ဗဟိုချက်တစ်ခုကို ရှာဖွေနေကြသော အပိုင်းအစများ
(ဆောင်းပါးရှင် - နရီမင်း)
ခံစားခြင်းနှင့် တွေးတောခြင်းကို တစ်ပြိုင်နက်တည်း လုပ်နေသော လမ်းလျှောက်စက်ကြီးတစ်လုံး ရွေ့လာ၏။
ဤသို့လျှင် တစ်ခါတစ်ခါ လမ်းပေါ်လျှောက်သွားနေရင်း ပုဂ္ဂလိကဘ၀နှင့် လက်ရှိပစ္စုပ္ပန်ကို မေ့လျော့သွားတတ်သည်။ မည်သည့်နေရာမှ ပို့လိုက်မှန်းမသိသော Fax ကို ထုတ်ယူရန် ခေါင်းထဲ တတီတီမြည်လာ၏။ ဦးနှောက်ကို Focus စု၍ အာရုံကို ကျစ်ပစ်လိုက်ရသည်။ စာရွက်ပေါ် စာကြောင်းများ လာရောက် ကပ်ငြိသလိုမျိုး ဦးနှောက်မြောင်းတို့အတွင်း ၀ါကျများတသွင်သွင် စီးဆင်းလာတော့၏။
အသင့်လုပ်ပြီးသား အတွေးအခေါ်တို့ သောင်းပြောင်းရောမွှေထားသည့် အင်္ဂတေခွက်ထဲ သဲတို့သည်သာ များလွန်းလှပေစွ။ အစကတည်းကိုက မခိုင်မာသော ဘ၀အား လေထဲတိုက်အိမ် ဆောက်ကြည့်ကြရအောင်။
ပုစွန်တင်မက မိကျောင်းပါ သေလောက်အောင် ပူပြင်းနေသော နေရောင်အောက်၌ "ချက်ကော့ဗ်" ၏ သေနတ်များသည် "ဒါလီ" ၏နာရီများကဲ့သို့ အရည်ပျော်ကျ နေကြသည်။
စိတ်ညှို့ကောင်းသော မာယာလမ်းသွယ်တို့သည်ကား အိမ်အပြန်လမ်းများအား ဝေး၀ါးစေ၏။
နောင်တများသည်ကား အနာများကဲ့သို့ အရည်တရွှဲရွှဲနှင့် ရိရွဲနေကြသည်။ ကမ္ဘာပေါ်တွင် အကောင်းဆုံး အရသာကား နာကျင်မှုပင်ဖြစ်သည်။ (ကိုယ့် 'တပ်စတိစ်' ကိုယ် အုတ်ခဲနှင့်ထုပြီး အရသာခံကြပါစို့) အရေပြားပေါ်မှ ၀ဲများသည် ပစ္စည်းမဲ့တို့ အဖို့ရာ ဇိမ်ခံပစ္စည်း တစ်မျိုးပင်ဖြစ်သည်။
ငြီးငွေ့ခြင်းနှင်းများအား မသိနားမလည်ခြင်း အမှောင်နှင့်ရောထွေး ပစ်လိုက်မှသာ ခန္ဓာကိုယ်ထဲ အရက်ရှိန် တက်လာသလို ဘ၀ကို တအားကြီး ချစ်မိတတ်လာသည်။
ဘာကိုမျှ နားမလည်ချင်ဘဲနှင့်တော့ ဘ၀ကို နားလည်အောင် မကြိုးစားပါနှင့်။ နားလည်ခြင်းဟူသည့် တစ်စုံတစ်ရာအား ထုပ်ပိုးထားသော ပါကင်စက္ကူ လှလှကလေးနှင့်တူ၏။ ဖွင့်ကြည့်ရန်ကြိုးစားပါက တစ်နေ့လျှင် ရွှေဥတစ်လုံးဥသော ငန်းတစ်ကောင်ကို သင်သတ်လိုက်မိပေလိမ့်မည်။ သေလွန်ပြီးနောက် တမလွန်ဘ၀တွင် ဘာများရှိလေမည် နည်းဟူသော သိချင်စိတ်ကြောင့် မိမိကိုယ် မိမိသတ်သေရန် မကြိုးစားပါနှင့်။
ဗိုက်ပြည့်နေသူတို့ကား အဘယ်ကဲ့သို့သော စားကောင်းသောက်ဖွယ်ကိုမျှ အလိုမရှိကြကုန်။ မရခင်က လိုချင်သော အရာများသည်ကား ရလာပြီးသောအခါ မလိုချင်သောအရာများ ဖြစ်သွားကြကုန်၏။ ထီလက်မှတ်တို့သည်ကား ထီမဖွင့်ခင်ရက်၌သာ အဓိပ္ပာယ်ရှိကြကုန်သည်ဖြစ်၍ ထီဖွင့်ရက်များ ကုန်ဆုံးသွားပြီးလျှင် တစ်စုံတစ်ရာ အဓိပ္ပာယ်ရှိခြင်း အလျဉ်းမရှိ။ လူမိုက်တို့သည် ထီလက်မှတ်များ ကိုင်ထားကြရင်း ထီဖွင့်ရက်သို့ အမြန်ရောက်လိုကြ၏။
အသက်ငယ်ငယ်၌ ဘ၀အား ရှေ့သို့ ကျော်ရစ်ပစ်ချင်ကြပြီး အသက်ကြီးသွားချိန်၌ ဘ၀ကို နောက်ပြန်ရစ်ပစ် ချင်ကြသည်။ (လူ့အလို နတ်မလိုက်နိုင်) စင်စစ် ဘ၀ဆိုသည်ကား ရှေ့ခလုတ်ရော နောက်ခလုတ်ပါ ပျက်နေသည့် ဗွီစီဒီစက် အစုတ်တစ်လုံးသာ ဖြစ်သည်။ ဆန့်ငင်ဆန့်ငင် သွားနေရင်း အဆင်မသင့်လျှင် ရပ်ချင်သည့် နေရာ၌ ရပ်သွားတတ်၏။ (ရေဝေးတွင် ဘွတ်ကင်လုပ်ထားပါ) ကျွန်တော်တို့ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ဘ၀ကို တိုစေလိုလျှင် များများအိပ်ပစ်ရန်ဖြစ်ပြီး ရှည်စေလိုလျှင် များများနိုးနေရန် ဖြစ်သည်။ (စိတ်ညစ်ရင် အိပ်ပစ်လိုက်။ ပျော်နေတာလေးကို နှမြောရင် တစ်ညလုံး မအိပ်ဘဲနေ)
အံချော်နေသော ဗွီစီဒီစက်တစ်လုံးကဲ့သို့ ဤပြကွက်တွေချည်း ထပ်ခါတလဲလဲ ပြနေသည့်အခါ မှတ်တိုင်တွင် လိုင်းကားစောင့်ရသည်ကို စိတ်မရှည်တော့သည့် စာရေးဆရာကြီး "ဟဲမင်းဝေး" တစ်ယောက် မိမိကိုယ်မိမိ အဆုံးစီရင် သွားတော့၏။ (အပြီးအိပ်ပစ်လိုက်ခြင်းပင်) သေတမ်းစာထဲတွင် "ပျင်းလို့" ဟူသော စကားလုံး တစ်လုံးကိုသာ ပျင်းရိပျင်းတွဲ ချန်ထားရစ်ခဲ့၏။
သေမင်းလာအခေါ်ကို စောင့်ရခြင်းသည် မှတ်တိုင်တွင် လိုင်းကားစောင့်ရခြင်းနှင့် ဆင်တူသည်ဟု မည်သည့်တွေးခေါ်ရှင်က ပြောခဲ့ဖူးမှန်း မသိပါ။ လိုင်းကားစောင့်ရင်း မပျင်းကြရလေအေအာင် Daily Eleven သတင်းစာနှင့် Weekly Eleven ဂျာနယ်တို့ကို ဖတ်ပါ။ (ဤ၀ါကျမှာ ကြော်ငြာဝင်ခြင်းသာ ဖြစ်သည်။)
လေထိုးထားသော ရော်ဘာဘောလုံး တစ်လုံးကို လူပေါင်း ၂၂ ယောက် ၀ိုင်းလုကြ၏။ လူပေါင်း ထောင်သောင်း သိန်းသန်းချီ၍ ၀ိုင်းကြည့်နေကြသည်။ ဤသို့လျှင် အချိန်တစ်နာရီခွဲ၊ နှစ်နာရီခန့် မပျင်းမရိ မသိမသာ ကုန်ဆုံးသွားလေတော့သည်။ ယခုအပတ် ပရီးမီးယားလိဂ် ပွဲစဉ်များအကြောင်း သိလိုပါက First Eleven နှင့် Premier Eleven ဂျာနယ်များကို ဖတ်ပါ။ (ကြော်ငြာ အ၀င် နည်းနည်းစိပ်သွားသည်)
ယိုးဒယားချန်နယ်မှ ဘောလုံးပွဲ ဖမ်းကြည့်ရသည့်အခါ နောင်ပေ နောင်ပေ ကြော်ငြာများကြောင့် မည်သူက မည်သို့ မည်ပုံ ဂိုးသွင်းလိုက်မှန်းပင် မသိလိုက်ရ။ (ပေါကြောင်ကြောင် ကခုန်နေသော ယိုးဒယားလူပြက်ခမျာ လူပေါင်းများစွာ၏ မေတ္တာပို့ခြင်း ခံရသည်သာ အဖတ်တင်၏။ မည်သည့်ပစ္စည်း ကြော်ငြာနေမှန်းပင် မသိလိုက်ကြ)
အလွန်ပျင်းရိနေချိန် အခြားဘာမျှ လုပ်စရာမရှိပါက ပြတင်းပေါက်ကိုဖွင့်၍ အပြင်ဘက်သို့ ငေးကြည့်နေလိုက်ပါ။ အခန်းထဲ၌ ငြိမ်သက်နေ၏။ အပြင်ဘက်ရှိ လှုပ်လှုပ်ရှားရှား ရုပ်ပုံများက သင့်အား ဖျော်ဖြေပါလိမ့်မည်။ ကိုတာက သူ၏ စတိုင်သစ်မဂ္ဂဇင်း ပထမဆုံးစာအုပ် စာမျက်နှာဖုံးကို ပြတင်းပေါက်ပုံဖြင့် ထုတ်၏။ ကိုတာကတော့ သူ့မဂ္ဂဇင်းအား ဖွင့်ထားသည့် ပြတင်းပေါက် တစ်ချပ်အဖြစ် တင်စားလိုပေလိမ့်မည်။ သို့သော် "ပြတင်းပေါက်ဆိုတာက ကြည့်ရုံသက်သက်ပဲ၊ ကြည့်ပြီး မကျေနပ်ရင် ခုန်ချရုံပဲရမယ်။ တံခါးပေါက်လို ထွက်သွားလို့မှ မရတာ" ဟု သူ့အား ကိုမြင့်သန်းက လှောင်ပြောင်ကြောင်း ကိုတာက ပြန်ရေးပြဖူး၏။
ပြတင်းပေါက်ထဲသို့ နေရောင်က ၀ါးလုံးထိုး ကျဆင်းလာသည်။ ပြတင်းပေါက်ကို ရုပ်ရှင်ပိတ်ကား တစ်ချပ်ကဲ့သို့ သဘောထားလျက် ဇာတ်ကွက်များကိုကြည့်ရင်း ကိုယ်ကိုယ်တိုင်လည်း အခြားပြတင်းပေါက် များအတွက် ဇာတ်ကောင်ဖြစ်ခဲ့ရသည်။ ပြတင်းပေါက်၏နောက်၌ မိမိသက်တမ်း ဘယ်မျှလောက်ကို မီးညှိသောက်ခဲ့ ပြီးပြီလဲ။
ဝါကျနောက်တစ်ကြောင်းကိုရေးရန် အက္ခရာတစ်လုံးကို စပြီး စာမျက်နှာပေါ် တင်လိုက်ပြန်သည်။ မင်က လိုက်မလာ။ ဘောလ်ပင်ထဲ၌ မင်ကုန်နေ၏။ ဘုရား၊ ဘုရား . . . ခေါင်းထဲမှာရော မင်ကုန်တော့မှာလား။ စာများကိုသာ ဖိရေးနေ၍မဖြစ်။ စာဖတ်ဖို့လို၏။ အေးအေးဆေးဆေး အနားယူ၊ အေးအေးလူလူ တွေးနေနိုင်ဖို့လို၏။ သို့သော် . . . .။
ကျွန်တော်၏ အရေးအသားများကို အဆုံးသတ်ရတော့မည်ဖြစ်သည်။ ကျွန်တော့အစ်ကို ဝေဖန်ရေး ဆရာကြီးသာ ဖတ်မိလျှင် ကျွန်တော့ကို ဆော်ပေဦးမည်။ "မင်းဟာက ဆုံးသာ ဆုံးသွားတယ် ဘာပြောချင်မှန်းကို မသိဘူး" ဟု။
ဟုတ်ကဲ့။
ကျွန်တော် ဘာမှ မပြောချင်ပါဘူး ခင်ဗျား။
from Eleven Media Group's Facebook Wall http://ift.tt/RbWxP5
Comments
Post a Comment