တရုတ်နိုင်ငံ ဟာဗား ရေခဲတောင် တက်ရောက်ရန် တက္ကသိုလ်ခြေလျင် တောင်တက်အဖွဲ့ ထွက်ခွာ
ရန်ကုန်၊ မတ် ၂၂
မြန်မာနိုင်ငံ၏ အမြင့်ဆုံး တောင်ထွတ်ဖြစ်သော ခါကာဘိုရာဇီ တောင်ထိပ်သို့ မတက်ရောက်မီ လေ့ကျင့် တက်ရောက်သည့် ခရီးစဉ်အဖြစ် တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း သဘာဝခေါ်သံ ဖောင်ဒေးရှင်းမှ လက်ရွေးစင် တောင်တက် အဖွဲ့ဝင် ခြောက်ဦးသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ်ရှိ ပင်လယ်ရေ မျက်နှာပြင်အထက် ၁၈,၀၀၀ နီးပါး မြင့်မားသော ဟာဗား ရေခဲတောင်ထိပ်သို့ တက်ရောက်ရန် ရန်ကုန်မြို့မှ လေကြောင်း ခရီးဖြင့် မတ်လ ၂၂ ရက်နေ့ နေ့လယ်က ထွက်ခွာသွားကြသည်။
မြန်မာနိုင်ငံရှိ ခါကာဘိုရာဇီ တောင်ကဲ့သို့ ဟိမဝန္တာတောင်တန်းနှင့် တစ်ဆက် တစ်စပ်တည်း တည်ရှိသော အဆိုပါ ဟာဗားတောင်ထိပ် (၁၇,၇၀၃ ပေ) သို့ မတ်လ ၃၀ ရက်နေ့တွင် တက်ရောက်ကြရန် လျာထားပြီး ဧပြီလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိ ကြမည် ဖြစ်ကြောင်း အသင်း ဥက္ကဋ္ဌ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန အငြိမ်းစား တွဲဖက်ပါမောက္ခ ဦးမျိုးသန့်က ပြောကြားသည်။
“ဟာဗား ရေခဲတောင်နဲ့ မြန်မာနိုင်ငံက ခါကာဘိုရာဇီ ရေခဲတောင် တို့က ရေမြေ ရာသီဥတုနဲ့ ပထဝီဝင် အနေအထားက အစ တော်တော်ကလေး တူညီပြီး ပေ ၂၀၀၀ လောက်ပဲ နိမ့်ပါတယ်။ တက်ရောက်ရတာလည်း လွယ်တယ်။ အဲ့ဒါကြောင့်မို့ တက်ရောက်လေ့ကျင့်ဖို့ ရွေးချယ်လိုက်တာပါ။ ဒီခရီးစဉ်က တက္ကသိုလ်ခြေလျင် တောင်တက် အသင်းတွေအနေနဲ့ တရုတ်နိုင်ငံမှာ ပထမဦးဆုံး သွားရောက် တောင်တက် လေ့ကျင့်တဲ့ ခရီးဆိုရင်လည်း မမှားပါဘူး” ဟု ၎င်းကဆိုသည်။
အရှေ့တောင်အာရှ ဒေသနှင့် မြန်မာနိုင်ငံ၌ အမြင့်ဆုံး ရေခဲတောင် ဖြစ်သော ကချင်ပြည်နယ် ပူတာအိုခရိုင်ရှိ ခါကာဘိုရာဇီ ရေခဲတောင် (၁၉,၂၉၆ ပေ) ထိပ်သို့ တက်ရောက်နိုင်ရန် အတွက် အဆိုပါ တောင်တက်အဖွဲ့သည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလ အတွင်းက ယင်းတောင်ခြေ (၁၃,၀၀၀ ပေ) သို့ စူးစမ်းလေ့လာ တက်ရောက်ခဲ့ကြပြီး လာမည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလ အတွင်း ပထမဦးဆုံးအကြိမ် တက်ရောက်ရန် လျာထားကြောင်း အဆိုပါ အသင်းထံမှ စုံစမ်း သိရှိရသည်။
ခါကာဘိုရာဇီ တောင်ထိပ်သို့ ၁၉၉၆ ခုနှစ် စက်တင်ဘာလ အတွင်းက ဂျပန်နိုင်ငံသား တောင်တက်သမား မစ္စတာအိုဇာကီ ပထမဦးဆုံးအကြိမ် တက်ရောက်ခဲ့ဖူးပြီး မြန်မာနိုင်ငံမှ ခြေလျင်နှင့် တောင်တက် အဖွဲ့ဝင်များ တက်ရောက်နိုင်ခြင်း မရှိသေးပေ။
ဟာဗား တောင်ထိပ်သို့ လေ့ကျင့် တက်ရောက်ကြမည့် လက်ရွေးစင် တောင်တက်အဖွဲ့ကို မြန်မာနိုင်ငံ အိုလံပစ် ကောင်စီဝင်နှင့် အသင်း ဂုဏ်ထူးဆောင် နာယက အထွေထွေ ရောဂါအထူးကု သမားတော်ကြီး ပါမောက္ခ ဒေါက်တာ ဒေါ်ခင်မေအုန်း၊ အသင်း ဥက္ကဋ္ဌ ဦးမျိုးသန့်နှင့် အသင်းအမှုဆောင်များ၊ အသင်းဝင်များနှင့် မိသားစုများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။
from The Voice Weekly's Facebook Wall http://ift.tt/1iPPeWK
Comments
Post a Comment