Skip to main content

#emg_opinions နိုင်ငံတော်သို့ ပေးစာတစ်စောင် (Written By - မင်းခေါင်ကျော်စွာ)...



#emg_opinions



နိုင်ငံတော်သို့ ပေးစာတစ်စောင်



(Written By - မင်းခေါင်ကျော်စွာ)



၂၈.၂.၂၀၁၄ နေ့မှာ Daily Eleven သတင်းစာကို ဖတ်မိတဲ့အချိန်မှာ စိတ်မကောင်းများစွာ ဖြစ်ရတဲ့အတွက် ဒီစာစုကို ရေးသားရခြင်းဖြစ်ပါတယ်။ ဦးစွာကျွန်တော်တို့ မြန်မာနိုင်ငံမှာ မိသားစုတစ်စုဟာ တစ်နေ့ဝင်ငွေလေး ထောင်မျှရှိရုံနဲ့ ထမင်းနပ်မှန်ဖို့ မလွယ်ကူတာကို လူကြီးမင်းတို့ နေ့စဉ်စားသောက်နေတဲ့ မနက်ခင်းစာ (Breakfast) ကို လူကြီးမင်းတို့ကိုယ်တိုင် ငွေကြေးစိုက်ထုတ် သွားဝယ်ပြီး စားကြည့်လျှင် သိရှိပါလိမ့်မယ်။ မနက်ခင်းစာကို ဘယ်လောက်ကုန်ကျတယ်သိသွားရင် လူကြီးမင်းတို့ စာနာ၊ နားလည်နိုင်မယ်ထင်ပါတယ်။ ကျားကကျားစာ၊ ကြောင်ကကြောင်စာ၊ ကြွက်ကကြွက်စာဆိုတာကို ကောင်းစွာ နားလည်သဘောပေါက်သော်လည်း၊ မရှိဆင်းရဲသားများသည်လည်း လူသားများဖြစ်ကြောင်းကို လူကြီးမင်းတို့ နားလည်ပေးသင့်ပါသည်။



နိုင်ငံတော်တော်များများမှာ ၀င်ငွေခွန်ကောက်ခံနေသည် မှန်သော်လည်း ထမ်းဆောင်တဲ့ အခွန်ထမ်းအပေါ် နိုင်ငံရဲ့ပြန်လည်တာဝန်ကျေပွန်မှုကိုလည်း တာဝန်တစ်ခု၊ အသိတစ်ခုအနေဖြင့် အစီအစဉ်ချမှတ်သင့်ပြီး အခွန်ထမ်းရဲ့ခံစားခွင့်၊ ရပိုင်ခွင့်တွေကို သေချာစွာ ဖော်ပြအကောင်အထည်ဖော် ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။



ကျွန်တော်တို့နိုင်ငံရဲ့ တစ်ဦးချင်းအပေါ် ကျောသား၊ ရင်သားမခွဲခြားဘဲ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးပံ့ပိုးမှုများအတွက် ပြည်သူတွေမည်မျှ ကျေနပ်မှုရရှိကြောင်းကို ဝေဖန်၊ အကြည်အညိုပျက်အောင် ဆောင်ရွက်မှုကြီးအဖြစ် သတ်မှတ်ခံရမည်စိုးသဖြင့် ထည့်သွင်းရေးသားမှုမပြုပါ။ အခက်အခဲ၊ အကျပ်အတည်းများစွာအား ရင်ဆိုင်ရသော ပြည်သူတို့မှာ စည်းကမ်းပျက်ယွင်းမှု၊ ကိုယ်ကျင့်တရား ယုတ်လျော့မှုများအား နေရာတော်တော်များများတွင် တွေ့သိလာခြင်းသည် စိတ်မကောင်းဖွယ်ရာ ဖြစ်ပါသည်။



ကျွန်တော် ဤစာစုတွင် အဓိကရေးသားတင်ပြခြင်းသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးရယူရန် ကြိုးပမ်းမှုများအတွက် ဆောင်ရွက်ရာတွင် ကျွန်တော်တွေးမိ၊ နားလည်မိသလို ရေးသားတင်ပြပါမည်။



လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံတွင် တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ခဲ့ကြသော အစိုးရအသီးသီးတို့သည် မပြီးပြတ်သော၊ မအောင်မြင်သော ငြိမ်းချမ်းရေး အစီအစဉ်များဖြင့်သာ ပြီးဆုံးသွားကြသည်မှာ လူတိုင်းအသိပင်ဖြစ်ပါသည်။ ကျွန်တော်လေ့လာမိသမျှ တင်ပြရလျှင် အစိုးရအဆက်ဆက်၏ နိုင်ငံတော်အကြီးအကဲများ၏စိတ်တွင် ငြိမ်းချမ်းရေးအမှန်တကယ် လိုလားကြောင်း သိနားလည်ပါသည်။ သို့သော် လက်အောက်ငယ်သားတို့၏ တိုင်းရင်းသားများအပေါ် အချို့မောက်မာစွာ ဆက်ဆံမှု၊ လူမျိုးကြီးစိတ်ဓာတ်ရှိမှု၊ ဗိုလ်ကျလိုမှု၊ လူသားချင်းစာနာထောက်ထားမှု မရှိမှုတို့သည် ငြိမ်းချမ်းရေးရရှိရန် အလှမ်းဝေးခဲ့ရမှုများ၏ အချက်တချို့ဖြစ်ပါသည်။ တိုင်းရင်းသားတို့၏ နယ်မြေတွင်း ၀င်ရောက်ကာ တိုင်းပြည်အကျိုးစီးပွားအတွက်ဟု ကြွေးကြော်ပြီး နယ်မြေခံတိုင်းရင်းသားတို့အား လူရာမသွင်းခဲ့ခြင်းသည် နယ်မြေခံပြည်သူတို့၏ နာကြည်းမုန်းတီး၊ စက်ဆုပ်မှုကိုဖြစ်စေသော အချက်တစ်ချက် ဖြစ်ပါသည်။



ယခုတစ်ဖန်ပြုလုပ်ပေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား မော်တော်ယာဉ်ပါမစ်များ (ကုန်သွယ်ခွန်၊ အကောက်ခွန်များ အထူးနှုန်းထား ကင်းလွတ်ခွင့်ရ) ချပေးသည့်ကိစ္စတွင် နိုင်ငံတော်အနေဖြင့် များစွာအခွန်နစ်နာသလို ရရှိသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း နိုင်ငံတော်နစ်နာသွားသော ငွေကြေးအတိုင်းအတာထက်များစွာ လျော့နည်းသော ငွေကြေးကိုသာရရှိ၍ လက်တစ်ဆုပ်စာ လူတစ်စုသာ အခွန်များစွာ လျော့နည်း၍ အကျိုးအမြတ်ရရှိသွားသည်ကို တွေ့ရှိရပါသည်။



ကျွန်တော်ဥာဏ်မီသမျှတင်ပြရလျှင် ငါးသေးသေးလေးတွေပေးပြီး ကွန်ချက်မပြပေးသည်ဟု ထင်မိပါသည်။ အမှန်တကယ်ဖြစ်သင့်သည်မှာ ၎င်းတို့ရေရှည်ရပ်တည်နိုင်ရန် ကိစ္စများအတွက် ဆောင်ရွက်ပေးသင့်သည်။ လက်နက်ဖြုတ်သိမ်းရန် ကြိုးစားခြင်းထက် လက်နက်အပ်ချင်လာရန် ဆောင်ရွက်သင့်သည်။ တိုင်းရင်းသားနယ်မြေအသီးသီးတွင်ရှိနေသော ဌာနဆိုင်ရာဝန်ထမ်းများသည်လည်း ပြည်သူတွေက ကျွေးထားသော ထမင်းကို စားနေရသူများဖြစ်သည်ကို နားလည်ခံယူနိုင်ရန် အရေးကြီးပါသည်။ အနိုင်ကျင့်၊ ဗိုလ်ကျလိုမှု ညှိနှိုင်းဆွေးနွေးပြီး တန်းတူဆက်ဆံရန် အောက်ခြေပိုင်းသည် မကြိုးစားသရွေ့ တစ်ဖွဲ့ပျောက်သွားလည်း တစ်ဖွဲ့ထပ်ပေါ်လာမည်မှာ မလွဲပါ။ တိုင်းပြည်နေရာအနှံ့အပြားတွင် ဥပဒေချိုးဖောက်မှုများ၊ လူလူချင်းတန်းတူ မဆက်ဆံမှုများကို ကောင်းစွာအပြစ်ပေးအရေးယူမှုများ မဆောင်ရွက်နိုင်သေးသရွေ့ ငြိမ်းချမ်းတည်ငြိမ်ရေးသည် အလှမ်းဝေးနေမြဲ ဖြစ်ပါမည်။



တိုင်းပြည်တည်ဆောက်ရေး၊ တိုးတက်သာယာဝပြောရေး ဆောင်ရွက်ရာတွင် ငြိမ်းချမ်းတည်ငြိမ်မှု မရှိလျှင် အိတ်ပေါက်နှင့် ဖားကောက်ဖြစ်နေဦးမည် ဖြစ်ပါသည်။ ပြည်သူတွေလည်း ဆင်းရဲဒုက္ခ၊ ဆွေမျိုး၊ မိဘသား သမီးများနှင့် ဝေးရသည့် ဒုက္ခများလည်းဆက်ရှိနေမည် ဖြစ်ပါသည်။ ကျွန်တော်ဥာဏ်မီသလောက်တင်ပြရလျှင် တိုင်းရင်းသားနယ်မြေများတွင် စီမံကိန်းများ၊ ဖက်စပ်လုပ်ကိုင်မှုများတွင် ပွင့်လင်းမြင်သာစွာဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (သို့) ထိုနယ်မြေတွင် အမှန်တကယ် ဒီမိုကရေစီ နည်းလမ်းတကျ တင်မြှောက်ထားသော အုပ်ချုပ်ခွင့်ရ အဖွဲ့အစည်းများအတွက် အမြတ်ရာခိုင်နှုန်း မည်မျှပေးမည်၊ ထိုနယ်မြေ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍအသီးသီးအတွက် အမြတ်ရာခိုင်နှုန်းမည်မျှကို နှစ်စဉ်သုံးစွဲမည်ဟု ပွင့်လင်းမြင်သာစွာ ထည့်သွင်းရေးဆွဲခဲ့လျှင် ဒေသခံပြည်သူများနှင့် ပဋိပက္ခဖြစ်မှု များစွာနည်းပါးသွားမည်ဟု မြင်မိပါသည်။



နိုင်ငံတော်အတွက်လုပ်ပါသည်ဟု မည်မျှပင်ဆိုဆို၊ ဥပမာပေးရလျှင် ရပ်ကွက်ထဲမှလူများနှင့် ပသသင့်သည့်သူများကို ပေးကျွေးရန် မိမိအိမ်ရှေ့အများပိုင်မြေပေါ်တွင် အကြော်လာကြော်လျှင် မိမိသည်းခံနိုင်မည်လား။ ၁၀ ရက်၊ ၁၅ ရက်အထိ ပြဿနာမဟုတ်သော်လည်း လပေါင်းများစွာဆိုလျှင် ခွင့်လွှတ်နိုင်မည်မဟုတ်။ ထို့အပြင် အကြော်လာကြော်သူတို့က မင်းတို့ရပ်ကွက်ကလူတွေ စားဖို့လည်းပါတယ်၊ ငါတို့နေချင်သလိုနေမယ် လုပ်ချင်သလိုလုပ်မယ်ဆိုလာလျှင် အမှန်တကယ်ဖြစ်သင့်သည်မှာ အိမ်ရှင်ကိုလည်း တောင်းပန်စကားဆိုပြီး၊ ကျွန်တော်တို့ ဘယ်လိုလုပ်ပေးပါမယ်၊ အညှော်နံ့မနံအောင် ဘယ်လိုဆောင်ရွက်ပေးပါမယ်။ အကြော်လည်း စားနိုင်သလောက် ကျွန်တော်တို့ကြော်တဲ့ အကြော်ကိုနေ့တိုင်းလာစားပါဆိုလျှင် အိမ်ရှင်ဘယ်လိုစိတ်ဖြစ်မလဲ။



တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ၀င်ငွေမှန်လာလျှင် ငြိမ်းချမ်းရေး ပိုမိုယိုင်လာမယ်လို့ တွေးနိုင်သော်လည်း မိမိမြေပေါ်တွင် အလုပ်အကိုင်ဖြစ်ထွန်းလာသော အသီးအပွင့်များ ပျက်စီးဆုံးရှုံးမှာကိုတော့ နယ်မြေခံနှင့် သက်ဆိုင်ရာအဖွဲ့အစည်းတို့ လိုလားမည်မဟုတ်ပေ။ အာဏာရူးတချို့ကြောင့် ပဋိပက္ခဖြစ်နိုင်သော်လည်း သူ့လူကို သူထိန်းသွားလိမ့်မည်။ လိုအပ်သည်မှာ ဒီမိုကရေစီစနစ် ပီပြင်စွာဖြစ်ပေါ်၍ ဥပဒေများဖြင့် တိတိကျကျ ကျောသားရင်သားမခွဲခြားဘဲ ထိထိရောက်ရောက် ဆောင်ရွက်လျှင် နိုင်ငံတော်သည် အလျင်အမြန်တိုးတက်လာမည် ဖြစ်ပါသည်။ နယ်မြေအသီးသီးတွင် အခွင့်ထူးခံလူတန်းစား နည်းပါးအောင် လုပ်ဆောင်ရေးသည် နိုင်ငံတော်၏ တာဝန်ဖြစ်သည်။ ယခုလုပ်ကိုင်မည့်၊ လုပ်ကိုင်ဆဲ နိုင်ငံခြားနှင့်သော်လည်းကောင်း၊ ပြည်တွင်း အခွင့်ထူးခံလူတန်းစားများနှင့်သော်လည်းကောင်း လုပ်ငန်းများတွင် ကျွန်တော်တင်ပြခဲ့သည့် အချက်များ ပါဝင်မှုအားနည်းကြောင်းကို ကျွန်တော်မြင်မိပါသည်။ ပြည်တွင်းအခွင့်ထူးခံ လူတန်းစားများနှင့် နယ်မြေခံတို့အကြား ပဋိပက္ခများသည် ပွင့်လင်းမြင်သာစွာ မဆောင်ရွက်ခဲ့မှုများ၏ အကျိုးဆက်ဖြစ်သလို အခွင့်ထူးခံလူတန်းစားအချို့၏ ငါ့မြင်း ငါစီး၊ လူများအပေါ် လူ့တန်ဖိုးမသိ၊ မဆက်ဆံတတ်မှုများသည် တိုင်းပြည်၏ဆုတ်ယုတ်မှုကို အထိုက်အလျောက် ဖြစ်ပေါ်စေပါသည်။



တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည်လည်း လူမျိုးရေးအခြေခံ၍ မကျေနပ်မှု၊ ခံပြင်းမှုများမှ ပေါ်ပေါက်လာသည့် အဖွဲ့အစည်းများဖြစ်ပါသည်။ ၎င်းတို့တွင်လည်း မြန်မာပြည်ကို ချစ်သည့်စိတ်၊ ငြိမ်းချမ်းလိုလားသည့်စိတ်၊ တိုးတက်လိုသည့်စိတ်များ ကိန်းအောင်းနေသည်ကို သံသယဖြစ်စရာမရှိပါ။ စုန်းပြူးများလည်းရှိနိုင်ပါသည်။ အမှန်တကယ်နိုင်ငံတော်မှသာ ပွင့်လင်းမြင်သာစွာ ၎င်းတို့၏ နယ်မြေနှင့် နယ်မြေအတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘ၀များ တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ပြီး၊ ပါဝင်သည့် သက်ဆိုင်ရာအာဏာပိုင်များမှလည်း နယ်မြေခံပြည်သူများအပေါ် လူသားပီသစွာ ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ပေးလျှင် ငြိမ်းချမ်းရေးမကြာမီရရှိပြီး တိုင်းပြည်လည်း အမှန်ပင် ခေတ်မီဖွံ့ဖြိုးတိုးတက်လာပြီး ပြည်သူပြည်သားတို့၏ လူမှုစီးပွားဘ၀များကို မြှင့်တင်ပေးလိုပါသည်ဟု ထုတ်ပြန်ခဲ့သော ကျွန်တော်တို့အား အုပ်ချုပ်သူအစိုးရ၏ ဆန္ဒသည်လည်း အနှေးနှင့်အမြန် ပြည့်ဝလာမည်ဟု ယုံကြည်မိပါသည်။



(ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဈေးတစ်ခုတွင် ဈေးရောင်းချနေသော ဒေသခံ အဘွားအိုနှစ်ဦးအား ၂၀၁၃ခုနှစ်အတွင်းက တွေ့ရစဉ်)





from Eleven Media Group's Facebook Wall http://ift.tt/1eNhBQx

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...