Skip to main content

#emg_opinions ကာလာမသုတ်နှင့် မြန်မာ့နိုင်ငံရေး (Written by: မောင်ကြည်) မဇ္ဈိမ...



#emg_opinions



ကာလာမသုတ်နှင့် မြန်မာ့နိုင်ငံရေး



(Written by: မောင်ကြည်)



မဇ္ဈိမဒေသ ကောသလတိုင်းတွင် ရွာငယ်လေးတစ်ရွာရှိ၏။ ကေသမုတ္တိနိဂုံးဟု အမည်တွင်သည်။ ထိုကေသမုတ္တိနိဂုံးတွင် နေထိုင်သူများကို ကာလာမ အမျိုးကောင်းသားများဟု ခေါ်ကြလေသည်။ ထိုကေသမုတ္တိနိဂုံးသည် လမ်းဆုံလမ်းခွအရပ်တွင် တည်ရှိသောကြောင့် အရပ်တစ်ပါးမှ ခရီးသွား ခရီးနားများဖြင့် အမြဲမပြတ် စည်ကားနေပါသည်။ တစ်ခါတစ်ရံ ၎င်းခရီးသွားများထဲမှာ ဘာသာရေးခေါင်းဆောင်များ ပါလာတတ်၏။ ၎င်းတို့က သူတို့၏ အယူဝါဒများကို လက်ခံကျင့်သုံးရန် ကာလာမ အမျိုးကောင်းသားများကို ဟောဖော်ညွှန်ကြား သွားကြပါသည်။



ဤသို့ဖြင့် အရပ်ဒေသ ပေါင်းစုံမှ လာသမျှ ဘာသာရေးခေါင်းဆောင်တို့၏ အယူဝါဒပေါင်းစုံကို ကာလာမ အမျိုးကောင်းသားတို့ အမြဲလိုလို ကြားနာနေရလေသည်။ အချိန်ကြာလာသောအခါ သူတို့စိတ်ထဲမှာ ဘယ်အယူဝါဒကို လက်ခံကျင့်သုံးရမှန်း ဝေခွဲမရ ဖြစ်လာကြပါတော့သည်။ သူတို့နှင့် တွေ့သမျှ ၀ါဒပိုင်ရှင်တိုင်းလိုလိုသည် ‘ငါတို့ဝါဒသာ အမှန် ငါတို့ဝါဒကိုသာ လက်ခံကျင့်သုံးကြ’ ဟု ပြောဆိုရေရွတ်ကာ တိုက်တွန်းသွားကြပါသည်။ ထိုအခါ ကာလာမ အမျိုးကောင်းသားတို့သည် သူတို့ဝါဒသာအမှန် တခြားဝါဒတွေ အမှားဟု ပြောတတ်ကြသော ဘာသာရေးခေါင်းဆောင်များကိုသာ တွေ့ကြုံနေရသောကြောင့် ဘယ်ဝါဒကို လက်ခံရမှန်း မဆုံးဖြတ်နိုင်ကြတော့ပါ။



တစ်နေ့သောအခါ ဗုဒ္ဓမြတ်စွာသည် ထိုကေသမုတ္တိနိဂုံးသို့ ကြွလာပါသည်။ ထိုအခါ ဗုဒ္ဓထံပါးသို့ ချဉ်းကပ်လာသော ကာလာမ အမျိုးကောင်းသားတို့သည် သူတို့ရင်ဆိုင် ကြုံတွေ့နေရသည့် ၀ါဒပေါင်းစုံ ပြဿနာကို မေးလျှောက်ပါလေတော့သည်။ မြတ်စွာဘုရားက ၀ါဒပေါင်းစုံတို့အကြားမှာ ညှပ်ပူးညှပ်ပိတ်မိနေသော ကာလာမ အမျိုးကောင်းသားတို့ကို သတိပြုဆင်ခြင်ရမည့် အချက် ၁၀ ချက်ကို ပြောပြပါတော့သည်။ ထိုအချက် ၁၀ ချက်သည် ဗုဒ္ဓမြတ်စွာ၏ ကာလာမသုတ္တန် တရားတော်ပင် ဖြစ်ပါသည်။



ဗုဒ္ဓမြတ်စွာက ‘ကာလာမ သတို့သားတို့ ထိုကဲ့သို့သော အယူဝါဒ ပေါင်းစုံတို့ကို ကြားနာရသောအခါ ဘယ်ဝါဒကို လိုက်ရမှန်းမသိ ဖြစ်တတ်သည်မှာ သဘာဝကျပါတယ်။ ဒါကြောင့် ဘယ်ဝါဒကို လိုက်နာပါဟု ငါဘုရား အတပ်မဟောလိုပါ။ သို့သော် သင်တို့သိသင့်သိထိုက်သည့် သတိပြုဆင်ခြင်ဖွယ်ရာ အချက် ၁၀ ချက် ရှိပါတယ်။ အဲဒါတွေကတော့- (၁) တစ်ဆင့်စကား ပြောသံကြားကာမျှကို ဟုတ်ပြီမှန်ပြီဟု ချက်ချင်း အတည်မယူလေနှင့်၊ (၂) ရိုးရာအစဉ်အလာနှင့် ကိုက်ညီသော စကားဖြစ်၍လည်း ဟုတ်ပြီမှန်ပြီဟု ချက်ချင်း အတည်မယူလေနှင့်၊ (၃) ရှေးကဒီလို ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ (ထုံးရှိ၍လည်း) ဟုတ်ပြီမှန်ပြီဟု ချက်ချင်း အတည်မယူလေနှင့်၊ (၄) ပိဋကတ် (စာပေ)နှင့် (ကျမ်းဂန်နှင့်)ကိုက်ညီတယ် ဆိုပြီးတော့လည်း ဟုတ်ပြီမှန်ပြီဟု ချက်ချင်း အတည်မယူလေနှင့်၊ (၅) မိမိကိုယ်တိုင် တွေးကြံနိုင်ရုံမျှနှင့်လည်း (ဆင်ခြင်တုံတရားနှင့်ညီသည် ယုတ္တိရှိသည်ဆိုပြီး) ဟုတ်ပြီမှန်ပြီဟု ချက်ချင်း အတည်မယူလေနှင့်၊ (၆) နည်းမှီရယူရုံဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု ချက်ချင်း အတည်မယူလေနှင့်၊ (၇) အခြင်းအရာကို ကြံစည်စိတ်ကူးပြီး (သဘောကျရုံဖြင့်)လည်း ဟုတ်ပြီမှန်ပြီဟု ချက်ချင်း အတည်မယူလေနှင့်၊ (၈) ငါတို့ သဘောကျ လက်ခံထားတဲ့ အယူဝါဒနဲ့ ကိုက်ညီတယ် ဆိုပြီးတော့လည်း ဟုတ်ပြီမှန်ပြီဟု ချက်ချင်း အတည်မယူလေနှင့်၊ (၉) မှတ်ထိုက်ယူထိုက် လက်ခံထိုက်တဲ့ သဘောပဲ ဆိုပြီးတော့လည်း ဟုတ်ပြီမှန်ပြီဟု ချက်ချင်း အတည်မယူလေနှင့်၊ (၁၀) ငါတို့လေးစားတဲ့ ရဟန်းတစ်ပါး ဆိုပြီးတော့လည်း ဟုတ်ပြီမှန်ပြီဟု ချက်ချင်း အတည်မယူလေနှင့်၊ ကာလမမင်းသားတို့၊ အကြင်တရားတွေဟာ မကောင်းတဲ့ အကုသိုလ်တရားတွေ၊ အပြစ်ရှိတဲ့ တရားတွေ၊ ပညာရှိ သူတော်ကောင်းတို့ကလည်း ကဲ့ရဲ့မယ့်တရားတွေ ပြီးတော့ လက်တွေ့လုပ်ဆောင်လျှင်လည်း အကျိုးစီးပွားမဲ့ဖို့သာ ဖြစ်သည်။ ဆင်းရဲဖို့သာ အကြောင်းရှိတယ်လို့ဆိုရင် အဲဒီတရားတွေကို မိမိကိုယ်တိုင် သိမြင်တာနဲ့ တစ်ပြိုင်နက် စွန့်ပယ်သင့်တယ်ဟု ဟောပြတော်မူပါသည်။



အထက်ပါ မြတ်စွာဘုရား၏ ကာလာမသုတ်ကို ဖတ်ကြည့်ပြီးသောအခါ ကျွန်တော့်စိတ်ထဲတွင် လက်ရှိ ကျွန်တော်တို့နိုင်ငံ အခြေအနေနှင့် ၎င်းကာလမသုတ္တန်ကို နှိုင်းယှဉ်ကြည့်နေမိပါတယ်။ ယနေ့ မြန်မာ့ဒီမိုကရေစီ နိုင်ငံရေးသည် လမ်းဆုံလမ်းဝပေါ်သို့ ရောက်နေပါပြီ။ ထို့အတူ ကျွန်တော်တို့ တိုင်းသူပြည်သားများမှာလည်း ၀ါဒပေါင်းစုံတို့ တွန်းထိုးတိုက်ခိုက် လူးလာယှက်သန်းရာ ရပ်ဝန်းတစ်ခုထဲသို့ ကျရောက်နေသည့် အချိန်ကာလဟု ပြောမည်ဆိုလျှင်လည်း မှားမည်မထင်ပါ။ ကျွန်တော်တို့ ပြည်သူတွေ ဘယ်လမ်းကို လိုက်ကြမည်နည်း။ ပါတီပေါင်းစုံ၊ အယူဝါဒပေါင်းစုံ၊ ပဋိပက္ခပေါင်းစုံ၊ ရှုပ်ထွေးမှု ပြဿနာပေါင်းစုံကြားထဲမှာ မြန်မာပြည်သူ ပြည်သားတွေအဖြစ်က ကာလာမ အမျိုးကောင်းသားတို့၏ အဖြစ်နှင့် သိပ်မကွာခြားလှပါ။ နိုင်ငံရေး အကျပ်အတည်းတွေ ကြားထဲမှာ ပိတ်မိနေသော ခုလို အချိန်ကာလမျိုးမှာ ကျွန်တော်တို့ ပြည်သူတွေ အားကိုးမျှော်လင့်ရာက တစ်ခုတည်းပါ။ ၎င်းသည် မှန်ကန်သည့် အယူဝါဒတစ်ရပ်ကို ရွေးချယ်ဖို့သာ ဖြစ်ပါသည်။ ထိုမှန်ကန်သည့် အယူဝါဒကို ကျွန်တော်တို့ ဘယ်လိုရွေးချယ်ကြမည်နည်း။



ကျွန်တော်တို့ အားလုံးအတွက် မှန်ကန်သည့် ရွေးချယ်မှုကို ဗုဒ္ဓမြတ်စွာက အထက်ပါအချက် ၁၀ ချက်ဖြင့် ညွှန်ကြားပြသခဲ့ပြီး ဖြစ်ပါသည်။ ကျွန်တော်တို့အားလုံး ဒီမိုကရေစီ ၀ါဒတစ်ရပ်ကို ကိုင်စွဲကာ ရည်ရွယ်လျှောက်လှမ်းရမည့် လမ်းကြောင်းကို ဆုံးဖြတ်ဖို့အတွက် ထိုကာလာမသုတ္တန်ပါ အချက် ၁၀ ချက်သည် လမ်းညွှန်မြေပုံပင် မဟုတ်ပါလား။



တစ်ချိန်သောအခါက ကာလာမ အမျိုးကောင်းသားတွေ ၀ိဝါဒကွဲကာ စိတ်ဒွိဟဖြစ်သလို ကျွန်တော်တို့ ပြည်သူတွေလည်း ၀ိဝါဒ ကွဲခဲ့ကြဖူးပါသည်။ ယခုလည်း ၀ိဝါဒ ကွဲနေဆဲပါပဲ။ သို့သော် လာမည့် မနက်ဖြန်ပေါင်း များစွာအတွက် ကျွန်တော်တို့တွေ ၀ိဝါဒ မကွဲပြားသင့်တော့ပါ။ ကျွန်တော်တို့ စိတ်တွေ၊ ကျွန်တော်တို့ မျက်လုံးတွေ၊ ကျွန်တော်တို့ နားတွေကို သန့်ရှင်းစင်ကြယ်စွာထားဖို့လို အပ်နေပါပြီ။ “ညောင်သီးလည်းစားရင်း လေးသံလည်းနားစွင့်” ဆိုသလို ကြုံလာသမျှ နိုင်ငံရေးဝိ၀ါဒ ကွဲပြားမှုတွေ၊ ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင်လာသည့် ပဋိပက္ခတွေ၊ မငြိမ်းချမ်းနိုင်သေးသည့် ပြည်တွင်းစစ် ပဋိပက္ခတွေ၊ တိုင်းပြည်မငြိမ်သက်အောင် သွေးထိုးလှုံ့ဆော်နေသည့် ပဋိပက္ခတွေ အားလုံးကို ရှင်းရှင်းလင်းလင်းမြင်ပြီး ပီပီပြင်ပြင် စဉ်းစားဆုံးဖြတ်ကာ အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ဖို့ ဗုဒ္ဓ၏ လမ်းညွှန်ချက် ၁၀ ချက်ကို အမြဲမပြတ် နှလုံးသွင်းဆင်ခြင်နေဖို့ လိုအပ်ပါသည်။



ထိုကဲ့သို့ ပညာနှင့် သုံးသပ်ဆင်ခြင်ပြီး လွတ်လပ်စွာ ရဲရဲဝံ့ဝံ့ ရွေးချယ်ဆုံးဖြတ်နိုင်မှသာ မှန်ကန်သည့် ဒီမိုကရေစီ ၀ါဒတစ်ရပ်ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်လိမ့်မည် ဖြစ်ပါကြောင်း။



(ရွှေတိဂုံစေတီတော်တွင် ၀တ်ရွတ်နေသော လူငယ်များအား တွေ့ရစဉ်။ (ဓာတ်ပုံ-ကြည်နိုင်))





from Eleven Media Group's Facebook Wall http://ift.tt/1liBPt3

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...