စက်မှုဇုန်မြေ ငှားရမ်းခနှုန်းထား ပြီးခဲ့သည့်နှစ်ထက် ၁၅ ရာခိုင်နှုန်းမြင့်တက်
ရန်ကုန်၊ ဧပြီ ၎
တရိပ်ရိပ် မြင့်တက်လျက်ရှိသော အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများတွင် ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်မြေ ငှားရမ်းခ နှုန်းထားများမှာလည်း ပြီးခဲ့သည့် နှစ်ကထက် ၁၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ သိရသည်။
စက်မှုဇုန်မြေ ငှားရမ်းခ နှုန်းထားများသည် နှစ်စဉ် မြင့်တက်လာခြင်း ဖြစ်ပြီး တစ်နှစ်လျှင်ပျမ်းမျှ ၁၅ ရာခိုင်နှုန်းခန့် မြင့်တက်ခြင်း ဖြစ်ပြီး လူကြိုက်များသည့် နေရာများတွင်မူ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်ကြောင်း ယင်းဈေးကွက်များ အတွင်းမှ သိရသည်။
“တကယ်ငှားရမ်းဖြစ်တဲ့ ဈေးနှုန်းအရ ပြောမယ်ဆိုရင်တော့ အဲဒီလောက်ပေါ့။ ပေါက်ဈေး အရဆိုရင်တော့ အဲဒီထက် မြင့်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ပေါက်ဈေးဆိုတာက ပါးစပ်ဈေးပါ” ဟု Estate Myanmar အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ ဦးနိုင်မျိုးဦးက ပြောကြားသည်။
စက်မှုဇုန် ဈေးကွက်အတွင်း အရောင်းအဝယ် ဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းကြောင့် စီးပွားရေးလုပ်ငန်း လုပ်သူများသည် အဝယ်ထက် အငှားဘက်ကိုသာ အာရုံစိုက်လာသဖြင့် အငှားဈေးနှုန်း များမှာလည်း လိုက်ပါ မြင့်တက်ခြင်း ဖြစ်ကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင် အချို့ထံမှ သိရသည်။
“အငှားက ထင်ထားတာထက် အလုပ်ဖြစ်ပါတယ်။ ဝယ်ဖို့ မတတ်နိုင်ကြတော့ အငှားဘက်ကို လှည့်လာကြတာပေါ့” ဟု အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ ဦးနေမျိုးအောင်က ပြောဆိုသည်။
ပြီးခဲ့သည့်နှစ် အတွင်းက စက်မှုဇုန်မြေ အငှားဈေးနှုန်းများသည် တစ်ပေ ပတ်လည်လျှင် ကျပ် ၂၀၀ မှ ၂၅၀ ကြားအထိ ရှိခဲ့ပြီး ယခုနှစ်အတွင်း တစ်ပေပတ်လည်လျှင် ကျပ် ၂၅၀ မှ ၃၀၀ ကြားထိဈေး ရှိကြောင်း စက်မှုဇုန် မြေဈေးကွက် အတွင်းထံမှ စုံစမ်းသိရှိရသည်။
from The Voice Weekly's Facebook Wall http://ift.tt/PBBDHT
Comments
Post a Comment