MH370 လေယာဉ်ပျောက်ဆုံးမှုကို အဖြေမရှာနိုင်သေးချိန်တွင် တနင်္လာနေ့က မလေးရှားလေကြောင်းပိုင် လေယာဉ်တစ်စင်း အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရှိရသည်။ အိန္ဒိယနိုင်ငံသို့ ပြေးဆွဲပြီး ခရီးသည် (၁၅၉)ဦးနှင့် အမှုထမ်း(၇)ဦး လိုက်ပါသွားသော MH192 လေယာဉ်သည် လေထဲသို့ ပျံတက်သွားပြီးနောက် ဘီးကွဲသွားခဲ့သည်။ တနင်္လာနေ့က ဖြစ်ရပ်အတွင်း လေယာဉ်သည် ဘင်္ဂလား လေဆိပ်မှ အတက်တွင် ဘီးကွဲခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ဘင်္ဂလားသို့ ဦးတည်သည့် ခရီးစဉ်အား နောက်ကြောင်းပြန်လှည့်ပြီး ကွာလာလမ်ပူတွင် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည်။ ယင်းဖြစ်ရပ်သည် MH370လေယာဉ် ပျောက်ဆုံးမှု အစရှာမရ ဖြစ်နေသည့် မလေးရှား လေကြောင်းလိုင်းအတွက် နောက်ထပ် ထိုးနှက်ချက်လည်း ဖြစ်လာသည်။
လတ်တလောတွင် MH370လေယာဉ်ပျက်မှ သေတ္တာနက် တည်ရှိနေသည်ဟု ယူဆရသော သမုဒ္ဒရာရေပြင် ဧရိယာ တစ်ခုလုံးအနက် (၃)ပုံ(၂)ပုံကို ရှာဖွေထားပြီး ဖြစ်သည်။ သို့သော်လည်း လေယာဉ်နှင့် ပတ်သက်၍ သဲလွန်စ မရသေးချေ။ ဩစတြေးလျ ကမ်းလွန်ရှိ အိန္ဒိယ သမုဒ္ဒရာအတွင်း သတ်မှတ်ဇုန်တွင် မောင်းသူမဲ့ စက်ရုပ်ရေငုပ်သင်္ဘောငယ် တစ်စင်းသည် လေယာဉ်ပျက်ကို ပိုက်စိပ်တိုက် ရှာဖွေနေဆဲ ဖြစ်သည်။
ထိုအတောအတွင်း အမေရိကန် ရေတပ်မှ Bluefin-21 သင်္ဘောသည် ရေအောက်ကြမ်းပြင်ကို Scanဖတ် စစ်ဆေးသည့် နည်းပညာဖြင့် ရေအနက် (၂.၈)မိုင်မျှ နေရာကို ခြေရာခံ ထောက်လှမ်းမှုများ ပြုလုပ်နေကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။
Planet Myanmar Network
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/RIa2pT
Comments
Post a Comment