#emg_opinions
ရှေ့ကတက်ဖို့ အမိန့်ပေးမှာလား၊ နောက်ကလိုက်ခဲ့ဖို့ ခေါ်မှာလား
(Written by: သူရိန်လှိုင်ဝင်း)
ဒီရက်ပိုင်းအတွင်း အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ၂၀၁၂ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ခြံစည်းရိုးဆောက်ရင်း ပြန်ပေးဆွဲခံလိုက်ရတဲ့ အင်ဂျင်နီယာ တပ်မတော်သားသုံးဦးဆိုတဲ့ ဓာတ်ပုံများ ဆက်တိုက်ဖော်ပြနေကြပါတယ်။ တူရကီသတင်းဌာနတစ်ခုက ဖော်ပြထားတဲ့ သတင်းနဲ့ဓာတ်ပုံများကို ပြန်လည်ရေးသား ဖော်ပြကြတာ ဖြစ်ပါတယ်။ ဒီပုံရဲ့ အစစ်အမှန်ဟုတ်ခြင်း မဟုတ်ခြင်းကို အတည်မပြုနိုင်ပေမယ့်လည်း သူတို့ရဲ့ နာမည်နဲ့ရာထူး၊ မိခင်တပ်ရင်းတွေကို ဖော်ပြထားတဲ့ သစ်သားဆိုင်းဘုတ်လေးတွေကို ကိုင်ဆောင်ထားရင်း မျက်နှာငယ်ငယ်နဲ့ ဆောင့်ကြောင့်ထိုင်နေတဲ့ စစ်ဝတ်စစ်စား အမျိုးသားသုံးဦး၊ သူတို့နောက်မှာတော့ မျက်နှာကို အ၀တ်စည်းကာ၊ ဦးထုပ်အဖြူကိုယ်စီ ဆောင်းထားပြီး သေနတ်ကိုင်ဆောင် ချိန်ရွယ်ထားတဲ့ လူတစ်စုကို မြင်လိုက်ရတဲ့အခါ ဆွေမျိုးနီးစပ်တောင် မတော်စပ်ပေမယ့်လည်း ကိုယ့်နိုင်ငံသားတွေဆိုတဲ့စိတ်နဲ့ မခံချင်စိတ်တွေ၊ ဒေါသသွေးတွေ ပွက်ပွက်ဆူလာစေပါတယ်။ ပြီးတော့ ကင်မရာကို ကြည့်နေရှာတဲ့ အမျိုးသားသုံးဦးရဲ့ သူတို့လွတ်ရာလွတ်ကြောင်း တစ်စုံတစ်ခုအပေါ် အားကိုးတကြီး မျှော်လင့်နေရှာပုံရတဲ့ မျက်ဝန်းတွေကို ငေးစိုက်ကြည့်မိတဲ့ အခါမှာလည်း သူတို့နဲ့ သူတို့မိသားစုတွေအတွက် သနားကရုဏာသက်မိတဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာရပါတယ်။ ဒီစစ်သားတွေ ကံကြမ္မာ ဘယ်လိုနေမလဲ၊ ဒီပုံကိုကြည့်မိတဲ့ သူတို့မိသားစုတွေရဲ့ ခံစားချက်တွေ ဘယ်လိုနေမလဲ။ ကျွန်တော် ဆက်မတွေးချင်တော့ဘူး။
တူရကီ သတင်းဌာနက ထုတ်ပြန်ခဲ့တဲ့ အဲဒီသတင်းဓာတ်ပုံတွေဟာ အစစ်အမှန် ဟုတ်မဟုတ် အာမမခံနိုင်ပေမယ့် တကယ်တမ်းမှာလည်း ၂၀၁၂ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ခြံစည်းရိုးခတ်နေတဲ့ အင်ဂျင်နီယာတပ်က တပ်မတော်သားသုံးဦး ဘယ်သူဘယ်ဝါမှန်း မသိလိုက်ရတဲ့လူတွေ လက်ချက်နဲ့ ပြန်ပေးဆွဲခံလိုက်ရပြီး အစအန ပျောက်သွားခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ အစိုးရဘက်က ကျယ်ကျယ်ပြန့်ပြန့် သတင်းထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ဘဲ သတင်းမီဒီယာတွေမှာ ဖော်ပြချက်တွေအရသာ သိသူတွေလည်းရှိ၊ မသိသူတွေလည်း ရှိပါပဲ။ သာမန်ပြည်သူများသာ မဟုတ်ဘဲ တပ်မတော်သားတွေ ဖြစ်နေတဲ့အတွက် ထိရောက်တဲ့ သတင်းထုတ်ပြန်မှုတွေ၊ ရှာဖွေမှုတွေ လုပ်မလားဆိုတာကို သတိထား စောင့်ကြည့်ခဲ့ပေမယ့်လည်း ဖိဖိစီးစီး ရှာဖွေတာတွေ မရှိ၊ ဘယ်သူဘယ်ဝါမှန်း မသိရဘဲ သူတို့တွေရဲ့သတင်းဟာ သေသည်ရှင်သည် မသေမချာနဲ့ အချိန်ကြာလာတာနဲ့အမျှ စုံးစုံးမြုပ် ပျောက်ကွယ်သွားရပါတယ်။ အခုတော့ သူတို့တွေရဲ့ ရှင်သန်နိုင်ဖို့လမ်းဆိုတာ မရှိသလောက်ကို နည်းပါးသွားပါပြီ။
မြန်မာ့စစ်တပ်မှာ အပေါဆုံးဟာ လူသားရင်းမြစ်ပါပဲ။ တန်ဖိုးအထားမခံရဆုံးကလည်း အဲဒီလူသားရင်းမြစ်တွေလို့ပဲ ပြောရမယ်ထင်တယ်။ စစ်လက်နက် ပစ္စည်းဆိုတာ အချိန်မရွေး ပြန်လည်တည်ဆောက်နိုင်ပေမယ့် လူသားရင်းမြစ်ဆိုတာကတော့ တန်ဖိုးရှိလွန်းလို့ ဖွံ့ဖြိုးတဲ့နိုင်ငံတိုင်းရဲ့ စစ်တပ်တွေဟာ သူတို့ရဲ့ စစ်သားလူသားရင်းမြစ်တွေ မပြုန်းတီးရေးအတွက် အတော်လေးကို ဂရုတစိုက် ထိန်းသိမ်းကြတယ်။ လူသားရင်းမြစ်နဲ့ စစ်လက်နက်ပစ္စည်းပဲဖြစ်ဖြစ်၊ အခြားပစ္စည်း ကိရိယာတွေပဲဖြစ်ဖြစ် ယှဉ်လာပြီဆိုရင် လူသားရင်းမြစ်တွေကိုသာ အလေးပေး အကာအကွယ် ပြုကြတယ်။ ဒါပေမယ့် ဒီမှာတော့ ပြောင်းပြန်ဆိုရလောက်အောင်ကို အောက်ခြေစစ်သားတွေရဲ့ ဘ၀ဟာ အလေးအနက် ထားခံရမှု နည်းပါတယ်။ တကယ်တော့ အောက်ခြေစစ်သားတွေတင် သာမက အရာရှိငယ်တွေဟာလည်း ဒီလိုပုံစံမျိုး ဆက်ဆံခံရတာပါပဲ။ ရှေ့တန်းစစ်မျက်နှာတွေဆီမှာ မသေသင့်ဘဲ အသက်ဆုံးရှုံး ခဲ့ရသူတွေ၊ ကိုယ်အင်္ဂါအစိတ်အပိုင်း ပျက်စီးဆုံးရှုံးခဲ့ရသူတွေ မရေမတွက်နိုင်လောက်အောင်ပါပဲ။ တခြားနိုင်ငံက စစ်သားတွေ ကျော့မော့အောင် နေနိုင်နေပေမယ့် ဒီကအောက်ခြေ စစ်သားတွေမှာတော့ ဘ၀ကို ခက်ခက်ခဲခဲ ရုန်းကန်မွေးမြူ နေရပါတယ်။
တစ်ဆက်တည်း တွေးမိတာကတော့ ခရိုနီလို့ လူသိများတဲ့ နာမည်ကျော်စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦး ၂၀၁၁ ခုနှစ်အတွင်း ကချင်ပြည်နယ်မှာ ရဟတ်ယာဉ်ပျက်ကျမှု အဖြစ်အပျက်ပါပဲ။ အဲဒီတုန်းက တပ်ရင်းတွေ၊ စစ်ရဟတ်ယာဉ်တွေ အသုံးပြုပြီး ရဟတ်ယာဉ်ပျက်ကျခဲ့တဲ့ လုပ်ငန်းရှင်သူဌေးကြီးကို ကယ်တင်ဖို့ ကြိုးစားရှာဖွေခဲ့တဲ့ပုံစံနဲ့ အခုဘယ်သူဘယ်ဝါမှန်း မသိရတဲ့ အဖွဲ့ရဲ့ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရတဲ့ တပ်မတော်သားသုံးဦးကို ရှာဖွေကယ်တင်ဖို့ အားထုတ်တဲ့ပုံစံတွေကို နှိုင်းယှဉ်ကြည့်မိတဲ့အခါ တစ်ခုခုတော့ မှားယွင်းနေပြီဆိုတာကို ခံစားမိနိုင်ပါလိမ့်မယ်။ အဲဒီတုန်းက လုပ်ငန်းရှင်သူဌေးကြီးနဲ့ ဒီအောက်ခြေစစ်သားတွေအကြားမှာ ဘာကွဲပြားမှုတွေ ရှိနေလို့လဲ။
ဒီတပ်မတော်သားသုံးဦး ပြန်ပေးဆွဲခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အစိုးရရဲ့ တုံ့ပြန်မှုဟာ လျော့ရဲလွန်းပါတယ်။ ကိုယ့်နိုင်ငံသားတွေ၊ ပိုဆိုးတာက တပ်မတော်သားတွေ ပြန်ပေးဆွဲခံခဲ့ရတာ ဖြစ်ပေမယ့် ထုံးစံအတိုင်း မေ့မေ့ပျောက်ပျောက်ပါပဲ။ ကိုယ့်နိုင်ငံသားတွေ၊ ကိုယ့်တပ်မတော်သားတွေ အပေါ်မှာ အလေးမထားဘူးဆိုရင် သူတို့အနေနဲ့လည်း နိုင်ငံတော်အပေါ် သစ္စာရှိဖို့၊ အလေးထား အသက်စွန့်ဖို့ဆိုတာ အတော်လေးခက်ခဲမှာပါ။ လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်က အစ္စရေး ဂါဇာနယ်စပ်မှာ ကင်းလှည့်နေတဲ့ အစ္စရေးစစ်သားတစ်ဦး ဟားမတ်စ်စစ်သွေးကြွ အဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ အစ္စရေးစစ်သား ဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်းမှာ အဲဒီပြန်ပေးဆွဲခံရတဲ့စစ်သား ပြန်လည်လွတ်မြောက်လာနိုင်ဖို့အတွက် အစ္စရေးစစ်တပ်ဟာ စစ်ဆင်ရေးအကြိမ်ကြိမ် ဆင်နွှဲခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသကို အကြီးအကျယ် တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးစစ်ဆင်ရေးနဲ့ ဘယ်လိုမှ မကယ်တင်နိုင်တော့တဲ့အဆုံး အစ္စရေးက ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းအကျဉ်းသား တစ်ထောင်ကျော်နဲ့ အလဲအထပ်လုပ်ပြီး ပြန်လွတ်လာအောင် လုပ်ခဲ့ပါတယ်။ အဲဒီတုန်းက ပြန်ပေးဆွဲခံခဲ့ရတဲ့ အစ္စရေးစစ်သားရဲ့ မိသားစုတွေကို ၀န်ကြီးချုပ်က ကတိတစ်ခု ပေးခဲ့တယ်။ “ငါတို့ သူ့ကို ပြန်ရအောင်လုပ်မယ်” တဲ့။ အစ္စရေးနိုင်ငံ အနေနဲ့က သူ့နိုင်ငံသားတွေ၊ သူ့စစ်သားတွေအပေါ်ကို အရမ်းအလေးထားလွန်းတာကြောင့် အစ္စရေးနိုင်ငံသားတွေဟာလည်း သူတို့နိုင်ငံနဲ့ လူမျိုးအတွက် အသက်စွန့်ဖို့ ၀န်မလေးတော့ဘူး။ အဲဒါကြောင့် ရန်သူတွေ ပတ်လည်ဝိုင်းနေပေမယ့်လည်း အစ္စရေးနိုင်ငံဟာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ပါတယ်။ အခုပြန်ပေးဆွဲခံခဲ့ရတဲ့ တပ်မတော်သားသုံးဦးရဲ့ မိသားစုတွေကို အစိုးရအနေနဲ့ ဘာတွေထိထိရောက်ရောက် လုပ်ဆောင်ပေးခဲ့သလဲ၊ အဖမ်းခံခဲ့ရသူတွေရဲ့ မိသားစုတွေကို ဘယ်လိုနှစ်သိမ့် ပေးနိုင်ခဲ့သလဲ၊ ဘာကတိမျိုးတွေ ပေးနိုင်ခဲ့လဲဆိုတာကို ကျွန်တော်တကယ်ကို သိချင်မိပါတယ်။
တကယ်တော့ နိုင်ငံသားနဲ့ နိုင်ငံတော်ဆိုတာ အပြန်အလှန် အလေးထားမှုတွေ ရှိမှသာ နိုင်ငံတစ်နိုင်ငံဟာ သူများစော်ကား ထိခိုက်တာကို မခံရနိုင်မှာပါ။ နိုင်ငံတော်က နိုင်ငံသားတွေကို ချစ်ခင်တန်ဖိုးထားမှ နိုင်ငံသားတွေ အနေနဲ့လည်း နိုင်ငံတော်အပေါ်ကို သစ္စာရှိ တန်ဖိုးထားနိုင်တော့မှာပေါ့။ အခုဖြစ်ခဲ့တဲ့ တပ်မတော်သားသုံးဦး ပြန်ပေးဆွဲခံရတဲ့ အဖြစ်အပျက်ကို တုံ့ပြန်မှုကစလို့ အင်ဒိုနီးရှားမှာ မြန်မာရေလုပ်သားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာကို တုံ့ပြန်မှုအဆုံး နိုင်ငံတော်ကို ကိုယ်စားပြုနေတဲ့ ခေါင်းဆောင်တွေအနေနဲ့ ကိုယ့်နိုင်ငံသားတွေအပေါ်ကို တန်ဖိုးမထားပါလားဆိုတဲ့ ခံစားချက်ကို ကျွန်တော်တို့ ခံစားနေရပါတယ်။ ကိုယ့်သားသမီးကို ကိုယ်တိုင်ကမှ မချစ်ခင်ဘူးဆိုရင် သူများတွေရဲ့ အနိုင်ကျင့်ခံရတာ မဆန်းသလိုဘဲ ကိုယ့်နိုင်ငံသားကို တန်ဖိုးမထားတဲ့ ခေါင်းဆောင်တွေ အုပ်ချုပ်တဲ့အတွက် တခြားနိုင်ငံတွေက မြန်မာနိုင်ငံသားတွေဆိုရင် အနိုင်ကျင့် စော်ကားချင်တာဟာလည်း မထူးဆန်းပါဘူး။ ခေါင်းဆောင်ကောင်းဆိုတာ ငယ်သားကို ရှေ့ကတက်လို့ ဘယ်တော့မှမပြောဘဲ ငါ့နောက်ကလိုက်ခဲ့လို့သာ ခေါ်တတ်တယ်လို့ ဆိုရိုးစကား ရှိပါတယ်။ ခေါင်းဆောင်ကောင်းဆိုတာ လက်အောက်ငယ်သားရဲ့ တန်ဖိုးကို သိသူပါပဲ။ ကျွန်တော်တို့အနေနဲ့ ကိုယ့်အတွက်သာ အခွင့်အရေးမှန်သမျှ အကုန်ယူတတ်ပြီး ကိုယ့်လက်အောက်ငယ်သားတွေ၊ တိုင်းသူပြည်သားတွေ အပေါ်မှာတော့ တန်ဖိုးမထားတတ်တဲ့ ခေါင်းဆောင်မျိုးတွေကို မလိုချင်ပါဘူး။ ကျွန်တော်တို့ကို ငါနဲ့အတူလိုက်ခဲ့လို့ ရှေ့ကရဲရဲဝံ့ဝံ့ ဦးဆောင်တတ်သူတွေကိုပဲ မျှော်လင့်မိပါတော့တယ်။
(၇ နှစ်ကြာ ဖမ်းဆီးခံထားရာမှ ပြန်လည်လွတ်မြောက်လာသော အစ္စရေးစစ်သားအား အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကိုယ်တိုင် လာရောက်ကြိုဆို နှုတ်ဆက်စဉ်)
from Eleven Media Group's Facebook Wall http://ift.tt/1nCJfJB
Comments
Post a Comment