(မတ်လ ၁၆ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editor's World)
အမှိုက်ပုံး ထားပေးပါ
မြန်မာပြည်ကို အလည်လာတဲ့ နိုင်ငံခြားသားတွေ မကြာခဏ အခက်အခဲ ဖြစ်ရတာက သူတို့အတွက် အမှိုက်ပစ်စရာ အမှိုက်ပုံး အလွယ်တကူ ရှာမတွေ့တဲ့ ပြဿနာပဲ။ သူတို့ နိုင်ငံတွေမှာတော့ ငယ်ငယ်ကတည်းက အမှိုက်ဆိုတာ အမှိုက်ပုံး အတွင်းမှာပဲ ပစ်ဖို့ သင်ပေးထားတဲ့ အပြင် အဲလို ပစ်နိုင်အောင်လည်း နေရာတိုင်းမှာ အမှိုက်ပုံး ထားပေးတယ်။ အခုနောက်ပိုင်း အမှိုက်ကိုတောင် ပြန်သုံးလို့ရတဲ့ အမှိုက်နဲ့ ပြန်သုံးမရတဲ့ အမှိုက်ဆိုပြီး ခွဲပစ်လို့ရအောင် လုပ်ပေးနေပြီ။
တကယ်တော့ အမှိုက်ကို အမှိုက်ပုံးထဲမှာပဲ ပစ်ချင်တာ နိုင်ငံခြားသားမှ မဟုတ်ပါဘူး။ အခုဆို မြန်မာနိုင်ငံသားတွေ ထဲမှာ နိုင်ငံတကာ အတွေ့အကြုံရှိနေ သူရော၊ ပတ်ဝန်းကျင် နိုင်ငံတွေမှာ အလုပ် သွားလုပ်ပြီး ပြန်လာတဲ့ သူတွေရော၊ နိုင်ငံခြားကို အလည်အပတ် မကြာခဏ ထွက်နေတဲ့ သူတွေရော တဖြည်းဖြည်း များလာပြီ။ သူတို့ဆိုရင် အမှိုက်ကို အမှိုက်ပုံးထဲမှာ ပစ်ဖို့ အသိစိတ် ရှိသူတွေ ဖြစ်လာပြီ။ သူတို့လို မြန်မာတွေတောင် အမှိုက်ပစ်ချင်လို့ အမှိုက်ပုံး တော်တော်နဲ့ ရှာမတွေ့ဘူး။
ကျွန်တော်တို့ ဆီမှာတော့ မွေးကတည်းက အမှိုက်ဆိုတာ တွေ့ကရာနေရာမှာ ပစ်လို့ ရတယ်လို့ တမင် သင်ပေးထားသလို ဖြစ်အောင် ပတ်ဝန်းကျင်မှာ အမှိုက်ပုံး မရှိခဲ့ဘူး။ အရင်က မရှိခဲ့လို့ အခု ရှိလာပြီလား ဆိုတော့လည်း မရှိသေးဘူးလို့ ပြောရမယ်။ ရန်ကုန်မြို့လယ်လောက်တင် လူမြင်ကောင်းအောင် အမှိုက်ပုံးတွေ ထားပြပြီး တခြား နေရာတွေမှာတော့ လူမနေတဲ့ အိမ်ရှေ့၊ ချောင်ကျတဲ့နေရာ၊ နောက်ဖေး လမ်းကြား၊ လမ်းပေါ်နဲ့ ရေမြောင်းတွေက အမှိုက်ပစ်စရာ နေရာတွေ ဖြစ်နေတယ်။
နယ်တွေမှာဆို ကိုယ့်အိမ်ရှေ့၊ ဆိုင်ရှေ့ ကိုယ့်ဘာသာ အမှိုက်လှည်းကြတယ်။ လှည်းပြီးတဲ့ အမှိုက်ကို ရှည်ရှည်ဝေးဝေး မစဉ်းစားဘဲ ရှေ့က ရေမြောင်းထဲပဲ လှည်းချလိုက်ကြတယ်။ ရန်ကုန်မှာလည်း အဲလို လုပ်နေတဲ့ သူတွေ မကြာခဏ တွေ့နေရတယ်။ အဲဒီရဲ့အကျိုးဆက်ကို မိုးရာသီမှာ အများဆုံး တွေ့ရတယ်။ တစ်နှစ်တာလုံး ရေမြောင်းတွေထဲ စည်းကမ်းမဲ့ ပစ်ခဲ့တဲ့ အမှိုက်တွေကြောင့် လမ်းပေါ် အမြဲ ရေလျှံတော့တာပေါ့။
နယ်တွေမှာရော ရန်ကုန်ဆင်ခြေဖုံး ရပ်ကွက်တွေမှာ အတွေ့ရ များတာကတော့ ဈေးတွေအနားမှာ အမှိုက်ပုံး မရှိဘဲ လမ်းဘေးမှာ ပုံလို့ ပတ်ဝန်းကျင်ကို အနံ့အသက်တွေ ဆိုးဆိုးရွားရွား ပျံ့နေတာ၊ ခွေးလေ ခွေးလွင့်တွေနဲ့ အင်းဆက် ပိုးမွှားတွေ ပျော်ပါး ကျက်စားရာ နေရာ ဖြစ်နေတာပဲ။ ဖြစ်သင့်တာက ဈေးဆိုင်တွေ အားလုံးမှာ သတ်မှတ်ထားတဲ့ အရွယ်အစား ရှိတဲ့ အမှိုက်ပုံး ကိုယ်စီ ရှိရမှာဖြစ်ပြီး ကျန်တဲ့ ပျံကျဈေးသည်တွေ အတွက် အရွယ်အစားကြီးတဲ့ အမှိုက်ပုံး စီစဉ် ထားပေးရမှာ။
ဒါပေမဲ့ ဘာ့ကြောင့်လဲ မသိဘူး။ အဲဒီ အမှိုက်ပုံတွေက လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကနေ ဒီနေ့အထိ မပျောက်သွားဘူး။ အရင်လို ပစ်မြဲ၊ နံမြဲ၊ ညစ်ပတ်မြဲ၊ ရောဂါပိုးမွှားတွေ ဖြန့်ချိနေဆဲပဲ။
အမှိုက်ကို စည်းကမ်းမဲ့ မပစ်စေချင်ရင် စည်းကမ်းတကျ ပစ်လို့ရတဲ့ အမှိုက်ပုံးတွေကို လူတွေ အလွယ်တကူ မြင်နိုင်၊ တွေ့နိုင်တဲ့ နေရာတွေမှာ များများ ထားပေးရမယ်။ ထားတဲ့ အမှိုက်ပုံးကလည်း ပစ်လို့ လွယ်ကူအောင်၊ အမှိုက်များများ ဆံ့အောင် လုပ်ပေးထားဖို့ လိုမယ်။ အရင်က ဘတ်စ်ကား မှတ်တိုင်တွေမှာ ချိတ်ထားတဲ့ အမှိုက်ပုံးလေးတွေက သေးတဲ့အပြင် ပလတ်စတစ် အညံ့စားနဲ့ ပါးပါးလေး လုပ်ထားတော့ အမှိုက်တွေ မဆံ့မပြဲ ဖြစ်တာ၊ လက်ကမြင်းတဲ့ သူက ရိုက်ခွဲသွားတာ မျိုးတွေ ဖြစ်ခဲ့တယ်။
အမှိုက်ကိစ္စကို ပေါ့သေးသေး မတွက်စေချင်ဘူး။ အမှိုက်ကို အလေးမထားရင် “အမှိုက်ကစ ပြသာဒ်မီးလောင်” သွားမယ့် ကိစ္စမျိုးတွေ ရှိလာတတ်တယ်။ အစိုးရတွေ၊ စည်ပင်အရာရှိတွေ စဉ်းစား အဖြေထုတ်လိုက်ရင် “ဤနေရာ အမှိုက်မပစ်ရ၊ တွေ့ရှိက ဒဏ်ငွေ....... ကျပ်” ဆိုတာမျိုး ချိတ်လိုက်တာပဲ များတယ်။ တကယ် ပစ်တော့လည်း ဘယ်သူမှ စောင့်မကြည့်နိုင်ဘူး။ လောလောဆယ် လက်တွေ့ကျတာက အမှိုက်ပုံး များနိုင်သမျှ များများ နေရာတိုင်းမှာ ထားပေးလိုက်စမ်းပါလို့ပဲ ပြောချင်တယ်။
အယ်ဒီတာ (၁၅-၃-၂၀၁၄)
from The Voice Weekly's Facebook Wall http://ift.tt/1eFQYNr
Comments
Post a Comment