#emg_editorials
၂၀၁၄ ခုနှစ် မတ်လ ၁၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
သဘောတရားကို စွန့်ခွာသွားကြသူများ
သဘောတရားအရဆိုလျှင် နိုင်ငံရေးသမားဟူသည် သာမန်လူများထက် မြင့်မြတ်သည်။ ပုထုဇဉ်အဆင့်ထက် သာလွန်သူများဟုပင် ဆိုနိုင်သည်။ နိုင်ငံရေးသမားတို့သည် အများပြည်သူ အကျိုးစီးပွားအတွက် ကိုယ်ပိုင်အကျိုးစီးပွားကို လျစ်လျူပြုထားကြသူများ ဖြစ်သည်။ အများအတွက်ဟူသည့် ယုံကြည်ချက်၊ ခံယူချက်အတွက်ဆိုလျှင် မိမိတို့အသက် အိုးအိမ်စည်းစိမ်ကို စွန့်လွှတ်ရန် နည်းနည်းလေးမျှ ၀န်မလေးကြသူများ ဖြစ်ကြသည်။
သို့သော် ယခင်တော်လှန်ရေးကောင်စီမတိုင်ခင် ပါလီမန်ဒီမိုကရေစီခေတ်က နိုင်ငံရေးသမားဟူသည်နှင့် ပတ်သက်၍ မောင်ထင်က သဘောတရားနှင့် လက်တွေ့ကွာခြားပုံကို သူ၏ “ဗမာ့နိုင်ငံရေးသုခမိန်” စာအုပ်တွင် ယခုကဲ့သို့ ရေးသားဖော်ပြခဲ့ဖူးသည်။
“ကျွန်ုပ်တို့သည် နိုင်ငံရေးသံသရာတစ်လျှောက်လုံး ကိုးကွယ်ရာကို ရှာခဲ့၏။ သို့သော် ကျွန်ုပ်တို့ကိုးကွယ်ခဲ့သမျှသော သူတို့သည် နိုင်ငံ၌ အရေးအကြောင်းကိစ္စ ပေါ်လာသောအခါ သူတို့ကို ကိုးကွယ်သော ကျွန်ုပ်တို့အား ထားရစ်ခဲ့၍ သူတို့၏ မယားနောက်သို့သာ ပါ၍သွားကြကုန်၏။ ကျွန်ုပ်တို့ကား လာမည့်ခေတ်ကိုသာ မျှော်တလင့်လင့် နေကြရ၏။ ဤသည်ပင်လျှင် မင်းလောင်းမျှော်ဓလေ့ ဖြစ်သည်”ဟူ၍။
၁၉၈၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းမှုတစ်လျှောက် အလွှာအသီးသီးမှ နိုင်ငံရေး နိုးကြားကြသူတို့သည် အများအကျိုးစီးပွားအတွက် ကိုယ်ကျိုးစွန့်ကာ တိုက်ပွဲဝင်ခဲ့ကြသည်။ အသက်အိုးအိမ်စည်းစိမ်တို့ကို စတေးခဲ့ကြရသည်။ နိုင်ငံရေးသမားဆိုလျှင်
“ဖမ်းမယ်၊ ဆီးမယ်၊ သတ်မယ်၊ ဖြတ်မယ်၊ ကိုယ်တိုင်သာမက ဆွေမျိုး အသိုင်းအ၀ိုင်းများကိုပါ ဒုက္ခပေးမယ်၊ အခွင့်အရေးတွေ ဆုံးရှုံးစေမယ်” ဟူသောခေတ်မျိုး၌ သာမန်လူများအနေဖြင့် “နိုင်ငံရေးသမား”ဟူသည့် အမည်ကို ခံယူရဲကြလိမ့်မည် မဟုတ်ပါ။ သို့သော် သာမန်လူများမဟုတ်သည့် နိုင်ငံရေးသမားများကြောင့် မြန်မာ့ဒီမိုကရေစီအရေးသည် ယနေ့ခေတ်တွင် တွေ့မြင်ရသည့် အနေအထားလောက် ရုပ်လုံးပေါ်လာခြင်း ဖြစ်သည်။ မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းမှုတွင် နိုင်ငံရေးသမားဟူ၍ အမည်နာမအချို့လည်း လူသိများ ထင်ရှားလာခဲ့သည်။
ထင်ရှားသော နိုင်ငံရေးသမားများ ဖမ်းဆီးခံရသည်ဟူသည့် ယခင်က မထူးခြားခဲ့သည့် သတင်းမျိုးသည် ယနေ့ခေတ်တွင် လွန်စွာရှားပါးလာသည်။ နိုင်ငံရေးသမားများ အဖမ်းမခံရတော့သည့်ခေတ်ဟုပင် ပြောစမတ်ပြုရမည်။ ယနေ့ခေတ်၌ အများဆုံးအဖမ်းခံနေရ သည်မှာ “နိုင်ငံရေးသမား”ဟု စာရင်းသွင်းမခံရသော တက်ကြွလှုပ်ရှားသူများ၊ လယ်သိမ်း၊ မြေသိမ်းမှုများ၊ ခြစားမှုများ အစရှိသည်တို့ကို မကျေနပ်၍ ဆန္ဒပြသူများသာ ဖြစ်နေသည်။
မြန်မာနိုင်ငံ၌ ဒီမိုကရေစီရေး ကြိုးပမ်းမှုသမိုင်း၌ လူသိများထင်ရှားခဲ့သူအချို့သည် ယနေ့ခေတ်၌ “နိုင်ငံရေးသမား”ဟူ၍ လူအများ၏ အသိအမှတ်ပြုမှုကို ခံရကာ ပြောရေးဆိုခွင့်ရှိသူများ ဖြစ်လာခဲ့သည်။ ထိုအခါ ပြောရေးဆိုခွင့်ရှိသူများ၊ လုပ်ပိုင်ခွင့်ရှိသူများကို ခါးပိုက်ထဲ ထည့်ထားချင်ကြသော အထူးအခွင့်အရေး လိုချင်သူ စီးပွားရေးသမားများ၏ သားကောင်ဘ၀သို့ အချို့သောနိုင်ငံရေးသမားများ သက်ဆင်းကြရတော့သည်။ အချို့လည်း “တစ်သက်လုံး မွေးလာသည့်ကြက် တစ်ချက်ထဲ ရိုက်သတ်ခံလိုက်ရသကဲ့သို့”သမိုင်းတစ်လျှောက် ကိုယ်ကျိုးစွန့်ခဲ့သမျှ စီးပွားရေးသမားများထံမှ မယူသင့် မယူထိုက်သည့် မဖြစ်စလောက် အခွင့်အရေးလေးတစ်ခုယူမိရုံဖြင့် နာမည်အကြီးအကျယ် ပျက်ကြရတော့သည်။နိုင်ငံရေးသမားများကို ကိုယ်ကျိုးစွန့်သူများဟု နားလည်ထားကြသော ပြည်သူများအတွက်လည်း အကြီးအကျယ်စိတ်ပျက်စရာ ဖြစ်ရသည်။
သို့သော် (ဆရာ)မောင်ထင်က သူ၏ “ဗမာ့နိုင်ငံရေးသုခမိန်” စာအုပ်တွင် ဖော်ပြခဲ့သည့်အတိုင်း “စင်စစ်နိုင်ငံရေးသည် မည်မျှပင် စိတ်ပျက်စရာကောင်းစေကာမူ နိုင်ငံရေးကို မကောင်းသည့်အထဲက ကောင်းလာအောင် ဆောင်ရွက်ဖို့ကိစ္စသည် လောက၏ အကျိုးစီးပွားကို ရှေးရှုသူတို့၏ တာဝန်တစ်ရပ်”ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
from Eleven Media Group's Facebook Wall http://ift.tt/1oaCWd2
Comments
Post a Comment