စာပေဆုများ ချီးမြှင့်ငွေကို တိုးမြှင့်ပေးရန် အစီအစဉ် မရှိသေးဟုဆို
နေပြည်တော်၊ မတ် ၁၂
မြန်မာ စာပေလောက ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထူးချွန် ပြောင်မြောက်စွာ စွမ်းဆောင်နိုင်မှုကြောင့် စာပေ ပညာရှင်များကို ချီးမြှင့်ပေးနေသည့် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသား စာပေဆုနှင့် စာပေဗိမာန် စာမူဆု ချီးမြှင့်ငွေများကို လာမည့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း ထပ်တိုး ချီးမြှင့်ရန် မရှိသေးကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ပြောကြားသည်။
လက်ရှိတွင် အမျိုးသားစာပေ ဆုအတွက် ဘာသာရပ် ၁၆ မျိုးတွင် တစ်ဆုလျှင် ကျပ် ၁၀ သိန်းနှင့် စာပေဗိမာန် စာမူဆုအတွက် ပထမဆု ကျပ် ငါးသိန်း၊ ဒုတိယဆု ကျပ် သုံးသိန်းနှင့် တတိယဆု ကျပ် နှစ်သိန်း၊ အမျိုးသားစာပေ တစ်သက်တာ ဆုကို ကျပ် ၁၅ သိန်း ချီးမြှင့်လျက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနထံမှ သိရသည်။
မတ်လ ၁၂ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ နဝမ ပုံမှန်အစည်းအဝေး ၂၄ ရက်နေ့ မြောက်တွင် အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၏ မေးမြန်းချက်ကို ပြန်ကြားရေး ဒုဝန်ကြီးက ယင်းသို့ ပြန်လည် ဖြေဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဆုချီးမြှင့်ငွေ တိုးမြှင့်ပေးခြင်းသည် မြန်မာ စာပေလောက ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိက ဆောင်ကြဉ်း ပေးနေသည့် စာပေ ပညာရှင်ကြီးများ အတွက် များစွာ သင့်လျော်သော်လည်း ယင်းသို့ တိုးမြှင့်ပေးရန် လာမည့် ဘဏ္ဍာနှစ်တွင် ဘဏ္ဍာငွေ လျာထား တောင်းခံထားခြင်း မရှိသောကြောင့် နောင်လာမည့် နှစ်များ တွင်သာ တိုးမြှင့် ဆောင်ရွက်ပေးရန် စီစဉ် တောင်းခံသွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဒုဝန်ကြီးက ဆိုသည်။
တစ်နှစ်အတွင်း ထုတ်ဝေခဲ့သည့် လုံးချင်းဝတ္ထု စာအုပ်များအနက်မှ အကောင်းဆုံး စာအုပ်တစ်အုပ်ကို စာပေဗိမာန် ကာလပေါ် ဝတ္ထုအမည်ဖြင့် မြန်မာနိုင်ငံ ဘာသာပြန် အသင်းက ၁၉၄၈ ခုနှစ်မှ စတင် ချီးမြှင့်ခဲ့ရာမှ ၁၉၆၅ ခုနှစ်မှ စတင်၍ တစ်နှစ်အတွင်း ထွက်ရှိခဲ့သည့် စာအုပ်များမှ ဘာသာရပ်အလိုက် အကောင်းဆုံး စာအုပ်တစ်အုပ်ကို အမျိုးသား စာပေဆု၊ ပြိုင်ပွဲဝင် စာမူများ အနက်မှ ဘာသာရပ် အလိုက် အကောင်းဆုံး စာမူများကို စာပေဗိမာန် စာမူဆုများ အဖြစ် ရွေးချယ် ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
from The Voice Weekly's Facebook Wall http://ift.tt/PvTOzl
Comments
Post a Comment