Skip to main content

#emg_opinions အနာဂတ်အတွက် ရည်ရွယ်ချက် (Written by: ကိုသိန်း (ကျောက်ကြီး)) လ...



#emg_opinions



အနာဂတ်အတွက် ရည်ရွယ်ချက်



(Written by: ကိုသိန်း (ကျောက်ကြီး))



လူတိုင်းလူတိုင်းဟာ ရည်ရွယ်ချက်တွေ ကိုယ်စီရှိနေကြပါတယ်။ စာရေးသူလည်း ကိုယ်ပိုင်ရည်ရွယ်ချက်တွေ ရှိနေသလို စာဖတ်သူများလည်း ရည်ရွယ်ချက်ကိုယ်စီ ရှိနေကြမှာပါ။ ဒါပေမဲ့ ထားရှိတဲ့ ရည်ရွယ်ချက်တွေဟာ မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံ၊ မိမိလူမျိုးအတွက် အကျိုးပြုစေမယ့်၊ အကျိုးဖြစ်ထွန်းစေမယ့် မွန်မြတ်ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေဖြစ်ဖို့ အထူးပဲ အရေးကြီးလှပါတယ်။ တကယ်တော့ ရည်ရွယ်ချက်၊ ရည်မှန်းချက်ဆိုတာ ဖြစ်ပေါ်လာမယ့် အနာဂတ်အတွက် ကြိုတင်ပြင်ဆင် ဆုံးဖြတ်ထားမှုတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ယနေ့ကမ္ဘာမှာ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှု၊ ရည်ရွယ်ချက်ကောင်းတွေ၊ စနစ်ကောင်းတွေကို အကောင်အထည်ဖော်နိုင်တဲ့ ခေါင်းဆောင်ကောင်းတွေ ရှိနေတဲ့ နိုင်ငံတွေဟာ အစစအရာရာ ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူတွေရဲ့ လူမှုဘ၀တွေဟာလည်း သာယာဝပြောနေခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အနာဂတ်အတွက် လွှဲမှားနေတဲ့ ရည်ရွယ်ချက်တွေ၊ စနစ်ဆိုးတွေကိုသာ အကောင်အထည်ဖော်နေတဲ့ ခေါင်းဆောင်တွေရှိနေတဲ့ နိုင်ငံတွေကတော့ အစစအရာရာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျပြီး ပြည်သူအများစုဟာလည်း ဆင်းရဲတွင်းကနေ ရုန်းကန်နေကြရခြင်းပဲ ဖြစ်ပါတယ်။



သာမန်လူ တစ်ဦးတစ်ယောက် မိသားစုအတွက် ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေ၊ ကောင်းမှု၊ မကောင်းမှုဟာ အကြောင်းမဟုတ်ပေမယ့် နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံတော် အကြီးအကဲတွေရဲ့ အနာဂတ်ရည်ရွယ်ချက်တွေ၊ ဆုံးဖြတ်ချက်တွေဟာ မှန်ကန်ကောင်းမွန်ဖို့ အများပြည်သူတွေ အနာဂတ်အတွက်၊ နိုင်ငံတော်အနာဂတ်အတွက် အကျိုးရှိဖို့ အထူးပဲ လိုအပ်လှပါတယ်။ နိုင်ငံ့ခေါင်းဆောင်တွေ၊ နိုင်ငံ့အကြီးအကဲတွေ၊ ပါတီခေါင်းဆောင်တွေရဲ့ လွဲမှားတဲ့ အနာဂတ် ရည်ရွယ်ချက်တွေ၊ ဆုံးဖြတ်ချက်တွေ ရှိနေခဲ့ရင် ရှိလာခဲ့ရင် နိုင်ငံနဲ့ပြည်သူတွေရဲ့ အနာဂတ်ဟာ အရင်းအနှီးကြီးကြီး ပေးဆပ်ကြရမှာပါ။ သမိုင်းမှာလည်း လွဲမှားတဲ့ ရည်ရွယ်ချက်တွေကြောင့် ပြည်သူတွေ ဒုက္ခမျိုးစုံနဲ့ ကြုံတွေခဲ့ရပြီးလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း လက်ရှိနိုင်ငံရေး အခင်းအကျင်းတွေ၊ ဖြစ်တည်လာမယ့် အနာဂတ်ရဲ့ နိုင်ငံရေး အခင်းအကျင်းသစ်တွေနဲ့ ပတ်သက်ပြီး စတုတ္ထမဏ္ဍိုင်နဲ့တကွ ပြည်သူတွေ၊ လူမှုရေးအဖွဲ့အစည်း အသီးသီးတွေက ရေးသားဝေဖန် ထောက်ပြနေကြခြင်းပဲ ဖြစ်ပါတယ်။



တကယ်တမ်းကျတော့ အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်စေ၊ နိုင်ငံရေးပါတီတစ်ခုရဲ့ ခေါင်ဆောင်ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံရဲ့ ခေါင်းဆောင်ဖြစ်စေ၊ မိမိတို့ထားရှိနေတဲ့ ရည်ရွယ်ချက်၊ ဆုံးဖြတ်ချက်၊ ဦးတည်ချက်တွေဟာ အများပြည်သူတွေရဲ့ အနာဂတ်အကျိုးစီးပွား၊ နိုင်ငံတော်ရဲ့ အနာဂတ်အကျိုးစီးပွားတွေအတွက် အဓိကထားကြရမှာပါ။ အဖွဲ့အစည်း တစ်ခုအတွက်၊ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အတွက် ထားရှိတဲ့ ရည်ရွယ်ချက်တွေ၊ ဆုံးဖြတ်ချက်တွေ မဖြစ်ဖို့ အရေးကြီးလှပါတယ်။ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်း တစ်ခုအတွက်သာ အဓိက ရည်ရွယ်ချက်ထားပြီး စခန်းသွားနေကြတဲ့၊ နိုင်ငံမှာရှိနေကြတဲ့ ပြည်သူတွေရဲ့ အနာဂတ်ဟာ ပျောက်ဆုံးနေကြပြီး အဆိုပါ နိုင်ငံတွေဟာလည်း ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးနိုင်ငံတွေ၊ အထီးကျန်ဆန်တဲ့နိုင်ငံတွေ ဖြစ်နေကြလို့ လွှဲမှားနေတဲ့ အယူအဆတွေ၊ ရည်ရွယ်ချက်တွေကို သင်ခန်းစာယူပြီး နိုင်ငံတော်အနာဂတ်နဲ့ ပြည်သူတွေရဲ့ အနာဂတ် အကျိုးစီးပွားအတွက် မွန်မြတ်တဲ့ ရည်ရွယ်ချက်တွေ၊ ဆုံးဖြတ်ချက်တွေ ထားရှိကြဖို့ လိုနေကြပြီ ဖြစ်ပါတယ်။



ပြည်သူအများစုရဲ့ ဆန္ဒနဲ့အညီ ၂၀၀၈- ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာမှာ အဆင်ပြေ ချောမွေ့စေရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင်တွေ့ဆုံရန် နိုင်ငံတော်သမ္မတထံကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလက မေတ္တာရပ်ခံစာ ပေးပို့ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတက အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာ ထွက်ရှိပြီးမှသာ လေးပွင့်ဆိုင်တွေ့ဆုံမှုကို စဉ်းစားသင့်ကြောင်း၊ ၎င်းရဲ့ရည်ရွယ်ချက်နဲ့ သဘောထားကို တုံ့ပြန်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လေးပွင့်ဆိုင်တွေ့ဆုံရေး ကိစ္စအတွက် မိမိအနေနဲ့ အဆင်သင့် ရှိနေတယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက (၆.၃.၂၀၁၄) ရက်မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် သူ့ရဲ့ရည်ရွယ်ချက်ကို ပြောကြားခဲ့ပါတယ်။



ရည်ရွယ်ချက်နဲ့ ရပ်တည်ချက် သဘောထားတွေဟာ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်ပါတီနဲ့တစ်ပါတီ မတူနိုင်ပါဘူး။ ဒါပေမဲ့ နိုင်ငံနဲ့ လူမျိုးအတွက်၊ အများပြည်သူ အနာဂတ် အကျိုးစီးပွားတွေအတွက် ဦးတည်တဲ့ ရည်ရွယ်ချက် သဘောထားတွေ တူညီကြဖို့ လိုအပ်လှပါတယ်။ ၂၀၁၁-ခုနှစ်က စစ်အစိုးရကနေ အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းလာတဲ့ ဦးသိန်းစိန် အစိုးရအဖွဲ့ရဲ့ ရည်ရွယ်ချက်တွေဟာ အစကောင်းခဲ့ပေမယ့် ယနေ့အချိန်အခါမှာ လူတန်းစား မညီမျှမှု၊ ဆင်းရဲမွဲတေနှုန်း မြင့်မားလာမှု၊ အကျင့်ပျက်ခြစားမှုတွေ အရှိန်မသေသေးမှု၊ လယ်ယာမြေ သိမ်းဆည်းမှုတွေကို ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ဆက်လက်လုပ်ဆောင်နေမှု၊ နယ်ပယ်အသီးသီးမှာ တရားဥပဒေ စိုးမိုးမှုတွေ ပျက်ယွင်းနေမှု၊ ငွေများတရားနိုင်တဲ့ အနေအထားမျိုးတွေကို ပြည်သူတွေ ခံစားနေရမှု၊ အခွင့်ထူးခံ ခရိုနီလူတန်းစားတွေသာ အကျိုးဖြစ်ထွန်းနေမှု၊ နိုင်ငံတော် စီမံကိန်းတွေနဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ ပွင့်လင်းထင်သာမြင်သာ မရှိမှု၊ ပြည်သူတွေအပေါ် ကတိက၀တ် မတည်မှု၊ ယနေ့အချိန်အထိ လွပ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် မရရှိမှု၊ အောက်ခြေအဖွဲ့အစည်း အဆင့်ဆင့်ရဲ့ ယခင်စစ်အစိုးရပုံစံ စရိုက်အတိုင်း စခန်းသွားနေမှုတွေကြောင့် ပြည်သူအများစုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းလာတာမို့ နိုင်ငံတော်အစိုးရ အနေနဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ ပြည်သူကို ဗဟိုပြုမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ အမှန်တကယ် အကောင်အထည်ဖော်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။



မည်သို့ပင်ဆိုစေကာမူ အချုပ်အခြာအာဏာပိုင်ရှင် ပြည်သူများရဲ့ ဆန္ဒမပါတဲ့ အမျိုးသားနိုင်ငံရေးဟာ စစ်မှန်တဲ့ ဒီမိုကရေစီပန်းတိုင်၊ စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးတွေကို မရရှိနိုင်မှန်း တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက သမိုင်းနဲ့ချီပြီး သဘောပေါက်နေကြပါပြီ။ သို့ဖြစ်၍လည်း ပြည်သူတွေရဲ့ အနာဂတ်၊ တိုင်းပြည်ရဲ့ အနာဂတ်အတွက် မွန်မြတ်သန့်ရှင်းစင်ကြယ်တဲ့ ရည်ရွယ်ချက်ကောင်းတွေ၊ ဆုံးဖြတ်ချက်တွေကို လွှတ်တော်ဥက္ကဋ္ဌများ၊ နိုင်ငံတော် အကြီးအကဲများ၊ တပ်မတော်ခေါင်းဆောင်များ အနေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေး တိုင်ပင်ကာ ပူးပေါင်းဆောင်ရွက်သွားကြဖို့ အချိန်တန်ပြီ ဖြစ်ပါကြောင်း တိုက်တွန်းရေးသား လိုက်ရပါတယ်။



(၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးအတွက် သာကေတမြို့နယ်တွင် ဆန္ဒပြနေသူများအား တွေ့ရစဉ်)





from Eleven Media Group's Facebook Wall http://ift.tt/1liBPJB

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...