မြန်မာနိုင်ငံ၏ မြေမြှုပ်မိုင်းပညာပေး လုပ်ငန်းများ အမေရိကန်အစိုးရ ကူညီမည်
ရန်ကုန်၊ မတ် ၁၈
လက်နက်ကိုင် ပဋိပက္ခများ၏ နောက်ဆက်တွဲ မြေမြှုပ်မိုင်း အန္တရာယ် ပညာပေး အစီအစဉ်များအတွက် ကယားပြည်နယ်ရှိ ဒေသခံ အရပ်ဘက် အဖွဲ့အစည်းများထံ အမေရိကန် အစိုးရက အမေရိကန်ဒေါ်လာ တစ်သိန်းကျော် ထောက်ပံ့ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်သည်။
အဆိုပါ ထောက်ပံ့ငွေများကို မတ်လ ၂၀ ရက်နေ့တွင် ကယားဒေသခံ အဖွဲ့အစည်းများထံ အပ်နှံမည်ဖြစ်ပြီး ယင်းအသုံးစရိတ်များကို မြေမြှုပ်မိုင်းဆိုင်ရာ ပညာပေး လုပ်ငန်းများနှင့် မိုင်းဒဏ်ခံရသူများ ကျန်းမာရေး စောင့်ရှောက်မှုတွင် အသုံးပြုရန် ရည်ရွယ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။
ကယားပြည်နယ်သည် မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှု အများဆုံး ပြည်နယ်တစ်ခု ဖြစ်ပြီး ပြည်နယ် တစ်ခုလုံးရှိ လူဦးရေ ထက်ဝက်မှာ မြေမြှုပ်မိုင်းဒဏ် ခံစားနေရကြောင်း မြေမြှုပ်မိုင်း ရှင်းလင်းရေးနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့အစည်းများက ဆိုသည်။
မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်း အများဆုံးရှိရာ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် မြေမြှုပ်မိုင်း ရှင်းလင်းရေးနှင့် မိုင်းအန္တရာယ် ကာကွယ်ရေးအတွက် နော်ဝေနိုင်ငံ အပါအဝင် အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂတို့က ကူညီထောက်ပံ့လျက် ရှိသည်။
from The Voice Weekly's Facebook Wall http://ift.tt/1lNiQUH
Comments
Post a Comment