အင်ဒိုနီးရှားက ခရီးသွားလာရေး နေရာ ၁၆ ခုကို ယခုနှစ်အတွင်း တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်
အင်ဒိုနီးရှားထရာဘယ်လ်
ဂျာကာတာ၊ မတ် ၂၃
အင်ဒိုနီးရှားနိုင်ငံက နိုင်ငံအတွင်း အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာနှင့် ခရီးသွားလာရေး နေရာများကို အစဉ်မပြတ် တိုးချဲ့ခြင်းဖြင့် နိုင်ငံတကာခရီးသွားဧည့်သည် ၀င်ရောက်မှုကို ရှစ် ရာခိုင်နှုန်း တိုးတက်ရန် ရည်ရွယ်၍ ၂၀၁၄ ခုနှစ်အတွင်း ခရီးသွားလာရေးနေရာ ၁၆ခုကို တိုးချဲကဖွင့်လှစ်သွားမည်ဟု အင်ဒိုနီးရှား ထရာဘယ်လ် သတင်းဌာနက မတ်လ ၁၈ ရက်တွင် ရေးသားဖော်ပြသည်။
၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် ထုတ်ပြန်သော အချက်အလက်များအရ အင်ဒိုနီးရှားနိုင်ငံသို့ ခရီးသွား ဧည့် သည် ၀င်ရောက်မှုမှာ နှစ်စဉ် ၂၂ ဒသမ ၅၉ ရာခိုင်နှုန်းမြင့် တက်လျက်ရှိပြီး ယင်းအနေအထားတိုင်း ဆက် လက်မြင့်တက်နေမည်ဆိုပါက ယခုနှစ်အတွက် မျှော်မှန်းထားသော ခရီးသည် အရေအတွက်ကို ပြည့်မီ နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း အင်ဒိုနီးရှား တာဝန်ရှိသူများက ပြောသည်။
အင်ဒိုနီးရှားနိုင်ငံသည် ၂၀၁၄ တွင် ကမ္ဘာလှည့်ခရီးသည် ၉ ဒသမ ၃ သန်းနှင့် ၉ ဒသမ ၅ သန်းအကြား လာရောက်လည်ပတ်ရန် မျှော်မှန်းထားပြီး ယင်းအရေအတွက်အတိုင်း ခရီးသည်ဝင်ရောက်မှု ရှိပါက၂၀၁၃ ခုနှစ်ကထက် ခြောက်ရာခိုင်နှုန်းမှ ရှစ်ရာခိုင်နှုန်းကြား မြင့်တက်သွားနိုင်မည်ဖြစ်သည်ဟု အင်ဒိုနီးရှားခရီး သွားလာရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီး မာရီအယ်လ်ကာပန်ဂတ်စ်တူက ပြောဆိုသည်။
ဝန်ကြီးက လက်ရှိဦးစားပေး ခရီးသွားလာရေးနေရာ ၁၆ နေရာတွင် ဘာလီကျွန်း အပါအ၀င် လွပ်ဘော့ ကျွန်း၊ တိုဘာရေအိုင်၊ ဘာတာဗိယာမြို့၊ တာနာတိုရာဂျာ၊ ဘော်ရို ဘူဒါဘုရားကျောင်း၊ ဘရိုဖိုဟန်ဂျာစီမီရူ အမျိုးသား ဥယျာဉ်၊ ရာဂျာအမ်ပက်၊ ဘက်တူဟာကန်၊ ၀ါကာတိုဘီ၊ ဖလောရစ်ကို မိုတိုနှင့် အခြားခရီးသွား လာရေးနေရာများ ပါဝင်သည်ဟုဆိုသည်။ ၎င်းအပြင် အင်ဒိုနီးရှားအမျိုးသား ခရီးသွားလာရေး အထူးအစီ အစဉ်အရ ယခုခရီးသွားလာရေးနေရာများ အပြင် ၂၀၂၅ မတိုင်မီ ခရီးသွားလာရေးနေရာ ၈၈ နေရာအထိ ထပ်မံတိုးချဲ့သွားမည်ဟုလည်း သိရသည်။
“အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့နေရာတွေ အများကြီး ရှိပါတယ်။ တချို့ နေရာတွေဆိုရင် ခရီးသည်တွေ မရောက်ဖူးသေးပါဘူး။ အဲဒီလိုပဲ ခရီးသည်တွေ အရောက်များတဲ့ တချို့ နာမည်ကျော်နေရာတွေကိုလည်း ပြန်လည် ပြင်ဆင်မွမ်းမံဖို့ လိုပါတယ်” ဟု ၎င်းက ထပ်လောင်း ပြော ကြားသည်။
အင်ဒိုနီးရှားခရီးသွားလာရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန၏ထုတ်ပြန်ချက်အရ ၂၀၁၃ ခုနှစ် တွင် အင်ဒိုနီးရှား ပြည်တွင်းခရီးသွားဦးရေမှာ ၂၄၈ သန်းကျော်ရှိခဲ့ပြီး ရူပီးယား ၁၇၆ ဒသမ ၃ ထရီလီယံ သုံးစွဲခဲ့သည်ဟု သိရသည်။ ၄င်းအပြင် ၂၀၁၃တွင် အင်ဒိုနီးရှားသို့ ကမ္ဘာလှည့်ခရီးသည် ၈ဒသမ၈၀၂သန်း လာရောက် လည်ပတ်ခဲ့ပြီး ရူပီးယား ၁၂ ဒသမ ၆၆ ထရီလီယံ သုံးစွဲခဲ့သည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1rlIyUf
Comments
Post a Comment