ရေခဲရေ သောက်နေသူ အမျိုးသား ရုတ်တရက် သေဆုံး
ရန်ကုန်၊ မတ် ၂၇
သင်္ဃန်းကျွန်းမြို့နယ် ဦးစံဖေရပ်ကွက် လေးထောင့်ကန်လမ်းရှိ EPC ဝန်ထမ်းအိမ်ရာတွင် မတ်လ ၂၆ ရက် မွန်းလွဲ ၂ နာရီခန့်က အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ အပြင်က ပြန်လာစဉ် ရေခဲရေ သောက်ရာမှ ရုတ်တရက် သေဆုံးခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့မ ရဲစခန်းမှ ရဲအရာရှိက ပြောကြားသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ် (၅၄) ရပ်ကွက် နွယ်နီလမ်းတွင် နေသူ ကိုအောင်ဖြိုးပိုင်သည် ယင်းနေ့က အလုပ်ကိစ္စဖြင့် အပြင်သို့ သွားခဲ့ပြီး အဆိုပါ EPC ဝန်ထမ်း အိမ်ရာရှိ ကားစတေကာ လုပ်ငန်း အလုပ်ရှင်၏ တိုက်ခန်းထံသို့ ပြန်လာစဉ် ရေခဲသေတ္တာ အတွင်းမှ ရေခဲရေ ယူသောက်ပြီး ခဏအကြာ နှုတ်ခမ်းများ ပြာလာပြီး စကားမေးမရဖြစ်ကာ စံပြဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
“သူသောက်ခဲ့တဲ့ ရေခဲရေဘူးကို စစ်ဆေးကြည့်တော့ ရိုးရိုးသောက်ရေပါ။ အလောင်းကို မြောက်ဥက္ကလာ ပြည်သူ့ဆေးရုံကို လွှဲအပ်ပြီး ရင်ခွဲစစ်ကြည့်တော့ သွေးတိုးရောဂါကြောင့် ဦးနှောက်သွေးကြော ပြတ်ပြီး သေဆုံးတာလို့ တာဝန်ကျ ဆရာဝန်က အတည်ပြုတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
အပြင်က ပြန်လာပြီး ရေခဲရေ သောက်၍ ရုတ်တရုက် သေဆုံးမှုမှာ သေဆုံးသူ၏ ကျန်းမာရေး နောက်ခံသွေးတိုး၊ နှလုံး၊ ဆီးချို၊ လေဖြတ်၊ လေငန်းရောဂါ စသည့် ရောဂါတစ်ခုခုနှင့် စပ်ဆက် ဖြစ်ပေါ်လာသည်ဟု ထင်မြင်ယူဆရကြောင်း၊ ပူသောအခါ သွေးကြောများ ကျယ်တတ်သည့် သဘောရှိပြီး ရုတ်တရက် အေးသော ပတ်ဝန်းကျင်သို့ ပြောင်းလဲလိုက်ပါက (ဥပမာ- နေပူထဲက ပြန်လာပြီး အဲယားကွန်း ခန်းထဲသို့ ရုတ်တရက် ဝင်လိုက်ခြင်း) သွေးကြောများ ကျုံ့သွားကြောင်း၊ ယင်းကဲ့သို့ အခြေအနေတွင် ပတ်ဝန်းကျင်၏ ပြောင်းလဲသော အခြေအနေကို ခန္ဓာကိုယ်က ရုတ်တရက် ထိန်းညှိ မပေးနိုင်ပါက သွေးကြောပေါက်ထွက် မှုများ ဖြစ်ပွားတတ်သောကြောင့် ချက်ခြင်း အပူမှ အေးသော နေရာသို့ ချက်ခြင်းသွားခြင်း၊ ရေခဲရေ သောက်ခြင်းကို ရှောင်ကြဉ်သင့်ကြောင်း အထွေထွေရောဂါကု ဆရာဝန် သီဟသစ်က ပြောကြားသည်။
အဆိုပါ အမျိုးသား အပြင်မှ ပြန်လာစဉ် ရေခဲရေ သောက်ရာမှ ဦးနှောက် သွေးကြောပြတ် သေဆုံးခဲ့မှုကို သင်္ဃန်းကျွန်းမြို့မ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁၀/ ၁၄ ဖြင့် ဖွင့်လှစ်ကာ စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။
from The Voice Weekly's Facebook Wall http://ift.tt/1fqHEgV
Comments
Post a Comment