Skip to main content

#emg_opinions အချစ်နဲ့ ပေါင်မုန့် (Written by: နရီမင်း) “အချစ်ရယ် ပေါင်မုန့်...



#emg_opinions



အချစ်နဲ့ ပေါင်မုန့်



(Written by: နရီမင်း)



“အချစ်ရယ် ပေါင်မုန့်တစ်လုံးရယ်

ဘ၀ကို ငါရောင့်ရဲတယ်”



လမ်းမပေါ်တွင် ပေါင်မုန့်တောင်းဆိုသံများ ညံနေသည်မှာ ပြင်သစ်ပြည် လူဝီဘုရင်ခေတ်ကို အမှတ်ရစရာ ဖြစ်ပါသည်။ (ပြင်သစ်ပြည်သည်လည်းကောင်း လူဝီဘုရင်သည်လည်းကောင်း ကျွန်တော်နှင့် လားလားမျှ မသက်ဆိုင်ပါ။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အတိုင်း ချီတက်နေသောခေတ်တွင် ကြီးပြင်းခဲ့ရသော ကျွန်တော်သည် ၀ါဒဖြန့်ချိရေး သမိုင်းဘာသာကို သင်ကြားခဲ့ရသောကြောင့် ပြင်သစ်တော်လှန်ရေးအကြောင်း ခပ်ဝါးဝါး သိခဲ့ရပါသည်။ ထို့ကြောင့် ယခုကဲ့သို့ ပြင်သစ်ပြည်နှင့် လူဝီဘုရင်ခေတ်ဟူ၍ ကြားဖူးနားဝကို ဖြီးဖြန်းရေးသားနိုင်ခြင်း ဖြစ်ပါသည်)



လူဝီဘုရင်၏ မိဖုရားက “ပေါင်မုန့်မရှိရင် ကိတ်မုန့်စားပေါ့” ဟု အမှန်တကယ် ပြောခဲ့လေသလား မည်သူသေချာ သိမည်နည်း။ ခေတ်တစ်ခေတ်၌ ခိုင်လုံပါသည်ဆိုသော သမိုင်းအထောက်အထားများ သည်ပင်လျှင် နောက်တစ်ခေတ်တွင် မခိုင်မလုံ ဖြစ်သွားခဲ့ရပေါင်း များလေပြီ။ အမှန်တကယ်၌ ကိုယ့်သမိုင်းကိုယ်ရေးခြင်းသာ စိတ်အချရဆုံးဖြစ်သည်။ ကိုယ့်အကြောင်း ကိုယ်ကိုယ်တိုင်လောက် မည်သူမျှ အကောင်းရေးနိုင်ကြလိမ့်မည် မဟုတ်ပါ။ (မသေခင် ကိုယ့်သမိုင်း ကိုယ်ရေးခဲ့ဖို့ မမေ့ပါနဲ့)



အချို့ကလည်း လူဝီဘုရင်၏ မိဖုရားစကားကို လက်ဝဲ၀ါဒီတို့၏ ဘူဇွာဆန့်ကျင်ရေးဝါဒဖြန့် ပြက်လုံးဟု ဆိုကြပါသည်။



သို့သော် ယခုအခါ ဟိုမှာဒီမှာ ကြားနေရသော ပေါင်မုန့်တောင်းဆိုသံများမှာ ဆောင်းဘောက်စ်ထဲမှ သီချင်းသံဖြစ်ပါသည်။ ကျွန်တော့်သူငယ်ချင်း အပျိုကြီး၏ တူကလေးကတော့ “အချစ်ရယ် ပေါင်မုန့်တစ်လုံးရယ်” ကို “အချစ်ရယ် ပေါင်မုန့်နှစ်လုံးရယ်” ဟု ပြင်ဆိုပါသည်။



“ဟဲ့ကောင်လေး၊ တစ်လုံးပါ။ ဘယ့်နှယ့် နှစ်လုံးဖြစ်ရတာလဲ။ နင့်ဟာက လူကြားမကောင်းဘူး” ဟု အပျိုကြီးက ဟန့်သောအခါ သူက-



“တစ်လုံးတည်းနဲ့ မ၀ဘူးဗျ တီတီရ” ဟု ပြန်ပြောသည်ဟု ဆိုပါသည်။ (သြော်.... ကလေးတောင် ပေါင်မုန့်တစ်လုံးတည်းနဲ့ မရောင့်ရဲနိုင်ဘူးကိုး)



‘အချစ်နဲ့ပေါင်မုန့်’ သီချင်းကို ပထမဆုံး သီဆိုသူမှာ ‘ဟယ်ရီလင်း’ ဖြစ်ပါသည်။ ယင်းသီချင်းအား ဟယ်ရီလင်း သီဆိုသည်ကို ကျွန်တော်ပိုကြိုက်ရခြင်း၏ ပထမအချက်မှာ ဟယ်ရီလင်း၏ အသံသည် အားပါလှ၍ သူ့ရှေ့တွင် ပေါင်မုန့်တစ်လုံး ချပေးလိုက်ပါက ချက်ချင်းပင် တစ်လုံးလုံး ပါးစပ်ထဲအပြည့် ထိုးသွင်းလိုက်မည်ကဲ့သို့ ရှိနေသောကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ ဟယ်ရီလင်းခေါ် ထွန်းမြင့်ဦးခေါ် အာဂသည် ကျွန်တော့်သူငယ်ချင်း ဖြစ်ခဲ့ဖူးသောကြောင့်ဖြစ်သည်။



နာမည်ကြီးသူများကို သူ၏သူငယ်ချင်းများဟုဆိုကာ စာများ၌ ထည့်သွင်းရေးသားတတ်သည့် ကဗျာဆရာတစ်ဦးကို သရော်စာရေးသားသူ တစ်ဦးက My Friend ဟု သူ၏အမည်ရှေ့၌တပ်ကာ လှောင်ပြောင်ဖူးပါသည်။ ယခုကျွန်တော်၏ အရေးအသားကို အဆိုပါ သရော်စာရေးသူ တွေ့သွားပါက ကျွန်တော့်ကို “My Friend နရီမင်း” ဟု လှောင်ပြောင်လိမ့်မည်ဟု စိုးရိမ်စရာ မလိုပါ။ ပထမအချက်မှာ အဆိုပါ သရော်စာရေးသား သူသည် ကျွန်တော့်သူငယ်ချင်း (My Friend) စစ်စစ်ကြီး ဖြစ်သောကြောင့်ပင်။ ဒုတိယအချက်မှာ ဟယ်ရီလင်းသည် ကွယ်လွန်သွားပြီဖြစ်သောကြောင့် သူသည် ကျွန်တော့်သူငယ်ချင်း ဟုတ်မဟုတ် ခိုင်လုံသည့် သက်သေအထောက်အထားလည်း သူနှင့်အတူ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သောကြောင့် ဖြစ်သည်။



ရှေးစာဆို အိုမာခယမ်တစ်ယောက် ပေါင်မုန့်ကလေးဖဲ့လိုက်၊ ၀ိုင်ကလေးကျိုက်လိုက်၊ ကဗျာကလေးဖတ်လိုက်နှင့် ဘ၀ကို ရောင့်ရဲနေချိန်၌ ရုရှားလက်ဝဲ၀ါဒီ စာရေးဆရာကြီး မက္ကဇင်ဂေါ်ကီက “လောကကြီးကို အချစ်နဲ့ပေါင်မုန့်က ဦးဆောင်တယ်” ဟု အလန့်တကြား ထအော်လိုက်ရာ အိုမာခယမ်ခမျာ ဖီလင်ပျက်သွားရရှာပါသည်။



ယခုခေတ်တွင် အထွေထွေသဘောအရ မိန်းကလေးများအဖို့ အချစ်သည် ပေါင်မုန့်ဖြစ်ပြီး ယောက်ျားလေးများအဖို့ ပေါင်မုန့်သည် အချစ်ဖြစ်သည်။ နံနက်မိုးလင်းသည်နှင့် အချစ်ကုန်ခန်းနေသော ဇနီးသည်၏ မျက်နှာကိုကြည့်ကာ လင်ယောက်ျားတို့ ပေါင်မုန့်အရှာ ထွက်ရပါလေသည်။ “ငတ်မွတ်ခြင်းဟာ အိမ်ရှေ့တံခါးပေါက်ကို ခေါက်လိုက်တဲ့အခါ ချစ်ခြင်းမေတ္တာတွေဟာ နောက်ဖေးပေါက်က ဆင်းသွားတယ်” ဟူသည့် ဆိုရိုးစကားတစ်ရပ်မှာ မော်ဒယ်အောက်နေသော်လည်း နံပါတ်အသစ် ရထားသည့် ယာဉ်အိုဟောင်းတစ်စီး ဖြစ်ပါသည်။



မိုးရာသီအတွက် အစာသိုလှောင် စုဆောင်းနေကြကုန်သော ပုရွက်ဆိတ်အပေါင်းကို အတုယူကာ လူတချို့ ပေါင်မုန့်အပိုအလျှံများ စုဆောင်းနေကြချိန်၌ လူတချို့သည်ကား တစ်နေ့အတွက် ပေါင်မုန့်ဖူလုံပြီ ဆိုသည်နှင့် ကျန်အချိန်များကို ဟေးလားဝါးလား ပျော်ပါးရန် သုံးပစ်လိုက်ကြပါသည်။ Time is money ဆိုသကဲ့သို့ လူတချို့အတွက် အချိန်သည် ငွေဖြစ်သော်လည်း လူတချို့အတွက်မူ အချိန်မှာ မရှိမဲ့ရှိမဲ့ ပေါင်မုန့်အစအနကလေးများကို ချေဖျက်ပစ်ရန် ‘အစာခြေရည်များ’ (Gastric Juice) ထွက်ရန်အတွက်သာ ဖြစ်နေပါသည်။ အစာအိမ်ထဲ၌ အက်စစ်ဓာတ် လျော့ပါးသွားစေရန် ရေက အချိန်အတိုင်းအတာ တစ်ခုထိတော့ တာဝန်ယူနိုင်ပါသည်။ ထို့ကြောင့် နံနက်ခင်း၌ ပေါင်မုန့်အစအနကလေးများကို ရှာမတွေ့နိုင်သေးမီ အလကားရသောရေကို အ၀သောက်ထားရန် လိုအပ်ပါသည်။



လူ၏ စိတ်ခံစားချက် အာရုံမှန်သားပြင်ပေါ်တွင် ဆာလောင်မွတ်သိပ်ခြင်းတို့ အပြည့်နေရာယူထားချိန်၌ ချစ်ခြင်းမေတ္တာအတွက် နေရာလွတ် ရှိဟန်မတူပါ။ (ဘတ်စ်ကားပေါ်တွင် အလွန်ပင်ပန်း နွမ်းနယ်လာသော လူတစ်ယောက်အနေနှင့် သူ၏ထိုင်ခုံနေရာကို အခြားသူတစ်ယောက်အား ဖယ်မပေးလိုခြင်းနှင့် ဆင်တူပါသည်) ဂျာမန်ကဗျာဆရာ တစ်ဦးက “လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဆိုတာ သူ့ပိုက်ဆံအိတ်ထဲမှာ ရှိတာမဟုတ်ဘူး” ဟုပြောခဲ့ပါသည်။



ပိုက်ဆံအိတ်ထဲ၌ ဘာမျှမရှိဘဲ ပေါင်မုန့်ရနိုင်လိမ့်မည် မဟုတ်ပါ။ အလွန်ဆာလောင် မွတ်သိပ်နေသူတစ်ဦး အနေဖြင့် ဂုဏ်သိက္ခာ ရှိချင်သည့်တိုင် ဂုဏ်သိက္ခာရှိနိုင်ရန် မလွယ်ကူပါ။ သင့်အနေဖြင့် အလွန်ဆာလောင် မွတ်သိပ်နေချိန်၌ သင်၏လက်ထဲသို့ ပေါင်မုန့်တစ်လုံး ကံအားလျော်စွာ ရောက်ရှိလာပြီ ဆိုပါစို့။ သင့်နည်းတူ ဆာလောင်မွတ်သိပ်နေသူ တစ်ဦးအား ပေါင်မုန့်တစ်ဝက်ကို ခွဲဝေကျွေးနိုင်ပါမည်လား။ (သင်သည် အလွန်ဆာလောင်မွတ်သိပ်ခြင်းကို တစ်ကြိမ်တစ်ခါမျှ မခံစားဖူးသော ကံထူးသူတစ်ဦး ဖြစ်ပါလျှင် ဤမေးခွန်းအတွက် သင်၏အဖြေသည် မှန်ကန်နိုင်လိမ့်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ဆာလောင်မွတ်သိပ်ခြင်းဟူသည် အတုလုပ် ခံစားနိုင်သော စိတ်ခံစားချက်မျိုး မဟုတ်သောကြောင့်ပင်)။



အလွန်ဆာလောင် မွတ်သိပ်နေသူနှစ်ဦးအကြား တူညီသော အကွာအဝေး၌ ပေါင်မုန့်တစ်လုံးကို ချထားကြည့်ပါက မည်ကဲ့သို့ ရှိလေမည်နည်း။ ဤပုစ္ဆာ၌ ပါဝင်နေသော ဇာတ်ကောင်နှစ်ဦးသည် လူမဟုတ်ဘဲ တိရစ္ဆာန်နှစ်ကောင် ဖြစ်နေခဲ့ပါလျှင် ပုစ္ဆာ၏အဖြေမှာ ပိုမိုရိုးရှင်း လွယ်ကူသွားနိုင်ပါသည်။ အပြေးမြန်သူ သို့တည်းမဟုတ် အားကြီးသူက ပေါင်မုန့်ကို အရယူပြီး တစ်ကောင်တည်း အကုန်အစင် စားသောက်ပစ်လိုက်ပါလိမ့်မည်။



ဤနေရာ၌ ဇာတ်ကောင်နှစ်ဦးသည် တိရစ္ဆာန်မဟုတ်ဘဲ လူသားစစ်စစ် ဖြစ်နေသောကြောင့် အဖြေသည် ဒွိဟဖြစ်နေသကဲ့သို့ အဖြေများအတွက် အကြောင်းပြချက်များမှာလည်း အမျိုးမျိုးအထွေထွေ ဖြစ်နေနိုင်ပါသည်။ လောကကြီးကို အချစ်က ဦးဆောင်သလား၊ ပေါင်မုန့်က ဦးဆောင်သလား ဆိုသည်မှာ အဖြေများ အမျိုးမျိုးအထွေထွေဖြစ်လျက် တိကျမှန်ကန်သော အဖြေတစ်ရပ်မရှိဘဲ ဗဟိုချက် ပျောက်နေဦးမည် ဖြစ်ပါသည်။



(၂၀၁၄ ဇန်န၀ါရီ ၂၉ ရက်က ပီရူးမြို့တော် လီမာဥယျာဉ်တစ်ခုအတွင်းရှိ The Kiss ရုပ်တုကို လာရောက်ကြည့်ရှု့သည့် စုံတွဲများ)





from Eleven Media Group's Facebook Wall http://ift.tt/NsVjfz

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...