#emg_editorials
၂၀၁၄ ဧပြီလ ၂၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
မြန်မာ့ယဉ်ကျေးမှုနှင့် ဂလိုဘယ်လိုက်ဇေးရှင်း
နည်းပညာတိုးတက်မှုကြောင့် ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာ ဖြစ်လာခဲ့ပြီဟု ဆိုကြသည်။ ဂလိုဘယ်လိုက်ဇေးရှင်း ဆိုသည့်စကားလုံးကို တဖွဖွရေရွတ်ရင်း အ၀တ်အစား၊ ရုပ်ရှင်၊ တေးဂီတမှစ၍ အနောက်တိုင်းကို ပုံတူပြုကြသည်။
ကိုရီးယားယဉ်ကျေးမှု လှိုင်းရိုက်ခတ်သောအခါ ကိုရီးယားယဉ်ကျေးမှုကို ပုံတူပြုရန် ကြိုးစားကြပြန်သည်။ ထိုသို့ လွှမ်းမိုးမှုအားကောင်းသော ယဉ်ကျေးမှုလှိုင်းများ ရိုက်ခတ်မှုအောက်တွင် မြန်မာ့ဓလေ့၊ မြန်မာ့ရိုးရာယဉ်ကျေးမှုတို့သည် ပျောက်ကွယ်လုမတတ် ဖြစ်နေရပြီး ရှင်သန်ရပ်တည်နိုင်ရေးအတွက် အလူးအလဲ ရုန်းကန်လှုပ်ရှားနေကြရသည်။
“အသန်မာဆုံးသူသာ ရှင်သန်စမြဲ” ဟု သိပ္ပံပညာရှင် ဟားဗတ်စပင်ဆာက ပြောဆိုခဲ့သည်။ ဇီဝဖြစ်စဉ်သဘောတရားအရ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိအောင် ပြုပြင်ယူလာနိုင်သည့် မျိုးစိတ်များသာ ရှင်သန်ကျန်ရစ်နိုင်လိမ့်မည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထိုစကားလုံးကို နောက်ပိုင်း နယ်ပယ်အသီးသီးတွင် အသုံးပြုလာခဲ့ကြသည်။ ယဉ်ကျေးမှု စစ်မျက်နှာပြင်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုများ တိမ်မြုပ်လာရခြင်းမှာ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် မပြုလုပ်နိုင်ခြင်း တစ်နည်းအားဖြင့် အသန်မာဆုံးသူ မဖြစ်ခဲ့ခြင်းမှာ အကြောင်းရင်းတစ်ရပ် ဖြစ်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု ပညာရှင်များသည် အစဉ်အလာကို တော်လှန်၍ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ယူမှုများ အားနည်းတတ်ကြသည်။ နောက်တစ်ချက်မှာ အစိုးရ၏ အခန်းကဏ္ဍဖြစ်သည်။ နိုင်ငံတိုင်းသည် မိမိတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ မပျောက်ပျက်အောင် ကာကွယ်စောင့်ရှောက်ကြရရန် တာဝန်ရှိသည်။ ဥပမာ ဂျပန်နိုင်ငံသည် ၎င်းတို့၏ ယဉ်ကျေးမှုလက်လုပ်ပစ္စည်းများ ပြုလုပ်မှုအပေါ် မူပိုင်ခွင့် သတ်မှတ်ပေးထားသည့်အပြင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းထဲသို့ဝင်အောင်လည်း မှတ်ပုံတင်ထားနိုင်သည်။ ဂျပန်နိုင်ငံမှလွဲ၍ အခြားမည်သည့်နေရာတွင်မှ အဆိုပါလက်လုပ်ပစ္စည်းများကို ပြုလုပ်ခွင့်မရှိသည့်အပြင် စီးပွားရေးအရလည်း အထောက်အကူ ပြုထားသည်။မြန်မာနိုင်ငံတွင်တော့ ထိုသို့ ထောက်ပံ့မှုများ မရှိသည့်အခါ ရိုးရာပညာရှင်များအနေဖြင့် ရှင်သန်ရပ်တည်ရေးအတွက် ကိုယ့်အားကိုယ်ကိုး၍ ရုန်းကန်ကြရသည်။
မြန်မာ့ယဉ်ကျေးမှုအန္တရာယ် ကြုံတွေ့လာရခြင်း၏ အကြောင်းရင်း နောက်တစ်ချက်မှာ ဂလိုဘယ်လိုက်ဇေးရှင်းအပေါ် ယူဆချက်မှားယွင်းခြင်းကြောင့် ဖြစ်သည်။ ဆရာကြီး လူထုစိန်ဝင်း၏ စကားနှင့်ပြောဆိုမည်ဆိုလျှင် ဂလိုဘယ်လိုက်ဇေးရှင်းဆိုသည်မှာ ရာသီအလိုက် ပန်းတိုင်းပွင့်စေခြင်းပင် ဖြစ်သည်။ မတူကွဲပြားခြားမှုတွေအပေါ် အသိအမှတ်ပြုပြီး ပေါင်းစည်းခြင်းဟာ ဂလိုဘယ်လိုက်ဇေးရှင်းပဲ ဖြစ်ပါသည်။ အရှေ့ကို အနောက်ဖြစ်အောင် ပြုပြင်ခြင်းသည် ဂလိုဘယ်လိုက်ဇေးရှင်း မဟုတ်၊ ယဉ်ကျေးမှုသွတ်သွင်းခြင်းသာ ဖြစ်သည်။ အရှေ့နှင့် အနောက် ယဉ်ကျေးမှုကိုယ်စီဖြင့် ပေါင်းစည်းနိုင်ခြင်းသည်သာ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်သည်။
ယခုပုံစံအတိုင်း ရှေ့ဆက်သွားမည်ဆိုလျှင် မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများသည် နှစ်ပေါင်းအနည်းငယ်အတွင်းကိုပင် တိမ်မြုပ်ပျောက်ကွယ်သွားစရာ ရှိနေပါသည်။ အချိန်မီနေဆဲအခိုက်တွင် အစိုးရအနေဖြင့် ပံ့ပိုးကူညီမှုများ၊ အကာအကွယ်ပေးမှုများ ပြုလုပ်ရမည့်အပြင် မြန်မာလူမျိုးများအနေဖြင့်လည်း ယဉ်ကျေးမှု ပုံတူကူးချခြင်းများကို ရှောင်ကြဉ်ပြီး မိမိတို့ရိုးရာယဉ်ကျေးမှုများ၏ အခန်းကဏ္ဍကို တလေးတစား ရှိလာမည်ဆိုလျှင် မြန်မာ့ရိုးရာယဉ်ကျေးမှုများ ပြန်လည်ထွန်းကားလာနိုင်မည်မှာ မလွဲဟု The Daily Eleven သတင်းစာက ယူဆရေးသားအပ်ပါသည်။
from Eleven Media Group's Facebook Wall http://ift.tt/1tnhLYD
Comments
Post a Comment