အပူလှိုင်း ဒီဂရီ ၅၂၈
▀▀▀▀▀▀▀▀▀▀▀▀
ခွန်းဆင့်သူသူ
ခရမ်းလွန် ရောင်ခြည် လွန်ကဲ နေပါတယ် ဆိုတဲ့ ရန်ကုန်မြို့ ရဲ့ နေ့အပူရှိန်က
မေလေးရဲ့ ရင်ထဲကသောကအပူလှိုင်းကိုတော့ မီနိုင်မယ် မထင်ပါဘူး။ နံနက်
တိုင်း ၅နာရီမှာ နိုးလာမယ့်သားလေးရဲ့ ပြောနေကျစကားအတိုင်း ”မေမေမုန့်
စားမယ်” ဆိုတဲ့အသံလေးကို ကြားယောင်မိရင်း ရင်ထဲမှာပူလောင်ရတဲ့ ကိုယ့်
အဖြစ်ကို ကိုယ်သာအသိဆုံးပါ။ ခုဆိုသားလေးက အိပ်ရာကနိုးလာတိုင်း မိခင်
ရဲ့ မျက်နှာကို မမြင်ရရှာတာ တစ်လကျော်ခဲ့ပြီလေ။
မေလေးတို့ရဲ့ရွာကတောင်တွေ၊ ရိုးတွေပတ်လည်ဝိုင်းနေတဲ့ရခိုင်ကမ်းရိုးတန်း
ဒေသက ရွာလေး တစ်ရွာပါ။ သံတွဲ - ဂွလမ်းမ နံဘေးမှာ တည်ရှိပါတယ်။ ဘင်္ဂ
လားပင် လယ်အော်နဲ့ ရွာကလေးကို တောင်တွေ၊ ချောင်းတွေက ခြားထားတာ
ပေါ့။ ဘယ်နေရာ ကြည့်ကြည့် တောင်တွေအထပ်ထပ်ရဲ့ တင့်တယ်လှတဲ့ မြင်
ကွင်းတွေနဲ့ ရခိုင်ရိုးမတောင်တန်းတွေဆီကဖြတ်တိုက်လာတဲ့သန့်ရှင်းစင်ကြယ်
တဲ့လေကို ရှူရှိုက်ရတဲ့အရသာတွေက မေလေးတို့ဒေသရဲ့တန်ဖိုးဖြတ်မရနိုင်တဲ့
သဘာဝအမွေ အနှစ် ရတနာတွေပါ။
အိမ်ခြေ ၁၃ဝ ကျော်သာရှိတဲ့ ရွာ ကလေးက လက်ဖက်ရည်ဆိုင်မရှိ၊ နွား နို့ဆိုင်
မရှိ၊ အရက်ဆိုင်တစ်ဆိုင်၊ ကုန်စုံဆိုင်သုံးဆိုင်သာရှိတဲ့ရွာကလေးပါ။ ညနေတိုင်း၊
အလုပ် သိမ်းချိန်ဆို ရွာက ကြီးကြီး ငယ်ငယ် ကာလသားတိုင်း လိုလို၊ တစ်ဆိုင်
တည်းသောအရက်ဆိုင်မှာ တစ်ခွက်တစ်ဖလားဝင်မော့ကြတာ အစဉ်အလာတစ်
ခုပါပဲ။
ရွာမှာတော့ အများစုက လယ်တွေ၊ ကိုင်းတွေရှိကြတယ်။ ပိုက်ထောင် ကြတယ်။
မေလေးတို့ကတော့ လယ်မရှိ၊ ကိုင်းမရှိ၊ အဖေကလက်သမား၊ အမေက သူများ
လယ်မှာကိုင်းမှာ နွေဆိုပဲနုတ်၊ ပဲခြွေ၊ မိုးတွင်းဆို ကောက်စိုက်ပေါ့။ ပဲခြွေရင်တစ်
တင်းကို ၅ဝဝကျပ်၊ တစ်ရက်ကို သုံးတင်းလောက်ရအောင်ခြွေနိုင်တယ်။ မိုးတွင်း
ကောက်စိုက်ရင် တစ်နေ့ ကျပ် ၁၅ဝဝရတယ်။ မေလေးက အိမ်မှာ ထမင်း၊ ဟင်း
ချက်၊ သားက တစ်ဖက်နှင့်။
ကိုင်းကတပေါင်း၊ တန်ခူးဆိုရိုးပြတ်ပြီ။ ကဆုန်၊ နယုန်မှာ အလုပ်ပြတ်ကြပြီ။ ပိုက်
ဆံလည်း ပြတ်ကြပြီ။ ဝါဆို ၊ ဝါခေါင် ကောက်မစိုက်ရခင် နှစ်လလောက် အလိုမှာ
အလုပ်မရှိကြတော့။ ပိုက်ဆံ ရှိတဲ့သူတွေက ဟန်မပျက်ကြ ပေမယ့် ပိုက်ဆံမရှိတဲ့
သူတွေကျတော့ ကြွေးတင်ကြပြီပေါ့။ မေလေးတို့က လယ်မရှိ ၊ ကိုင်း မရှိ ပေမယ့်
စားဖို့ သီးနှံကတော့ ဝယ်မစား ကြရပါဘူး။ လယ်တွေ ၊ ကိုင်းတွေရှိတဲ့ အိမ်တွေက
မရှိတဲ့ အိမ်တွေကို ရက်ရက် ရောရော၊ ဖောဖောသီသီပေးကြတာ ပိုလျှံတောင် နေ
ပါသေးတယ်။ ပြောင်းဖူး၊ ငှက်ပျော၊ မြေပဲ ကအစ ခရမ်းသီး၊ ငရုတ်သီးစိမ်း အဆုံး
ပါပဲ။ သားငါးအတွက်ကတော့ မေလေးက ချောင်းထဲဆင်းပြီးရှာလိုက်ရုံပါ။ တော်ရုံ
တန်ရုံ ပိုက်ဆံမရှိလည်း မေလေးတို့အတွက် ဟင်းစားကချောင်းထဲဆင်းလိုက်တာ
ပေါ့။
ရန်ကုန်ရဲ့ သား ငါးဈေးတွေကို သိရတော့ ရွာကသားငါးပုစွန်ပေါများချက်ကို တွေး
မိပြီး ကိုယ့်ဒေသရဲ့ ရေမြေတောတောင် မြစ် ချောင်း တွေရဲ့ တန်ဖိုးကို တစ်စိမ့်စိမ့်
လွမ်းရတော့တယ်။ ရွာမှာကကြက်သား၊ ဝက်သားတစ်ဆယ်သားကို၃၅ဝ၊ ပင်လယ်
ငါး အကောင်းဆုံးတွေဖြစ်တဲ့ ငါးမိုးသီး၊ ငါးကျီးကန်းက ၂ဝဝ၊ ငါးဒုတ်ခုတ်သား၊ ငါး
မှော်ရုံခုတ်သားက ၂၅ဝဆိုတာဈေးအကြီးဆုံးငါးတွေပါ။ ပုစွန်ထုပ်က ၃ဝဝ၊ ချောင်း
ထဲကရတဲ့ ပုစွန်တွေကလည်း အကြီးအသေးကိုလိုက်ပြီး ၁ဝဝ၊ ၂ဝဝ ဈေးပဲရှိတယ်။
ငါးနီတူခြောက်တောင် နိုင်ငံခြားသားတွေ ကြိုက်တယ် ဆိုလို့ အခုမှ ဈေးတက်သွား
တာ၊ ၃၅ဝ၊ ၄ဝဝ၊ ငါးခုံးမလို ငါးသေးသေးမွှားမွှားလေးတွေက ၁ဝဝ၊ ကင်းမွန်ကအ
စိတ်သား ၃ဝဝ။ ရန်ကုန်မှာဈေးဝယ်ထွက်တဲ့ အိမ်ရှင်မတစ်ယောက်ရဲ့တစ်ရက်ဈေး
ဖိုး ၃ဝဝဝ ကျပ်က ရွာမှာဆို ၄ ရက်လောက် စားရမှာ။ရေထွက် သယံဇာတတွေ ပေါ
များ ကြွယ်ဝလှတဲ့ မေလေးတို့ ဒေသမှာသာ ၂၄ နာရီ မီးရမယ်၊ ရန်ကုန်နဲ့ သံ တွဲကို
နေ့ချင်းပေါက် ကားသွားလာလို့ ရမယ်ဆိုရင် ရေထွက်ကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့
စက်မှုဇုန်တွေ ရှိလာနိုင်တာပဲလေ။ အဲဒီကျရင် ဒေသခံတွေ အတွက် အလုပ်အကိုင်၊
အခွင့်အလမ်းတွေ ပေါများလာမှာ။
ရွာမှာ လူငယ်တွေက နည်းပြီး ၊ လူလတ်ပိုင်းတွေ များကြတယ်။ လူငယ်တွေက ငယ်
ငယ် ရွယ်ရွယ်နဲ့ အိမ်ထောင် ကျတဲ့သူတွေ များတော့၊ လူလတ်ပိုင်းတွေ စောစောဖြစ်
ကုန်ကြတယ်။ ဒီအထဲမှာ မေလေးလည်း တစ်ယောက်အပါအဝင်ပါ။ အသက် ၁၇ နှစ်
နဲ့ ပညာတစ်ပိုင်းတစ်စ ဘဝရောက်ပြီး အိမ်ထောင်ကျခဲ့တာ။
မေလေးဘဝမှာ စောစောအိမ်ထောင်ကျခြင်းရဲ့ဒုက္ခကတော့ တစ်ခုလပ်၊ ကလေးတစ်
ယောက်အမေဆိုတဲ့ဝိသေသတိုးလာတာပါပဲ။ ဒါကလည်း စင်ကာပူနိုင်ငံကိုသွားရခြင်း
ရဲ့ အကြောင်းတရားအရင်းခံလို့ပဲဆိုရမှာပါ။ မေလေးမိဘအတွက်၊ မေလေးသားလေး
အတွက်၊ မေလေးတို့ မိသားစု ဘဝတွေ ပြောင်းလဲဖို့အတွက် မေလေး စွန့်စားရတာပါ။
မေလေးအဖေက အသက် ၆၄နှစ်၊ လက်သမားလုပ်စားလာတာ အနှစ် ၄ဝ ရှိပြီ။ အမေ
က ၅၂ နှစ်၊ ခုထိတော့ အလုပ်လုပ်နိုင်သေးတယ်။ ပင်ပင်ပန်းပန်း အလုပ်လုပ်မှ ပါးစပ်
လှုပ်ရ တဲ့ မေလေးတို့ဘဝကို မေလေး ပြောင်းလဲပစ်ချင်ပြီ။
တကယ်တော့ စင်ကာပူကို သွားပြီး အိမ်အကူ လုပ်ဖို့ဆိုတာ မေလေး အသက် ၂၃ နှစ်
အရွယ်နဲ့ စိုးကြောက်မိတာ အမှန်ပါ။ နိုင်ငံခြားမှာ ငါအ ဆင်ပြေပါ့မလား ဆိုတဲ့ အတွေး
နဲ့ နေ့နေ့ညည စင်ကာပူအကြောင်း တွေးနေမိတာ၊ ကြာတော့ မေလေးရဲ့ နှလုံးခုန်သံ
က စင်ကာပူ၊ စင်ကာပူနဲ့ မြည်နေကြလေသလားပဲ။ ရန်ကုန်မှာသင်တန်းလာတက်ရပေ
မယ့် အိမ်ကို ပြန်ပြေးချင်စိတ် ပေါက်မိတာ ခဏခဏပါပဲ။ သင်တန်းမှာ ကိုယ့်လိုပဲသက်
တူရွယ်တူတွေ၊ ပညာတစ်ပိုင်းတစ်စတွေ၊ ဘဝတူတွေနဲ့တွေ့ရတော့လည်း အားတင်းမိ၊
အားတက်မိရပါတယ်။
သင်တန်း ဆရာမက "ဒီအလုပ်က ကိုယ့်စိတ်နဲ့ မာနကို လျှော့ချထားရမယ်” လို့ ဆိုပြန်
တော့ ကိုယ့်ကိုယ်ကိုယ်အားငယ်မိ၊ သိမ်ငယ်မိရပြန်ပါရော။ သုံးနှစ်အရွယ်သားလေးလို
သက်တူရွယ်တူ ကလေးငယ်လေးကို တွေ့မိရင်တော့၊ ကောက်ယူ ပွေ့ချီမိရင်းစိတ် မ
ထိန်းနိုင်တော့ပဲ မျက်ရည်ဖြိုင်ဖြိုင် ကျမိတော့တာပါပဲ။ အပူရုပ်ကိုဟန်လုပ်နေရပေမယ့်
‘သားလေး’ ဆိုတဲ့ အသိဝင်လာရင် ငါအိမ်ပြန်တော့မယ်လို့ စိတ်ကူး မိတာအခါခါပါ။ ဒါ
ပေမဲ့ အဖေ့ရဲ့စကားတစ်ခွန်းက နောက်ကြောင်းပြန်လှည့်ဖို့ကိုတွန့်ဆုတ်စေခဲ့ပါတယ်။
အဖေက ‘ရှေ့ တစ်လမ်းတိုးပြီးရင်၊ နောက်ကို ပြန်မဆုတ်ရစေနဲ့’ တဲ့။ အဖေ့ရဲ့ အမှာစ
ကားက၊ မေလေးအတွက် စိတ်ပျက်ယိမ်းယိုင်မှုတွေ၊ လွမ်းတစိတ်တွေကို ပယ်ရှား ပစ်
လိုက်နိုင်တဲ့ ခြင်္သေ့မင်းရဲ့ ခွန်အားတွေပါ။ စင်ကာပူမှာ ၂ နှစ်အလုပ်လုပ်ပြီး ပြန်လာရင်
ရွာမှာ ကုန်စုံဆိုင်ကြီးဖွင့်မယ်လို့ အဖေနဲ့ အမေကို မေလေးပြောထားခဲ့တာ။ ကတိတည်
နိုင်အောင် ကြိုးစားရမှာပေါ့။
ပန်းကန်ပြား-ပလိတ် (plate)၊ ပန်းကန်လုံး-ဘိုး (bowl)၊ ရေခွက်-ဂျတ်ဂ် (jug)၊ ငရုတ်
သီးမှုန့် –ချီလီပေါင်ဒါ (chili powder)၊ နနွင်းမှုန့်-တာမရစ် (turmeric)၊ ငရုတ်ကောင်း
မှုန့်–ပက်ပါး (pepper)၊ ငရုတ်ဆီ-ချီလီ ဆော့စ် (chillisauce) လို့ အသံဆာဆာနဲ့ အော်
ကျက်နေရင်းက ခရမ်းလွန်ရောင်ခြည်ထက်ပိုလွန်းတဲ့ အပူလှိုင်းတို့က မေလေးရဲ့ ရင်ထဲ
မှာ မြုပ်ချည်၊ ပေါ်ချည်၊ မြုပ်လိုက်၊ ပေါ်လိုက်နဲ့ ဘောင်ဘင်ကိုခတ်နေတော့တာပါပဲလေ။
from Popular Myanmar News Journal's Facebook Wall http://ift.tt/1iVsWmR
Comments
Post a Comment