#emg_opinions
ပုဂ္ဂလိကသတင်းစာများ တစ်နှစ်ခန့်ကြာသော်
(Written by: မောင်တင်ဦး (မြောင်းမြ))
နိဒါန်း
၂၀၁၃ ခုနှစ်၊ ဧပြီ ၃ ရက်ထုတ် Weekly Eleven ဂျာနယ်မှာရေးသားခဲ့တဲ့ "ပုဂ္ဂလိက သတင်းစာဖတ်ရတော့မယ်"ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ် တင်ပြခဲ့ပါတယ်။ ပြည်သူတွေ လွတ်လပ်တဲ့သတင်းစာငတ်နေခဲ့လို့ ထွက်လာမယ့် ပုဂ္ဂလိကသတင်းစာကို မျှော်လင့်နေခဲ့ကြတာပါ။ ခုတော့ ပုဂ္ဂလိကသတင်းစာတွေထွက်လာတာ တစ်နှစ်သက်တမ်းရှိလာပါပြီ။ တစ်နှစ်အတွင်း ဘာတွေဖြစ်ခဲ့သလဲ။ ပြည်သူ့အတွက် ဘာတွေဖြည့်ဆည်းပေးခဲ့သလဲ။
ပုဂ္ဂလိကသတင်းစာ
ပုဂ္ဂလိကသတင်းစာဆိုတဲ့ အစိုးရပိုင်မဟုတ်တဲ့သတင်းစာကို ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်က စတင်ထုတ်ဝေခွင့်ပြုလိုက်ပါတယ်။ စတင်ထုတ်ဝေသည့် ဧပြီ ၁ ရက်မှာ မှတ်သိသရွေ့ သတင်းစာလေးစောင် စတင်ထုတ်ဝေတယ် ထင်ပါတယ်။ အခြားအခြားသော ပုဂ္ဂလိကသတင်းစာများက ဧပြီလနောက်ပိုင်း၊ မေလများမှ ထုတ်ဝေနိုင်ကြပါတယ်။ လက်ရှိထုတ်ဝေနေဆဲ နေ့စဉ်ပုဂ္ဂလိကသတင်းစာက ၁၀ စောင်လောက်ပဲ ရှိပါတယ်။
သတင်းစာဆိုတာ နေ့စဉ်ထုတ်ဝေနေရပြီး နံနက် ၈ နာရီမထိုးမီ စာဖတ်သူထံရောက်ရမယ့်တာဝန် ရှိပါတယ်။ သတင်းတွေဟာလည်း မှန်ရမယ်။ တိကျရမယ်။ လက်ဦးမှုရှိရမယ်။ မြန်ဆန်ရမယ်။ ဒီအချက်တွေနဲ့မညီရင် သတင်းစာဟာ တဖြည်းဖြည်းစာဖတ်သူတွေရဲ့ ပစ်ပယ်ခြင်းကိုခံရပါမယ်။ စာဖတ်သူမရှိရင် သတင်းစာဟာ ဆက်လက်ရပ်တည်လို့မရတော့ပါဘူး။ ဒါဟာ သွေးရိုးသားရိုးဖြစ်စဉ်ကြောင့် ရပ်ဆိုင်းရတာပါ။
အဲဒီလိုမဟုတ်ဘဲ ပြင်ပပယောဂကြောင့် တိုက်ပိတ်လိုက်ရတဲ့ သတင်းစာမျိုးလည်းရှိလာနိုင်ပါတယ်။ ယခင်ကာလများက သတင်းစာများခမျာလည်း အစိုးရက စီးနင်းဝင်ရောက် ရှာဖွေမှုပြုတာမျိုး၊ ချိပ်ပိတ်တာမျိုး ကြုံခဲ့ရဖူး ပါတယ်။ ခုတော့ ဒီလိုမျိုးမရှိသေးပေမယ့် ယူနတီဂျာနယ်လိုအဖြစ်မျိုး တွေ့ကြုံစပြုနေပါပြီ။
ကြော်ငြာတန်ခိုး
ပြည်သူတွေကိုယ်တိုင်က ပုဂ္ဂလိကနဲ့အစိုးရကို ကွဲကွဲပြားပြားမမြင်နိုင်သေးသလို သိသူများကလည်း အစိုးရသတင်းစာမှာသာ နာရေးကြော်ငြာရမည်။ အခြားအခြားသော ကြော်ငြာများကိုလည်း နိုင်ငံပိုင်သတင်းစာများမှာပဲ ကြော်ငြာရမယ်လို့ စွဲနေတုန်းပါပဲ။ မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်းစာတို့မှာ ရောင်စုံကြော်ငြာလေးမျက်နှာ၊ အဖြူအမည်း ကြော်ငြာ လေးမျက်နှာမှ ခြောက်မျက်နှာ၊ နာရေးကြော်ငြာတစ်မျက်နှာနေရာ ယူထားပါတယ်။ ကြော်ငြာတန်ခိုးနဲ့ အစိုးရသတင်းစာတွေ တန်ဖိုးမြင့်နေပါတယ်။
ဒါတွေက ပုဂ္ဂလိကသတင်းစာရဲ့ ဖြန့်ချိ မှုကို မယုံစားနိုင်သေးတာတစ်ချက်ပါ။ ဘာဖြစ်လို့မယုံစားနိုင်လဲဆိုပြန်တော့ အစိုးရရဲ့တစ်ချက်လွှတ်အမိန့်နဲ့ ဘယ်ပုဂ္ဂလိကသတင်းစာ ဘယ်ပြစ်မှုကျူးလွန်လို့ ဘယ်နေ့ပိတ်လိုက်ဆိုရင် သူတို့ထည့်ထားတဲ့ကြော်ငြာ၊ ကြော်ငြာလည်းဆုံး ပိုက်ဆံလည်းဆုံးမှာကို တွေးကြောက်နေလို့ပါ။ ဒီလိုမျိုးတစ်ချက်လွှတ်အမိန့်နဲ့ အာဏာရှင်ဆန်ဆန် ယခင်ကလုပ်တတ်တာကို ပြည်သူတွေအမှတ်ရနေဆဲမို့ပါ။ တက္ကသိုလ်တွေ ရက်အကန့်အသတ်မရှိ ပိတ်လိုက်။ ကျောင်းတွေပိတ်လိုက်။ ဘဏ်တွေ (ငွေအပ်နှံထားသူတွေကို တာဝန်ယူဖြေရှင်းမပေးဘဲ) ပိတ်လိုက်။ ဒါတွေဟာ ဖြစ်ရိုး၊ ဖြစ်စဉ်ဖြစ်နေပါပြီ။
နောက်တစ်ချက်က စောင်ရေအရေအတွက် များပြားမှုပါ။ နိုင်ငံပိုင်သတင်းစာကို နိုင်ငံ့ဝန်ထမ်းအတော်များများ လပေးမှာယူ ဖတ်ရှုကြပါတယ်။ မြို့နယ်အလိုက် စက်ဘီးနဲ့ သတင်းစာပို့တဲ့အလေ့အထဟာ နိုင်ငံပိုင်သတင်းစာတွေမှာ ရှိပြီးသားဖြစ်ပါတယ်။ ယခင်ကတည်းက လုပ်သားပြည်သူ့နေ့စဉ်သတင်းစာဆိုတာကို အိမ်ပေါက်စေ့လိုက်ပို့တဲ့ သူငယ်ချင်းတွေရှိခဲ့ပါတယ်။ ရိုးရိုးဝန်ခံရရင် သတင်းဆိုတာ အစိုးရကထုတ်ပေးမှ သတင်းအမှန်လို့ နားလည်ထားခဲ့တာပါ။ ကျွန်တော်လူမှန်းသိတတ်စ အသက် ၁၂ နှစ်မှာ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ တော်လှန်ရေးကောင်စီအစိုးရနဲ့ စတွေ့ခဲ့ရပါတယ်။ ယခု အသက် ၆၄ နှစ်အထိ တော်လှန်ရေးကောင်စီရဲ့ မျိုးဆက်များနဲ့ မကင်းလွတ်သေးပါဘူး။ ဆိုတော့အစိုးရနဲ့ ကင်းလွတ်တဲ့ပုဂ္ဂလိက သဘောတရားကို ပြည်သူတွေ ပြည့်ပြည့်၀၀ နားလည်လက်ခံနိုင်စွမ်းအား နည်းနေပါသေးတယ်။ ၀န်ထမ်းဆို အစိုးရ၀န်ထမ်းကို အထင်ကြီးတယ်။ ဘဏ်ဆိုအစိုးရဘဏ်ကိုမှ ယုံတယ်။ ရပ်ကွက်ထဲ အိမ်အငှားဖြစ်ဖြစ်၊ အိမ်အရောင်းအ၀ယ်ပဲလုပ်လုပ် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို သက်သေထားရမှ ခိုင်လုံမှုရှိတယ်လို့ ယူဆနေကြတုန်းပါ။ အဲဒီအကွက်ပေါ်မူတည်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ စားသာနေတုန်း။ အာဏာပါဝါပြလို့ကောင်းတုန်းပါ။
ဒီလိုနဲ့ ကြော်ငြာတွေအားလုံး နိုင်ငံပိုင်သတင်းစာထံ ရောက်ကုန်ကြတာပါပဲ။ ကြော်ငြာတွေကြောင့်ပဲလား။ သတင်းတွေမှန်လို့လား။ ပြည်သူ့အကျိုးပြုသတင်းတွေပါလို့လား။ ဘာကြောင့်မှန်းမသိပေမယ့် ၂၀၁၃ ခုနှစ် ဧပြီလမှ ၂၀၁၄ ခုနှစ် ဖေဖော်ဝါ ရီလအထိ ၁၁ လအတွင်း ကျပ်သန်း ၄၇၆၂ သန်းကျော် အမြတ်ရရှိခဲ့ကြောင်း ဒုတိယ၀န်ကြီး ဦးပိုက်ထွေးက လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။ ထို့အတူ ပုဂ္ဂလိကအခန်းကဏ္ဍမှ ပုဂ္ဂလိကသတင်းစာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အပိုင်းမှ ဘာတွေကူညီထောက်ပံ့ပေးခဲ့ပါသလဲ။ မထောက်ပံ့ရုံအပြင် အချို့ဂျာနယ်ကို ရိုက်နှိပ်ပေးနေတဲ့ ပုံနှိပ်တိုက်တွေကိုပင် တားမြစ်ပိတ်ပင်နေတာ တွေ့နေရပါတယ်။
ဥပဒေအထပ်ထပ်နဲ့ ရစ်ပတ်ချည်နှောင်တော့မယ်
ပုဂ္ဂလိသတင်းစာတွေ ထုတ်ဝေခွင့်ဟာ အစိုးရရဲ့သဘောဆန္ဒအပေါ် ရာနှုန်းပြည့်တည်မှီနေပါတယ်။ ပုဂ္ဂလိကသတင်းစာမို့ ပုဂ္ဂလိကသဘောဆန္ဒအတိုင်း တည်ထောင်ထုတ်ဝေလို့ မရပါဘူး။ ထုတ်ဝေခွင့်ကိုလည်း တည်ဆဲဥပဒေဖြစ်တဲ့ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများမှတ်ပုံတင် အက်ဥပဒေ ပုဒ်မ ၈(၁)အရ ၁.၄.၂၀၁၃ ရက်မှစ၍ ယာယီထုတ်ဝေခွင့်ပြုထားတာပါ။ ယာယီဖြစ်တဲ့အတွက် အချိန်မရွေး ပြန်လည်ပိတ်ပင်ခွင့်ရှိနေတာကို သတိပြုရပါမယ်။
ထို့အတူပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဆိုင်ရာဥပဒေ၊ အများပြည်သူဆိုင်ရာ ၀န်ဆောင်မှုမီဒီယာဥပဒေ စတာတွေကို ဆင့်ကဲဆင့်ကဲ အာဏာပိုင်တွေရဲ့အလိုကျ ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီးပြီး ပြဋ္ဌာန်းထုတ်ဝေလာပါတယ်။ ဥပဒေမထုတ်မီကတည်းက မီဒီယာလောကမှ မီဒီယာသမားများက ကန့်ကွက်ကြပေမယ့် အစိုးရက သူပြဋ္ဌာန်းချင်တာကို ရအောင်ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။
(ယနေ့ ပြည်သူဗဟိုပြုအုပ်ချုပ်မှုလို့ သမ္မတကြီးက မကြာခဏပြောနေပေမယ့် ပြည်သူမနှစ်သက်ဘဲ အစိုးရက သဘောကျနေပြီဆိုရင် ပြည်ထောင်စုလွှတ်တော်ကလည်း လိုက်လျောသဘောတူပေးလိုက်ပြီး ထောက်ခံမဲအများစုနဲ့ အတည်ပြုပေးလိုက်တာချည်းပါပဲ။ တိုက်ဆိုင်တာလည်း ဖြစ်နိုင်ပါတယ်။)
အစကရိုးရိုး နောက်တော့တစ်မျိုးတိုးလို့ 'ချစ်'ပြန်ဆိုတဲ့သီချင်းကို ဒီလိုပြောင်းဆိုကြည့်ရအောင်ပါ။ အစကရိုးရိုး နောက်တော့တစ်မျိုးတိုးလို့ 'ရစ်' ပြန်ဆိုပဲ။
တကယ်လည်း ဒီစာသားအတိုင်းဖြစ်လာပါတယ်။ ၂၀၁၃ ခုနှစ်၊ ဧပြီ ၁ ရက်က စတင်ထုတ်ဝေခွင့်ရလာတဲ့ ပုဂ္ဂလိကသတင်းစာတွေဟာ နိုင်ငံပိုင်သတင်းစာတွေနဲ့ ယှဉ်ထုတ်ဝေရ၊ မီဒီယာဥပဒေတွေရဲ့ တင်းကျပ်မှုကို ရှောင်ရှားရ၊ တရားရေးဥပဒေတွေရဲ့ ခြိမ်းခြောက်မှုကိုခံနေရနဲ့ ဆူးကြားက ဘူးခါးလို ဆက်ကြီးထွားလို့မရအောင် ဖြစ်လာပါတယ်။ ကြီးထွားလာလေ ဆူးကတိုးလို့နစ်ဝင်လေ ဖြစ်လာတာပါ။
ဘာဖြစ်လို့ ဆူးတွေဆင်၊ ထောင်ချောက်တွေပြင်နေတာလဲ။
ရှင်းပါတယ်။ ထင်သာမြင်သာမလုပ်ခဲ့တဲ့ မလုပ်သေးတဲ့ မလုပ်လိုသူတွေက မီဒီယာလွတ်လပ်မှုကို မလိုလားပါဘူး။ မီဒီယာဟာ အဲဒီလိုလူတွေအတွက် အန္တရာယ်လို့မြင်နေပါတယ်။ သူတို့ဘာသာလူမသိ၊ သူမသိ ကြိတ်ဝိုင်းလုပ်ချင်တဲ့ကိစ္စတွေ၊ စီမံကိန်းတွေ၊ ဆုံးဖြတ်ချက်တွေကို မီဒီယာဖော်ထုတ်လို့ ပြည်သူတွေသိကုန်မှာ စိုးရိမ်လာပါတယ်။
မီဒီယာတွေဖော်ထုတ်လို့ ပြည်သူတွေသိကုန်လို့ ဆန္ဒပြတာတွေ၊ ကန့်ကွက်တာတွေ ပေါ်လာတာကို သူတို့အထိုက်အလျောက် တိုးမြင့်လာပါတယ်။ မတရားတာကို ငုံ့မခံတော့ဘဲ တုံ့ပြန်မှုတွေရှိလာပါတယ်။ နောက်ဆုံး ဒေါသမထိန်းနိုင်တဲ့ ပြည်ထောင်စုဝန်ကြီးတချို့က စကားလုံးကြမ်းကြမ်းတွေ ထွက်ကုန်သည်အထိ ဖြစ်လာပါတယ်။ အဲဒီစကားလုံးတွေကိုလည်း လုံးစေ့ပတ်စေ့ ပုဂ္ဂလိကသတင်းစာများမှ ဖော်ပြကြလို့ ပုဂ္ဂလိကသတင်းစာတွေကို မလိုလားတဲ့စိတ်တွေဟာ ဖုံးဖိမရဖြစ်လာပါတယ်။
ပုဂ္ဂလိကသတင်းစာတွေရဲ့ လွတ်လပ်ခွင့်ကို တဖြည်းဖြည်းချင်း ပြန်ရုပ်သိမ်းဖို့ အစီအစဉ်တကျ ဖန်တီးလာတာဖြစ်ပါတယ်။ ဥပဒေတွေ၊ ကန့်သတ်ချက်တွေ၊ တရားရေးလမ်းကြောင်းတွေနဲ့ ချုပ်ချယ်လာပါတယ်။
အချို့ပိတ်ပင်ကန့်သတ်ချက်များကို အထက်အကြီးအကဲများက တိုက်ရိုက်မဆောင်ရွက်တော့ဘဲ မြို့နယ်အဆင့်၊ ရပ်ကွက်ကျေးရွာအဆင့်၊ အောက်ခြေအဆင့်များနဲ့ ထိပ်တိုက်တွေ့စေပြီး ကန့်သတ်ပိတ်ပင်လာပါတယ်။
အရှေ့တောင်အာရှပြိုင်ပွဲမှာ မီဒီယာသမားတချို့က ၀င်ခွင့်မရအောင်၊ ၀င်ခွင့်ကတ်ပြားထုတ်မပေးတာမျိုး ကန့်သတ်နယ်မြေဖြစ်လို့ ၀င်ခွင့်မပြုတာမျိုးတွေနဲ့ ပိတ်ပင်တားဆီးလာတာတွေ တွေ့ရပါတယ်။
နှစ်ပေါင်းများစွာ တည်တံ့ပါစေ
ပုဂ္ဂလိကအခန်းကဏ္ဍဟာ ကဏ္ဍစုံမှာ ဖွံ့ဖြိုးတိုးတက်ဖို့ အထူးလိုအပ်ပါတယ်။ အစိုးရရဲ့ ပါဝင်ပတ်သက်ခြယ်လှယ်မှု၊ တပ်မတော်ရဲ့ ပါဝင်ပတ်သက်မှုကြီးမားနေတာဟာ ဗဟိုချုပ်ကိုင်မှုကို လက်မလွှတ်နိုင်သေးကြောင်း ပြသနေသလို၊ အာဏာရှင်စနစ်ကို အသက်ရှင်နေစေတာဖြစ်ပါတယ်။ အစိုးရချုပ်ကိုင်မှုနည်းနိုင်သမျှ နည်းအောင်၊ ပုဂ္ဂလိက ကဏ္ဍများနိုင်သမျှများအောင် လမ်းဖွင့်ပေးရပါမယ်။ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရှင်သန်ရေးမှာလည်း ပုဂ္ဂလိကသတင်းစာများရဲ့ သမာသမတ်ကျကျ ထိန်းကျောင်းပေးမှုအပေါ် မူတည်နေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပုဂ္ဂလိကသတင်းစာတွေရှင်သန်ရေးဟာ ပြည်သူတွေအတွက် အရေးပါလှတဲ့အတွက် ပုဂ္ဂလိကသတင်းစာကို ပိတ်ပင်နှိပ်ကွပ်မှုတွေ သတိရှိရှိနဲ့ ကာကွယ်တားဆီးကြရင်း ပုဂ္ဂလိကသတင်းစာများ သက်တော်တစ်နှစ်မှသည် နှစ်ပေါင်းများစွာ ရှင်သန်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
(ရန်ကုန်မြို့တွင် နံနက်အစောပိုင်းအချိန်၌ သတင်းစာ၊ ဂျာနယ်များ ရောင်းချရန်ပြင်ဆင်နေသည့် ဖြန့်ချိရေးလုပ်ငန်းရေး လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်)
from Eleven Media Group's Facebook Wall http://ift.tt/1gjpc9u
Comments
Post a Comment