ပြည်နယ်ဝန်ကြီးချုပ် ထောက်ပံ့ငွေဖြင့် နောင်တုံကန်ပတ်လမ်း ပြုပြင်မည်
ကျိုင်းတုံ၊ မတ် ၁၈
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ကျက်သရေဆောင် နောင်တုံကန်ကြီး သန့်ရှင်းသာယာ လှပစေရေးအတွက် ကန်ပတ်လမ်း တစ်လျှောက် ထပ်ပိုးကတ္တရာခင်းခြင်း လုပ်ငန်းများနှင့် ရေမြောင်းများ ပြုပြင်ရန် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် ထောက်ပံ့သည့် ကျပ်သိန်းတစ်ထောင်ကို အသုံးပြုမည် ဖြစ်ကြောင်း ယင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်လှက ပြောကြားသည်။
အဆိုပါ ကျပ်သိန်းတစ်ထောင်သည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိဒေသများ ဖွံ့ဖြိုးရေးလုပ်ငန်း ရှမ်းပြည်နယ် ဝန်ကြီးချုပ်များ ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည့် ဇန်နဝါရီလ ခရီးစဉ်အတွင်း ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေး လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ပေးအပ် ထားသည့် ငွေဖြစ်ပြီး လွှတ်တော်မှ လွှတ်တော် ကိုယ်စားလှယ်များသို့ ပေးအပ်ထားသည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ သိန်းတစ်ထောင်နှင့် သက်ဆိုင်ခြင်းမရှိဟု ၎င်းကဆိုသည်။
“ဝန်ကြီးချုပ်ပေးတဲ့ ကျပ်သိန်းတစ်ထောင်ကို ဘယ်လုပ်ငန်းတွေမှာ အသုံးပြုချင်ကြလဲလို့ ရပ်ကွက်နဲ့ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ အထောက်အကူပြု ကော်မတီတွေရဲ့ သဘောထားတွေကို မေးပါတယ်။ သူတို့ရဲ့ သဘောထားတွေကို ရတဲ့အခါမှာ မြို့နယ် စည်ပင်သာယာရေး ကော်မတီနဲ့ ဆွေးနွေးပြီး တစ်လုံးတစ်ခဲတည်း အသုံးပြုနိုင်လို့ မြို့ရဲ့ ကျက်သရေဆောင် နောင်တုံကန်ကြီး ရေစီးရေလာ ကောင်းမွန်စေရေးနဲ့ သန့်ရှင်းသာယာ လှပစေရေး လုပ်ငန်းတွေမှာ အသုံးပြုမယ်လို့ ဆုံးဖြတ်လိုက်တာပါ” ဟု ဦးကျော်လှက ရှင်းပြသည်။
ယင်းနောင်တုံ ကန်ပတ်လမ်း တစ်လျှောက် ထပ်ပိုးလွှာ ကတ္တရာခင်းခြင်းနှင့် ရေမြောင်းများ ပြုပြင်ခြင်း လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အကြိုတိုင်းတာခြင်း လုပ်ငန်းများကို လုပ်ဆောင်ထားပြီး ဖြစ်ကြောင်းနှင့် မတ်လ ၁၇ ရက်နေ့တွင် ယင်းစီမံကိန်း လုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ယင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
from The Voice Weekly's Facebook Wall http://ift.tt/1cYbKMW
Comments
Post a Comment