Skip to main content

ရှစ်ဆယ့်ရှစ်အသံလှိုင်းနောက်မှ သူရဲကောင်း --------------- ရေးသားသူ- အေးသူစံ နေအိမ...



ရှစ်ဆယ့်ရှစ်အသံလှိုင်းနောက်မှ သူရဲကောင်း

---------------

ရေးသားသူ- အေးသူစံ



နေအိမ်ရှိ တစ်လုံးတည်းသော အော်တိုတယ်လီဖုန်းမြည်လာချိန်တွင် ဦးနေမင်းတစ်ယောက် အလွန်သတိဝီရိယကြီးစွာဖြင့် ဖုန်းကိုင်လိုက်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တွင် အခြေစိုက်သည့် သူ့လုပ်ဖော်ကိုင်ဖက်သတင်းထောက်ဟု ထင်လိုက်သော်လည်း တစ်ဖက်မှ ‘‘BBC သတင်းထောက်လား’’ဆိုသော အသံကြောင့် တအံ့တသြဖြစ်သွားချိန်တွင် တစ်ဖက်က ဆက်လက်၍ ‘‘ကျွန်တော် မိုက်ကယ်အဲရစ်ပါ။ ဒေါ်အောင်ဆန်းစုကြည်က စကားပြောချင်လို့’’ဟု ပြောလာပါသည်။ မကြာမီ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏အသံကို ဖုန်းလိုင်းထဲတွင် ကြားလိုက်ရသည်။



အချိန်က စစ်တပ်အာဏာမသိမ်းခင် ၁၉၈၈ ခုနှစ် စက်တင်ဘာလဆန်းပိုင်းဖြစ်သည်။



‘‘ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးဆောင်ပြီး လူထုဆန္ဒပြပွဲတွေ ရန်ကုန်မြို့ထဲမှာလုပ်မယ်လို့ ပြောဆိုလှုံ့ဆော်နေတဲ့ သတင်းတွေထွက်နေပါတယ်။ အဲဒီလိုလုပ်ဖို့ အစီအစဉ်မရှိတဲ့အကြောင်း BBC ကတစ်ဆင့် ရှင်းပေးပါလို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မေတ္တာရပ်ခံတဲ့သတင်းကို ကျွန်တော် လက်ခံရရှိခဲ့တယ်။ အဲဒီသတင်းကို BBC က တစ်ဆင့်ပြန်လွှင့်ပေးခဲ့တယ်’’



ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ခင်ပွန်း မိုက်ကယ်အဲရစ်တို့ကဲ့သို့ပင် သပိတ်စခန်းများစွာ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများစွာက ဦးနေမင်းထံသို့ ယုံကြည်စိတ်ချစွာ သတင်းပေးသည့် ဖုန်းများကို ၁၉၈၈ အရေးတော်ပုံကာလတစ်လျှောက် လက်ခံရရှိခဲ့သည်။ စစ်အာဏာသိမ်းပြီး တစ်လအကြာ အထိန်းသိမ်းမခံမီအထိ ဦးနေမင်းသည် BBC သတင်းထောက် ခရစ္စတိုဖာဂါးနက်ထံ ဆက်သွယ်၍ သတင်းများ ဆက်တိုက်ပေးပို့ခဲ့သည်။



၈၈ အရေးတော်ပုံတစ်လျှောက် မြန်မာ့အရေးနှင့်ပတ်သက်သော သတင်းများကို BBC သတင်းဌာနမှတစ်ဆင့် ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံစေခဲ့သည်မှာ ဦးနေမင်းပိုင်ဆိုင်သော တစ်လုံးတည်းသော ကြိုးဖုန်းလေးမှဖြစ်သည်။ တယ်လီဖုန်းလိုင်းများကို ထောက်လှမ်းရေးများ ကြားဖြတ်နားထောင်နေသည့်ကြားမှ မြန်မာ့အရေး နောက်ဆုံးသတင်းများကို BBC သတင်းဌာနက အမြဲလိုလို ထုတ်လွှင့်နေနိုင်ခဲ့ခြင်းကို ထောက်လှမ်းရေးများကိုယ်တိုင် မယုံကြည်နိုင်အောင်ဖြစ်ခဲ့ကြရသည်။



‘‘ပြည်ပက တိုက်ရိုက်ဆက်တဲ့ဖုန်းဆို ကြားက အော်ပရေတာမခံလည်း ခေါ်လို့ရတယ်။ ခရစ္စနဲ့ ကျွန်တော်က အဲဒီလမ်းကြောင်းကို သုံးခဲ့တာ။ ခရစ္စက တစ်နေ့လေးကြိမ်ပုံမှန်ခေါ်တယ်။ ကျွန်တော်ကတော့ ခေါ်လို့မရဘူး။ ခေါ်ရင် အော်ပရေတာခံရတော့ ကြားဖြတ်နားထောင်မှာပဲ။ ဒီလိုနည်းနဲ့ BBC အတွက် သတင်းတွေ အများကြီးလုပ်ပေးခဲ့တယ်’’ဟု အသက်(၆၇)နှစ်ရှိ ဦးနေမင်းကပြောပြသည်။



တရားမမှုများ သီးသန့်လိုက်ပါဆောင်ရွက်သည့် ရှေ့နေဦးနေမင်းသည် အမှုသည်တစ်ဦးကြောင့် BBC သတင်းထောက် ခရစ္စနှင့် ချိတ်ဆက်မိသည်။ ၁၉၈၈

မတ်လတွင် စက်မှုကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ သေဆုံးခဲ့ခြင်း၊ ကျောင်းသားများစွာထိန်းသိမ်းခံရခြင်း၊ လူထုဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ပေါ်ခြင်း စသည့် မြန်မာ့နိုင်ငံရေးအခြေအနေများကို လေ့လာရန် ခရစ္စမှာ မြန်မာနိုင်ငံသို့ သုံးပတ်ကြာ လာရောက်ခွင့်ရချိန်တွင် မြန်မာအစိုးရ အတိုက်အခံအင်အားစုများနှင့် တွေ့ဆုံရန် ကြိုးစားရာတွင် ဦးနေမင်းလည်း ပါဝင်ခဲ့သည်။



‘‘၈၈ ဧပြီမှာ ရဲကားမီးရှို့မှုနဲ့ အဖမ်းခံရတဲ့ ကောင်လေးတစ်ယောက်အမှုကို လိုက်ရင်းနဲ့ အစိုးရရဲ့ဥပဒေကို လိုသလိုအသုံးချတာတွေ၊ မတရားတာတွေ သိလာတော့ ဦးနေ၀င်းအထိကိုတက်ပြီး တရားစွဲခဲ့တယ်။ ကျွန်တော်လိုက်ခဲ့တဲ့အမှုတွေက နိုင်ငံရေးသမားတချို့ ရှစ်လေးလုံးမတိုင်မီလွတ်ကုန်ကြတော့ ကျွန်တော့်အမှုသည်ကတစ်ဆင့် ခရစ္စက ကျွန်တော့်ဆီ ပထမဆုံးဆက်သွယ်လာခဲ့တယ်’’ဟု ၎င်းကပြောသည်။



ကြိုတင်ခန့်မှန်းသည့် BBC သတင်းများ ကွက်တိမှန်ကန်မှုကြောင့် ခရစ္စတိုဖာဂါးနက်ကို CIA ဟုပင် ထင်မှတ်ခဲ့ကြပြီး ထိုအချိန်က BBCနှင့် ခရစ္စတိုဖာဂါးနက်သည် သူရဲကောင်းသဖွယ်ဖြစ်ခဲ့တယ်။ အမှန်တော့ ခရစ္စကို အစိုးရက ပြည်ဝင်ခွင့်မပေးတော့သဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တွင် အခြေစိုက်ကာ ဦးနေမင်း၏ သတင်းပေးပို့ချက်များကို ပုံမှန်ရယူရင်း မြန်မာ့အရေးသတင်းများကို BBC က လွှင့်ထုတ်ခဲ့ခြင်းဖြစ်သည်။



‘‘၈၈ မှာ မြန်မာပြည်က ဂျာနယ်လစ်တွေအားလုံးကို အစိုးရကဖိနှိပ်ထားတဲ့အချိန်မှာ ဦးနေမင်းဟာ ကျွန်တော့်ရဲ့ အဓိကသတင်းရင်းမြစ်ဖြစ်လာခဲ့တယ်။ သူက သတင်းတွေစုစည်းပြီး ကျွန်တော့်ဆီပို့တယ်။ ကျွန်တော်က BBC မြန်မာပိုင်းအစီအစဉ်မှာ ပြန်ပြီးထုတ်လွှင့်ခဲ့တယ်။ ဒီမတိုင်ခင်အထိ ဦးနေမင်းရဲ့အခန်းကဏ္ဍဟာ အသိအမှတ်ပြုခြင်းမခံခဲ့ရဘူး။ သူ့ရဲ့စူးရှတဲ့အမြင်နဲ့ ရဲစွမ်းသတ္တိကို ကျွန်တော်တို့ ပြန်ပြီးဂုဏ်ပြုသင့်ပါတယ်’’ဟု သတင်းထောက် ခရစ္စတိုဖာဂါးနက်က အီးမေးလ်မှ တစ်ဆင့်ဖြေကြားခဲ့သည်။



ယင်းကြောင့်လည်း ၈၈ အရေးတော်ပုံတစ်လျှောက် သတင်းများကို စွန့်စားပေးပို့ခဲ့သူ ဦးနေမင်းကို မြန်မာနိုင်ငံတွင် ယခုလ ၁၀ ရက်က စတင်ကျင်းပခဲ့သည့် East West စင်တာ မီဒီယာညီလာခံက ရဲစွမ်းသတ္တိဆုချီးမြှင့်ခဲ့သည်။



ဦးနေမင်း ပေးပို့သော သတင်းတိုင်းကို ခရစ္စကလည်း ဒီတိုင်းတော့ တန်းသုံးခြင်းမဟုတ်။ ထိုစဉ်က မြန်မာပြည်ရှိ သံရုံးအသိုင်းအ၀ိုင်းနှင့် အခြားသော သတင်းရင်းမြစ်များထံ မေးမြန်းအတည်ပြုပြီးမှသုံးကြောင်း ၎င်းကပြောသည်။



‘‘ဦးနေမင်းက ကျွန်တော့်အတွက်တော့ သူရဲကောင်းပါ။ ကျွန်တော်ဟာ အဲဒီတုန်းက အသက်ကငယ်သေးတယ်။ အလုပ်ကို ပင်ပင်ပန်းပန်းလုပ်ခဲ့ပေမယ့် သူ့လောက်တော့ အနစ်နာမခံခဲ့ရဘူး။ ပေးဆပ်မှုလည်း မကြီးမားခဲ့ဘူး။ သူကမှ ၈၈မှာ မြန်မာပြည်ရဲ့ သူရဲကောင်းတွေထဲက တစ်ယောက်ပဲ’’ဟု ခရစ္စကဆိုသည်။



ပင်လုံစာချုပ်လက်မှတ်ရေးထိုးသည့် ဖေဖော်ဝါရီ ၁၂ ရက် ၁၉၄၇ တွင် မွေးဖွားခဲ့သော ဦးနေမင်းသည် ဖဆပလခေတ်၊ မဆလခေတ်၊ ဆိုရှယ်လစ်ခေတ် မျိုးစုံဖြတ်သန်းခဲ့ပြီး ၎င်း၏ခေါင်းမာမှုနှင့် ပညာမာနကြီးမှုတို့ကြောင့် အစိုးရ၀န်ထမ်းအလုပ်နှင့် အဆင်မပြေ။ ပထ၀ီနှင့်ကျောင်းအပြီး ဆေးသုတေသနဌာနတွင် ခေတ္တအလုပ်ဝင်ချိန်၊ တစ်ဖက်တွင် ဥပဒေဒီပလိုမာရယူခဲ့ပြီး ကုန်းလမ်းပို့ဆောင်ရေးတွင် ပညာရှင်ရာထူးဖြင့် အလုပ်စ၀င်ခဲ့သည်။



ကညနတွင်လည်း အထက်အရာရှိနှင့် အဆင်မပြေသောကြောင့် အလုပ်မှနုတ်ထွက်ခဲ့ပြီး လက်ဦးဆရာ၏ အကြံပေးမှုဖြင့် တရားမမှုများ လိုက်ပါဆောင်ရွက်ရင်း ရှေ့နေဖြစ်လာခဲ့သည်။



သတင်းထောက်အတွေ့အကြုံမရှိသော်လည်း အစိုးရအဆက်ဆက် မတရားမှုများကို လက်မခံလိုစိတ်နှင့် ၀ါဒဖြန့်ချိသည့်သတင်းများနှင့်သာ နီးစပ်ခဲ့ခြင်းကြောင့် ခရစ္စထံ သတင်းများပေးပို့ရန် ဆုံးဖြတ်ခဲ့သည်။



‘‘သတင်းပညာနောက်ခံလည်း ဘာမှမရှိဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ နိုင်ငံရေးအဆက်ဆက် အတွေ့အကြုံအရ ဘယ်နေ့မှာ ဘာဖြစ်မလဲဆိုတာ ကြိုတင်တွက်ချက်ပြီး သတင်းတွေ ပို့နိုင်ခဲ့တယ်။ ဒီအတွက်လည်း BBC က တစ်ပြားတစ်ချပ်မှမရခဲ့သလို တောင်းလည်းမတောင်းဆိုခဲ့ဘူး’’



အလှမ်းကျယ်သည့် ထောက်လှမ်းရေးကွန်ရက်အတွင်း ဦးနေမင်းလည်း နောက်ဆုံးတွင် သက်ဆင်းခဲ့ရသည်။ ၁၉၈၈ အောက်တိုဘာ၂၁ တွင် ထိန်းသိမ်းခံရပြီး ပုဒ်မ ၅(ည)ဖြင့် ထောင် ၁၄ နှစ် ကျခံခဲ့ရသည်။ ၁၉၉၇ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့ပြီး အေးချမ်းစွာနေထိုင်ခဲ့ရာမှ ၂၀၀၃ တွင် ထိုင်းနယ်စပ်ရှိ ကျောင်းသားအဖွဲ့ တစ်ဖွဲ့တည်ထောင်သော Network Media Group အတွက် သတင်းအတွေ့အကြုံ၊ အကြံဉာဏ်ပေးမိသဖြင့် ဒုတိယအကြိမ် ၅ (ည)၊ မတရားအသင်းဆက်သွယ်မှု၊ မတရားအသင်းဝင်မှု ၁၇ (၁) (၂)တို့ဖြင့် ထောင် ၁၅ နှစ်ကျခံခဲ့ရပြီး ၂၀၁၁ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့သည်။



‘‘ပထမတစ်ကြိမ်ထောင်ကျတော့ သာယာဝတီထောင်ကို အစ်မငယ်နဲ့ အစ်မကြီးတို့ ထောင်ဝင်စာလာတွေ့ပြီး အပြန်မှာ ကားမှောက်ပြီး အစ်မငယ်က ပွဲချင်းပြီးဆုံးသွားတယ်။ အစ်မကြီးကတော့ နံရိုးတွေကျိုးကုန်တယ်။ အစ်မငယ်ဆုံးတာကို မိသားစုက ဖုံးထားတယ်။ အပြင်ရောက်မှ သိရတာ။ အိမ်ကမိသားစုက နိုင်ငံရေးကို လုံးဝမလုပ်ပါနဲ့တော့လို့ တားတယ်’’ဟု နံရံတွင်ချိတ်ထားသော ဘွဲ့ဝတ်စုံဖြင့် အစ်မငယ်ဓာတ်ပုံကိုညွှန်ပြရင်း ၀မ်းနည်းနှမြောဟန်ဖြင့် ပြောသည်။



ပထမတစ်ကြိမ်ထောင်ကျကတည်းက ရှေ့နေလိုင်စင် ရုပ်သိမ်းခံခဲ့ရပြီး ဘ၀ရပ်တည်ရေးအတွက် မိသားစုဝင်များကိုသာ အားကိုးရပ်တည်ခဲ့ရသည်။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း လုံးဝမထောက်ခံသဖြင့် ယင်းဖွဲ့စည်းပုံအောက်က ဥပဒေများကို အသုံးပြုအမှုမလိုက်ချင်သဖြင့် ယနေ့အထိ ရှေ့နေလိုင်စင်ကို ပြန်လည်မထုတ်သေးဟုဆိုသည်။



၂၀၁၁ တွင် လွတ်မြောက်ပြီး နောက်ပိုင်း နိုင်ငံရေးနှင့် သတင်းလောကကို စွန့်လွှတ်ထားပြီး တရားစခန်းရိပ်သာများတွင်သာ ပျော်မွေ့နေပြီဖြစ်သည့် တစ်ကိုယ်တည်း လူပျိုကြီးသမား ဦးနေမင်းက လက်ရှိသတင်းထောက်များကို သူဖြတ်သန်းခဲ့သည့် သတင်းလောကနှင့် နှိုင်းယှဉ်၍ အကြံပြုသည်။



‘‘ထောက်လှမ်းရေးအော်ပရေတာ ကြားခံထားတဲ့ကြားက၊ ထောင်ကျမယ် အသေခံရမယ်ဆိုတာ သိတဲ့ကြားက အော်တိုတယ်လီဖုန်းလေးတစ်လုံးနဲ့တောင် ကျွန်တော် လူထုကို သတင်းတွေပေးခဲ့တယ်။ အခုခေတ်မှာ ဟန်းဖုန်းကိုယ်စီနဲ့ ဆက်သွယ်ရေးနည်းပေါင်းစုံနဲ့ သတင်းထောက်တွေ အရည်အချင်းသာရှိရင် ပေါ်ပင်လေးတွေ မလုပ်စေချင်ဘူး။ ငါတို့ခေတ်မှာ ငါတို့ဘာလုပ်ခဲ့လဲဆိုတာ သမိုင်းပဲ’’



ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)





from 7Day News Journal's Facebook Wall http://ift.tt/OvmOq0

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...