ အိန္ဒိယနိုင်ငံတွင်းမှ ဗီဟာပြည်၊ ယူပီပြည်တို့နှင့် နီပေါနိုင်ငံတို့ဖြစ်သည်။ ထိုအချိန်က အိန္ဒိယဒေသ တစ်ခုလုံးကို တိုင်းကြီး(၁၆)တိုင်းအဖြစ် ခွဲခြမ်းအုပ်ချုပ်ခဲ့ကြသည်။ ယင်းပြည်နယ်များအနက်မှ မာဂဓတိုင်း ယခုဗီဟာပြည်နယ်နှင့် ကောသလတိုင်း ယခုယူပီပြည်နယ်တို့မှာ ဗုဒ္ဓဘာသာဝင်များအတွက် အရေးအပါဆုံး အချက်အချာဒေသများ ဖြစ်ကြသည်။
ဗုဒ္ဓသာသနာ စတင်ထွန်းကားခဲ့သည့် အိန္ဒိယနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများအနက် အဆင်းရဲဆုံးသော ပြည်သူလူထု အများစုအား ပိုင်ဆိုင်ထားသည့် အိန္ဒိယနိုင်ငံ၏မြို့တော် နယူးဒေလီမြို့သို့ ပြီးခဲ့သည့် မတ် ၁၇ ရက်က မထင်မှတ်ဘဲ ရောက်ရှိဖြစ်ခဲ့သည်။
အိန္ဒိယနိုင်ငံ၏ ဘတ်ဂျက်ခွဲဝေမှုနှင့် ပြည်သူ့ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုများအား လေ့လာရန် သွားရောက်သည့် ကျွန်တော်တို့အတွက် အောက်ခြေလူတန်းစားများနှင့် ထိတွေ့နိုင်ရန် နယူဒေလီမြို့၊ စီရပူရိဧရိယာသို့ Action Aid India ၏ တာဝန်ရှိသူများ၏ ပို့ဆောင်မှုဖြင့် ရောက်ရှိခဲ့သည်။
စီရပူရိဧရိယာသို့ ရောက်ရှိစတွင် အဆိုပါဧရိယာရှိ လူများနှင့် ရင်းနှီးကျွမ်းဝင်စွာ နေထိုင်၍ ယင်းလူများ၏ အကြောင်းအား အလုံးစုံသိရှိသည်ဟု ဆိုနိုင်သည့် Pardarshita အဖွဲ့နှင့် ကနဦး တွေ့ဆုံခွင့် ရရှိခဲ့သည်။
Pardarshita အဖွဲ့ဆီ သွားရောက်သည့် လမ်းကြောင်းတစ်လျှောက်တွင် မကြားဝံ့မနာသာ စကားအချို့နှင့် နှုတ်ခွန်းဆက်မှုများ၊ ကင်မရာ သတိထားဆိုသည့် သတိပေးစကားများ၊ ကလေးတွေက ရိုင်းတယ်၊ သတိထားနော်ဆိုသည့် စကားများ၊ ခဲနဲ့ အပေါက်ခံရမယ်၊ လူမကွဲစေနဲ့ စသည့်သတိပေးစကားများနှင့်သာ ပြည့်နှက်နေခဲ့သည်။ လိုက်လံပို့ဆောင်သူများ၏ စိုးရွံ့မှုများသည် အလဟဿတော့ မဟုတ်ကြောင်းလည်း ကျွန်တော်တို့ သိခွင့်ရရှိခဲ့သည်။
အိန္ဒိယနိုင်ငံသည် လူဦးရေ ၁ ဒသမ ၃ ဘီလျံခန့်ရှိသည့် ပြည်နယ်တစ်ခု ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ လူဦးရေ သန်းပေါင်း ၈၀၀ ခန့်မှာ ဆင်းရဲမွဲတေမှု စည်းမျဉ်းအောက်တွင် ရောက်ရှိနေပြီး နိုင်ငံ့လူဦးရေ၏ ၁၇ ရာခိုင်နှုန်းခန့်မှာ အာဟာရချို့တဲ့မှု ပြဿနာနှင့် ရင်ဆိုင်နေရသော ပြည်နယ်တစ်ခုဖြစ်သည်။ နေစရာလုံလောက်အောင် မရှိခြင်းကြောင့် နိုင်ငံတစ်နိုင်ငံ၏ မြို့တော်ဖြစ်သည့် နယူးဒေလီမြို့၌ပင် မြို့တွင်းမြို့ပြင် အနီးတစ်ဝိုက်တွင် ကျူးကျော်တဲများ ပြည့်နေသည်။
“ဒီလူတွေက လယ်ယာစိုက်ပျိုးရေး လုပ်တဲ့သူတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေပါ။ လုပ်ကိုင်စားစရာမရှိလို့ မြို့ပေါ်တက်လာတယ်။ အစိုးရက နှင်ထုတ်တယ်။ သူတို့ကလည်း ဖြစ်သလိုနေရင်း တဖြည်းဖြည်းနဲ့ ဒီလိုမျိုးတွေ ဖြစ်လာခဲ့တယ်။ အခုအချိန်မှာ သူတို့အတွက် အလိုအပ်ဆုံးက ရေသန့်ပါ” ဟု Pardarshita အဖွဲ့ခေါင်းဆောင်တစ်ဦးက စီရပူရိဧရိယာတွင် နေထိုင်သူများ အခြေအနေအပေါ် ပြောဆိုသည်။
သောက်သုံးရေသန့် လိုအပ်ချက် ကြီးမားသည့် ပြဿနာနှင့် ရင်ဆိုင်နေရသည် ဆိုသော်လည်း အိန္ဒိယနိုင်ငံ၏ လူဦးရေ ၆၆ ရာခိုင်နှုန်းကျော်သည် အိမ်သာမရှိဆိုသကဲ့သို့ စီရပူရိဧရိယာသည်လည်း အိမ်သာမရှိခြင်းနှင့် ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားမှု ပြင်းထန်သည့် နိုင်ငံ့အခြေအနေ၌ အစ္စလာမ်ဘာသာဝင် အများစု အဓိကနေထိုင်သည့် စီရပူရိဧရိယာမှာ အိန္ဒိယပြည်သူများသည် အနှိမ်ခံရမှုပေါင်း များစွာနှင့် ရင်ဆိုင်နေရပြန်သည်။
ယင်းဧရိယာတွင် နေထိုင်သည့် ကလေးငယ်များ၏ ပညာရေး အခြေအနေမှာ အောင်လက်မှတ်ပင် ထုတ်ယူရန် မလွယ်ကူဆိုသည့် အနေအထားများနှင့် သူတို့၏ အနာဂတ်များသည် လူဖြစ်နေပါလျက် ပျောက်သောလမ်းတွင် စမ်းတ၀ါးဝါး ဖြစ်နေရကြောင်း Pardarshita အဖွဲ့မှ တာဝန်ရှိသူများနှင့် ဆွေးနွေးပြောကြားချက်များအရ သိရသည်။
Pardarshita အဖွဲ့မှ တာဝန်ယူ စာသင်ကြားနေသည့် ကလေးငယ်များနှင့် စကားပြောအပြီးတွင်မတော့ ရပ်ကွက်အတွင်း လှည့်လည်ကြည့်ရှုရန် ကျွန်တော်တို့ ဆုံးဖြတ်လိုက်သည်။ ယင်းဧရိယာတွင် နေထိုင်သူများ အကြောင်းအား အစအဆုံး သိရှိထားသည့် Pardarshita အဖွဲ့မှ တာဝန်ရှိသူများက ကျွန်တော်တို့အဖွဲ့အား ရှေ့နောက်ပိတ်၍ ဂရုတစိုက် ခေါ်ဆောင်သွားကြသည်။
ရပ်ကွက်အတွင်း နေထိုင်သည့် အိမ်အများစုမှာ အလျား၊ အနံ၊ အမြင့် ရှစ်ပေပတ်လည်ခန့်သာ ကျယ်ဝန်းနိုင်သည်။ ထိုမျှ သော အကျယ်အ၀န်းလေးမှ ထွက်ပေါ်လာသည်မှာ တစ်ခန်းတစ်ခန်းတွင် လူခြောက်ဦး၊ ခုနစ်ဦးခန့် ရှိနေသည်။ အဆိုပါ အိမ်လေးများဆီ သွားရာလမ်းမှာ နှစ်ပေခန့်သာ ကျယ်ဝန်းနိုင်သည်။ အိမ်တိုင်းအိမ်တိုင်းတွင် မီးဖိုချောင်နှင့်၊ အိမ်သာရေချိုးခန်းကို လုံးဝတွေ့ရှိခဲ့ခြင်း မရှိချေ။ ညစ်ပတ်နံစော်နေသော လမ်းကြားလေးတွင် ဈေးရောင်းဝယ်နေသူများ၊ ငြင်းခုံနေသူများ၊ ဆော့ကစားနေသူများ၊ အမှိုက်ပုံ စွန့်ပစ်ပစ္စည်းဖြစ်နေပြီး ဖက်လုံးများ၊ ခေါင်းအုံးများတွင် ပြန်လည်သုံးနိုင်သည့် ဖော့များကို ခွာနေသူများကို တွေ့ရှိရသည်။ ရပ်ကွက်ဧရိယာ၏ ထိပ်ပိုင်းဟု ယူဆနိုင်သည့် လမ်းထိပ်သည်လည်း ကြီးမားသည့် အမှိုက်ပုံများနှင့် ပိတ်ဆို့နေသည်။ ရေကောင်းရေသန့် လိုအပ်သည်ဟုဆိုသည့် ယင်းဧရိယာမှ လူများအတွက် လေကောင်းလေသန့် ဆိုသည်မှာ အဘယ်နေရာ၌ ရှာဖွေရမည်နည်း။
အိန္ဒိယနိုင်ငံတွင် ရှိခဲ့သည့် လေးရက်တာ ကာလအတွင်း ကျွန်တော်တို့ ရောက်ရှိခဲ့သည်မှာ စီရပူရိ ဧရိယာတစ်ခုသာ ဖြစ်သော်လည်း ထိုသို့သော ရပ်ကွက်များစွာမှာ နယူးဒေလီမြို့တွင် တည်ရှိနေကြောင်းလည်း Burma Center Delhi အဖွဲ့အစည်းမှ ကင်မ်ကဆိုသည်။
စီရပူရိဧရိယာတွင် နေထိုင်သူ အများစုသည် လယ်လုပ်သူများနှင့် ရွှေ့ပြောင်းလုပ်သားများဆိုသည့် စကားကို အပြန်လမ်းတစ်လျှောက် အတွေးဋီကာ ချဲ့မိသည်။ မည်သို့ပင် လူ့အဆင့်အတန်းအောက် ရောက်နေသည် ဆိုစေကာမူ သူတို့သည် လူများပင်ဖြစ်သည်။ သူတို့အား ယခုကဲ့သို့ အနေအထားဆီသို့ တွန်းပို့ခဲ့သည့် တရားခံသည်ကား ဆင်းရဲခြင်းဆိုသည့် ဇာတ်ကောင်သာ ဖြစ်နိုင်ပေသည်။
(အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ စီရပူရိဧရိယာရှိ ကလေးငယ်များမြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ))
from Eleven Media Group's Facebook Wall http://ift.tt/1fpOeHH
Comments
Post a Comment