ရုရှားတပ်အချို့ ကရိုင်းမီးယားဒေသမှ ပြန်လည် ဆုတ်ခွာရန် ဗလာတီမာပူတင် အမိန့်ထုတ်ပြန်
မော်စကို၊ ဧပြီ ၁
ယူကရိန်းနယ်စပ်တွင် ချထားသော ရုရှားတပ်များမှ အချို့ကို ပြန်လည် ဆုတ်ခွာရန်အတွက် ရုရှားသမ္မတ ဗလာတီမာပူတင်က အမိန့်ထုတ်ပြန် လိုက်သည်ဟု ဂျာမနီအစိုးရက ပြောကြားထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ဂျာမနီ ဝန်ကြီးချုပ်နှင့် ရုရှားသမ္မတတို့ တယ်လီဖုန်းမှတစ်ဆင့် စကားပြော ဆွေးနွေးရာမှ ရုရှားတပ်အချို့ ပြန်ဆုတ်ရန် အမိန့်ထုတ်ထားပြီး ဖြစ်သည်ဟု ရုရှားသမ္မတက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်အထိ ယူကရိန်း နယ်စပ်တွင် ထောင်ပေါင်း များစွာသော ရုရှားစစ်သားများ ဆက်လက်တပ်စွဲလျက် ရှိနေသေးကြောင်း သတင်းများက ဆိုသည်။
ကရိုင်းမီးယားဒေသသို့ ရုရှား ဝန်ကြီးချုပ် ဒီမီထရီမက်ဗီဒက်ဗ်နှင့် အစိုးရဝန်ကြီးများ လာရောက် ကြည့်ရှုခြင်းကို ယူကရိန်းက ရှုတ်ချလိုက်သည်။
ယူကရိန်းမှ ခွဲထွက်ကာ ရုရှားဘက်သို့ ပူးပေါင်းရေး လုပ်ဆောင်လျက် ရှိသော ကရိုင်းမီးယားဒေသသို့ ရုရှား ဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက်ခဲ့ခြင်းသည် ရိုင်းစိုင်းမှု ဖြစ်သည်ဟု ယူကရိန်း အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အခြားနိုင်ငံ၏ ပိုင်နက်အတွင်းသို့ ကြိုတင် သဘောတူညီမှု မရှိဘဲ အစိုးရ ထိပ်သီးအရာရှိများ လာရောက်ခြင်းကို ကန့်ကွက်သည့် စာကိုလည်း ပို့ထားကြောင်း ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရအရာရှိက သတင်းထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့တွင် ကရိုင်းမီးယား ပြည်သူများက ယူကရိန်းမှ ခွဲထွက်ပြီး ရုရှားသို့ ပူးပေါင်းရန်အတွက် ဆန္ဒခံယူပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး ယင်းရလဒ်တွင် ရုရှားလူမျိုး လူများစု ဖြစ်သော ကရိုင်းမီးယား ပြည်သူများ၏ ၉၅ ရာခိုင်နူန်းကျော်က ယူကရိန်းမှ ခွဲထွက်ရန် သဘောထား ဆန္ဒပြသခဲ့ကြသည်။
ယင်းပြည်သူ့ဆန္ဒ ခံယူပွဲကို ကုလသမဂ္ဂ အထွေထွေ ညီလာခံက အသိအမှတ် မပြုခဲ့ဘဲ တရားမဝင်ဟု သတ်မှတ် ထားခဲ့သည်။
ကရိုင်းမီးယားဒေသကို အထူးစီးပွားရေးဇုန် ဖန်တီးကာ အခွန်ကင်းလွတ်ခွင့်များ လုပ်ဆောင်ပေးခြင်း၊ ဗျူရိုကရေစီ ယန္တရားအဆင့်များကို လျှော့ပေးခြင်း စသည်တို့ဖြင့် ရင်းနှီးမြှုပ်နှံသူများ လာရောက်အောင် ဆွဲဆောင်မည်ဟု ရုရှားဝန်ကြီးချုပ် ဒီမီထရီမက်ဗီဒက်ဗ်က ကရိုင်းမီးယားသို့ လာရောက် သွားစဉ် ပြောကြားခဲ့သည်။
ဝန်ထမ်းများကို လစာတိုးပေးခြင်း၊ ပင်စင်ကြေး တိုးပေးခြင်း၊ ပညာရေး အဆင့်အတန်းမြှင့်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုပေးအပ်ခြင်းနှင့် ဒေသ အခြေခံ အဆောက်အဦများ ဖြည့်ဆည်း တည်ဆောက် ပေးခြင်းတို့ကို လုပ်ဆောင်မည်ဟုလည်း ရုရှားဝန်ကြီးချုပ်က ဒေသခံများကို ပြောကြားခဲ့သည်။
from The Voice Weekly's Facebook Wall http://ift.tt/1pMh8DB
Comments
Post a Comment