Skip to main content

#emg_opinions "ဂန္ဒီ" ဆိုထုံး နှလုံးမူနိုင်ပါစေ ... (Written by: ကိုသိန်း (ကေ...



#emg_opinions



"ဂန္ဒီ" ဆိုထုံး နှလုံးမူနိုင်ပါစေ ...



(Written by: ကိုသိန်း (ကျောက်ကြီး))



စာရေးသူတို့နိုင်ငံမှာ ရှိနေကြတဲ့ ပြည်သူအများစုဟာ တရားမျှတမှုကို မြတ်နိုးပြီး တန်ဖိုးထားလေးစားကြတဲ့ သူတွေပါ။ မြန်မာလူမျိုးတွေရဲ့ ပင်ကိုဗီဇသဘော သဘာဝအရ အေးချမ်းမှုနဲ့ တရားမျှတမှုကို လိုလားကြပေမယ့် စာရေးသူတို့ လူမှုပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်၊ လူမှုအဖွဲ့အစည်း အသီးသီးနဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းမှာပဲဖြစ်ဖြစ်၊ လောဘဇောတွေ အတောမသတ်နိုင်ကြလို့ တရားမျှတမှုတွေ ပျောက်ဆုံးနေခြင်းပဲဖြစ်တယ်။ လူရယ်လို့ဖြစ်လာရင် ဘယ်သူမှ မတရားတဲ့လုပ်ရပ်တွေကို နှစ်သက်လိုလားမှု ရှိကြမှာမဟုတ်ပါဘူး။ လူ့ဘ၀မှာ လူရယ်လို့ ဖြစ်လာကြတဲ့အခါ အဓိပ္ပာယ်မဲ့နေတဲ့ ဘ၀တွေကို မပိုင်ဆိုင်လိုကြဘူးဆိုတဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုတွေကို မြတ်နိုးတဲ့ စိတ်ဓာတ်တွေ ရှိနေကြတဲ့ ပြည်သူတွေဟာ ဒီနေ့ဒီအချိန်အခါမှာ ဘယ်အတွက်ကြောင့် ဆန္ဒထုတ်ဖော်ပွဲတွေ ပြုလုပ်နေကြသလဲဆိုတာ တာဝန်ရှိသူများ စဉ်းစားသုံးသပ်ကြဖို့ လိုနေကြပြီ ထင်ပါတယ်။ နေရာတကာမှာ မတရားမှုတွေ၊ တရားမျှတမှုတွေမရှိတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေ ဖြစ်ပေါ်နေမှုကြောင့် အရပ်ဘက်လူမှု အဖွဲ့အစည်းတွေ အသီးသီးက တရားမျှတမှုကို လိုလားသူတွေ၊ မတရားမှုတွေကို အကြိမ်ကြိမ် အလီလီခံစားခဲ့၊ ခံစားနေကြရတဲ့ ပြည်သူတွေဟာ သပိတ်စခန်းတွေဖွင့်ပြီး ဆန္ဒဖော်ထုတ်နေမှုတွေ၊ စီတန်းလှည့်လည်ပြီး မိမိတို့ရဲ့ ဆန္ဒထုတ်ဖော်မှု ပြုနေကြတာတွေ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်နေကြခြင်းတွေဟာ တရားမျှတမှု ရလိုခြင်းအတွက် တောင်းဆိုတိုက်ပွဲ ၀င်နေကြခြင်း ဖြစ်ပါတယ်။



အပြုသဘောဆောင်တဲ့ စာပေလွတ်လပ်ခွင့်နဲ့အတူ ပြည်သူတွေနဲ့ စတုတ္ထမဏ္ဍိုင်က အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ပတ်သက်ပြီး ပြည်သူတွေအပေါ် ဥပဒေမဲ့လုပ်ရပ်တွေ တရားမျှတမှုမရှိတဲ့ အမှုအခင်းတွေကို ပွင့်ပွင့်လင်းလင်းဝေဖန်၊ ထောက်ပြရေးသား မှုတွေနဲ့အတူ ဆန္ဒထုတ်ဖော်မှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဥပဒေမဲ့လုပ်ရပ်တွေ မတရားမှုတွေကို ဘယ်လောက်ပဲ ဝေဖန်ရေးသားထောက်ပြ၊ ဆန္ဒထုတ်ဖော် ကန့်ကွက်ကြ ပေမယ့်လည်း နောက်ဆုံးပြည်သူတွေ လိုချင်တဲ့အဖြေကိုတော့ ယနေ့အချိန်အထိ မရခဲ့ကြပါဘူး။ "ပြည်သူသာအမိ၊ ပြည်သူသာအဖ" လို့ဆိုထား ပေမယ့် ပြဿနာဖြစ်ပွားလာတဲ့ အခါတိုင်း ပြည်သူဘက်က မရပ်တည်ခဲ့ကြလို့ ထောင်၊ အချုပ်ခန်းနဲ့ ပုဒ်မအမျိုးမျိုး အစွဲခံရပြီး တရားတပေါင် ရင်ဆိုင်နေရမှု အဖြစ်တွေနဲ့ပဲ ပြည်သူတွေကြုံတွေ့ နေကြရပါတယ်။ ဒါဟာပြည်သူတွေ လိုချင်တဲ့ အဖြေတစ်ခုတော့ မဟုတ်ပါဘူး။



စာရေးသူတို့နိုင်ငံမှာ လူဦးရေသန်းပေါင်း ၆၀ ကျော် မှီတင်းနေထိုင် နေကြတာပါ။ အဲဒီအထဲမှာ သာသနာ့ဝန်ထမ်းနဲ့ အစိုးရ၀န်ထမ်းတွေ၊ တပ်မတော်သားတွေ တစ်စိတ်တစ်ပိုင်း ပါဝင်နေပေမယ့် ပြည်သူလူထုရဲ့ အင်အားက အများစုပါဝင် နေပါတယ်။ ဒါကြောင့်မို့လည်း နိုင်ငံတော်ရဲ့ အထွတ်အထိပ်ဖြစ်တဲ့ လွှတ်တော်မှာတောင် "ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူ့အသံ လွှတ်တော်အသံ" ဆိုတဲ့ ဆောင်ပုဒ်တွေကို ဦးထိပ်ထားပြီး ပြည်သူ့အရေးအရာတွေကို ပြည်သူတွေကိုယ်စား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက အလေးထားဆောင်ရွက် နေကြတာပါ။ လွှတ်တော်ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ အမြင့်ဆုံး အဖွဲ့အစည်း တစ်ခုဖြစ်လို့ ဘယ်နိုင်ငံမဆို တိုင်းပြည်ရဲ့ အရေးကြီးတဲ့ ကိစ္စရပ်တွေကို လွှတ်တော်ကို တင်ပြပြီးမှ အဆုံးဖြတ်ခံယူပြီး လုပ်ကိုင်ဆောင်ရွက် နေကြခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ စာရေးသူတို့ တိုင်းပြည်မှာ ပြည်သူတွေရဲ့ အခက်အခဲပြဿနာတွေနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်မှု အပိုင်းတွေမှာ လွှတ်တော်အနေနဲ့ အားနည်းချက်တွေ ရှိနေသေးတယ်လို့ ပြည်သူအများစုရဲ့ ဝေဖန်ပြောဆိုနေမှု တွေဟာလည်း လွှတ်တော်ကိုယ်စာလှယ်တွေ အနေနဲ့ ရွေးချယ်ခံ ကိုယ်စားလှယ်တွေပီပီ ပြည်သူ့ဆန္ဒ၊ ပြည်သူ့ဘ၀ အမှန်တွေကို လွှတ်တော်မှာ ရဲရဲရင့်ရင့် တင်ပြဆွေနွေးကြဖို့ လိုအပ်နေပြီဆိုတဲ့ အချက်ကို ပေါ်လွင်စေပါတယ်။ ပြည်သူတွေရဲ့ ပြဿနာအရပ်ရပ်ကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်း မရှိဘဲနဲ့ ပြည်သူ့ကိုယ်စားလှယ်လို့ ကိုယ့်ကိုယ်ကိုယ် အမွှန်းတင်နေကြသူများ ရှက်တတ်ကြဖို့ လိုနေပါပြီ။ မသိကျိုးကျွန် ရေငုံနှုတ်ပိတ် နေရတော့မယ့် အချိန်မဟုတ်တော့ပါဘူး။



၂၀၁၁ ခုနှစ်မှာ စစ်အစိုးရကနေ အရပ်သား၊ အစိုးရအသွင် ပြောင်းလဲလာတဲ့အခါ အပြုသဘောဆောင်တဲ့ ဆောင်ရွက်ချက်တွေ၊ ပွင့်လင်းမြင်သာရှိလာတဲ့ လုပ်ရပ်တွေရှိလာမယ့် (၂)နှစ်ကျော် (၃)နှစ်နီးပါး ရောက်လာချိန်မှာတော့ အချို့သော အာဏာပိုင်၊ ပုဂ္ဂိုလ်များရဲ့ လုပ်ရပ်တွေ၊ ဆုံးဖြတ်ချက်တွေ၊ ပြောဆိုမှုတွေဟာ ယခင်စစ်အစိုးရရဲ့ ပုံရိပ်ဟောင်းတွေအတိုင်း ပြည်သူတွေက ထင်မြင်ယူဆစရာ ဖြစ်လာပါတယ်။ ထို့အတူ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်သူအများစုရဲ့ ဆန္ဒတွေနဲ့အညီ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အခြေခံဥပဒေ တစ်ခုအဖြစ် ရှုမြင်လာအောင် လက်ရှိအစိုးရက ဖန်တီးဆောင်ကြဉ်း နေပေမယ့် နိုင်ငံအနှံ့ အဆိုပါ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ဆန္ဒပြထုတ်ဖော်ပွဲတွေ ပြုလုပ်နေမှု၊ သမိုင်းသုတေသီတွေက သမိုင်းအချက်အလက်တွေနဲ့ ဝေဖန်ထောက်ပြနေမှု၊ ဥပဒေပညာရှင်တွေက ဥပဒေအကြောင်းတွေအရ နှိုင်းယှဉ်သုံးသပ် ဖော်ပြနေမှုများဟာ တရားမျှတမှု မရှိခြင်း၊ ပြည်သူတွေရဲ့ ဆန္ဒအစစ်အမှန် မဟုတ်ခြင်းတွေကို ဖော်ပြနေကြခြင်းပဲ ဖြစ်ပါတယ်။ အများပြည်သူ အကျိုးစီးပွားနဲ့ နိုင်ငံ့အနာဂတ် အကျိုးစီးပွားကို ရှေးရှုပြီး အာဏာပိုင် အဖွဲ့အစည်းတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် စီမံချက်များရေးဆွဲကာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ အချိန်အတိုင်းအတာ တစ်ခုအတွင်း ပြင်ဆင်ရေးဆွဲ နိုင်ရေးအတွက် ပြည်သူတွေကို ချပြဖို့ အချိန်တန်နေပြီ ဖြစ်ပါတယ်။



အမှန်တကယ်တော့ တရားမျှတမှုရှိခြင်း၊ မရှိခြင်းဟာ အများဆန္ဒနဲ့အညီ ဆုံးဖြတ်ကြတာပါ။ ထို့အတူ ဒီမိုကရေစီ ဆိုတာဟာလည်း အများဆန္ဒအတိုင်း လိုက်နာကျင့်သုံးခြင်း ဆိုတာကို လူတိုင်းနားလည်ကြမယ် ထင်ပါတယ်။ အများစုဆန္ဒနဲ့ ဆန့်ကျင်ပြီး တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုရဲ့ ဆန္ဒနဲ့ဆုံးဖြတ်မယ်၊ ဆောင်ရွက်ကြမယ်ဆိုရင် ဒါဟာဒီမိုကရေစီ မဖြစ်နိုင်သလို တရားမျှတမှုလည်း ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။ ပြည်သူအများစုရဲ့ ဆန္ဒနဲ့ဆန့်ကျင်နေမယ်၊ ပြည်သူအများစုရဲ့ဆန္ဒကို ကိုယ်စားမပြုဘူး ဆိုရင်တော့ မတရားမှု သဘောမျိုး သက်ရောက်နေပြီး ဒီမိုကရေးစီရဲ့ ဆန့်ကျင်ဘက် အာဏာရှင်စနစ် အသွင်မျိုးသာ ဖြစ်တည်နေမှာ ဖြစ်ပါတယ်။ ဒီလိုဆုံးဖြတ်ချက် တွေဟာလည်း လုပ်ပိုင်ခွင့် အာဏာရှိနေတဲ့ လူပုဂ္ဂိုလ်တွေနဲ့သာ သက်ဆိုင်နေတာပါ။ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးတွေနဲ့ လူနည်းစုအကျိုး အဖွဲ့အစည်း တစ်ခုအကျိုး ဘယ်ဟာကို ရှေ့တန်းတင်ကြမလဲ ဆိုတာကို ခွဲခြားနိုင်တဲ့၊ ဆင်ခြင်တုံတရားရှိတဲ့ မွန်မြတ်တဲ့စိတ်ဓာတ်၊ ကိုယ်ကျိုးစွန့် အနစ်နာခံနိုင်တဲ့ စိတ်ဓာတ်ရှိသူတွေ ရှေ့တန်းရောက်လာမှသာ တရားမျှတမှုနဲ့ တရားဥပဒေ စိုးမိုးမှုတွေ အသက်ဝင်လာပြီး ဒီမိုကရေစီဆိုတဲ့ ခရီးလမ်းဟာလည်း ဖြောင့်ဖြူးလာမှာ ဖြစ်သလို ပြည်သူတွေရဲ့ ဘ၀ဟာလည်း အဓိပ္ပာယ်ရှိပြီး သာယာလာမှာ ဖြစ်ပါတယ်။



မည်သူမဆို လူရယ်လို့ ဖြစ်လာကြရင် လူ့ဘ၀ကို အဓိပ္ပာယ်မဲ့နေတဲ့ လူ့ဘ၀မှာတော့ အသက်ရှင်ပြီး ဘယ်သူမှနေချင်ကြမှာ မဟုတ်ပါဘူး။ အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းသွားချင် ကြမှာပါ။ အဓိပ္ပာယ်မဲ့နေတဲ့ ဘ၀တွေ၊ တရားမျှတမှု မရှိတဲ့ဘ၀တွေမှာ ရှင်သန်နေကြတဲ့ ပြည်သူများဟာလည်း ခက်ခဲကြမ်းတမ်းတဲ့ ဘ၀တွေနဲ့အတူ ပင်ပန်းဆင်းရဲစွာ ဖြတ်သန်းနေကြရမှာ သေချာလှပါတယ်။ ခေတ်အဆက်ဆက် မတရားမှုတွေ မင်းမူခဲ့ပြီး အကြောက်တရားတွေ လွှမ်းမိုးခဲ့တဲ့အတွက် ပြည်သူအများစုဟာ ဆင်းရဲတွင်းနက်လှတဲ့ လူမှုဘ၀တွေကို ယနေ့အချိန်အထိ ဖြတ်သန်းရုန်းကန် ကျော်လွှားနေကြရတာပါ။



မည်သို့ပင် ဆိုစေကာမူ နိုင်ငံအနှံ့ တရားမျှတမှုမရှိတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေ ရှိနေသမျှ ပြည်သူလူထု ရင်ဆိုင်နေရတဲ့ အဓိကပြဿနာကို မဖြေရှင်းပေးနိုင်သမျှ အကြောင်းအရာမျိုးစုံနဲ့ ဆန္ဒထုတ်ဖော်မှုတွေဟာ မြန်မာနိုင်ငံအနှံ့၊ နေရာအနှံ့မှာ ဆက်လက်မြင်တွေ့ နေရဦးမှာ သေချာလှပါတယ်။ နယ်ပယ်အရပ်ရပ်မှာလည်း မတရားမှုတွေ ပျက်သုဉ်းပြီး တရားမျှတမှုနဲ့ တရားဥပဒေစိုးမိုးမှုတွေ ရှင်သန်လာမှသာ အဓိပ္ပာယ်ရှိတဲ့ လူမှုဘ၀ ပတ်ဝန်းကျင်ကို ပြည်သူတွေ တည်ဆောက်နိုင်ကြမှာ ဖြစ်ပါတယ်။ သို့ဖြစ်၍လည်း နယ်ပယ်အရပ်ရပ်မှာ ပျောက်ဆုံးကွယ်ပျောက်နေတဲ့ တရားမျှတတဲ့ အမှန်တရားတွေ အမြန်ဆုံး ပေါ်ပေါက်လာပြီး စိုးရိမ်ပူပင် ကြောင့်ကြမှုကင်းတဲ့၊ တည်ငြိမ်အေးချမ်းတဲ့၊ အနာဂတ်လူမှု ဘ၀တွေကို တည်ဆောက်နိုင်အောင် "ကျုပ်ရဲ့အဓိက မျှော်မှန်းချက်က လူတိုင်းမျက်စိက ကျနေတဲ့ မျက်ရည်စတွေကို သုတ်ပေးဖို့ပါပဲ" ဆိုတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ် "ဂန္ဒီ" ရဲ့ အဆိုအမိန့်ကို နှလုံးမူပြီး ပြည်သူတွေရဲ့ အခက်အခဲ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းဆောင်ရွက်ပေးကြဖို့ အချိန်တန်နေပြီဖြစ်ကြောင်း တိုက်တွန်းရေးသား ပေးလိုက်ရပါတယ်။



(အစိုးရ၏ မီတာခတိုးမြှင့် ကောက်ခံမှုအပေါ် မတ် ၂၆ ရက်က ရန်ကုန်မြို့၌ ကန့်ကွက်ကြောင်း ဆန္ဒပြနေစဉ် (ဓာတ်ပုံ-ကြည်နိုင်))





from Eleven Media Group's Facebook Wall http://ift.tt/Qqj8a8

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3