ကရိုင်းမီးယားတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန် တာတာလူနည်းစုများ ကြိုးပမ်း
အေအက်ဖ်ပီ
ဘတ်ခ်ချုဆာရေး၊ မတ် ၃၀
ကရိုင်းမီးယားဒေသအား ရုရှကသိမ်းယူခဲ့ပြီးနောက် ကရိုင်းမီးယားရှိ တာတာလူမျိုးများသည် ၎င်းတို့၏ သမိုင်းဝင် ဇာတိမြေတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအတွက် မဲခွဲဆုံးဖြတ်ခဲ့ကြောင်း မတ်လ ၃၀ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကရိုင်းမီးယာဒေသ အနှံ့အပြားမှ တာတာလူမျိုးများသည် ဘတ်ခ်ချုဆာရေး မြို့တွင် အရေးပေါ်လွှတ်တော် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြပြီး ပင်လယ်နက်ကျွန်းဆွယ်ဒေသရှိ မွတ်စလင် ၃၀၀,၀၀၀ ခန့် အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးကို အလိုရှိကြောင်း မဲခွဲဆုံးဖြတ်ခဲ့ကြသည်။
“လူတိုင်းရဲ့ဘ၀မှာ အနာဂတ်ကို ပြဋ္ဌာန်းမယ့် ရွေးချယ်မှုတစ်ရပ်လုပ်ရတဲ့ အချိန်အခါမျိုး ရောက်လာတတ်ပါ တယ်” ဟု တာတာလူမျိုးခေါင်းဆောင် ရီဖက်ချူဘာရော့ဗ်က ဆိုသည်။
ကရိုင်းမီးယားဒေသ စုစုပေါင်းလူဦးရေ၏ ၁၂ ရာခိုင်နှုန်းခန့်မှာ တာတာလူမျိုးများ ဖြစ်ကြသည်။ ကရိုင်းမီး ယားကျွန်းဆွယ်ဒေသ ယူကရိန်းနိုင်ငံမှ ခွဲထွက်ရေးအတွက် ရုရှလိုလားသူများက မတ်လ ၁၆ ရက်က ဆန္ဒ ခံယူပွဲတစ်ရပ် ကျင်းပခဲ့ကြရာ ထိုဆန္ဒခံယူပွဲကို တာတာလူမျိုးများက အပြင်းအထန် ဆန့်ကျင်ခဲ့ကြပြီး သပိတ်မှောက်ခဲ့ကြသည်။
တာတာလူမျိုးခေါင်းဆောင် ချူဘာရော့ဗ်က ကရိုင်းမီးယားဒေသရှိ ရုရှလူမျိုးများအား ၎င်းတို့၏အနာဂတ်ကို ၎င်းတို့ ဘာသာပြဋ္ဌာန်းခွင့်ပေးအပ်ခဲ့လျှင် ကရိုင်းမီးယား တာတာလူမျိုးများတွင်လည်း ထိုအခွင့်အရေးရှိသင့် ကြောင်း ပြောခဲ့သည်။
တာတာလူမျိုး အသိုင်းအ၀ိုင်းတွင် ရုရှအစိုးရအပေါ် သံသယများကြီးထွားလျက် ရှိသည်။ ဒုတိယ ကမ္ဘာစစ် အတွင်းတွင် ဆိုဗီယက်ခေါင်းဆောင် ဂျိုးဇက်စတာလင်သည် တာတာလူမျိုးများကို အာရှအလယ်ပိုင်းဒေ သသို့ အစုလိုက်အပြုံလိုက် နှင်ထုတ်ခဲ့ပြီး ၁၉၈၀ ပြည့်လွန်ကာလ နှောင်းပိုင်းသို့ ရောက်သောအခါတွင်မှ တာတာများ ဇာတိမြေသို့ စတင်ပြန်ခွင့်ရခဲ့ကြသည်။
နာရီပေါင်းများစွာ ဆွေးနွေးအပြီးတွင် ကရိုင်းမီးယား တာတာလူမျိုး ကိုယ်စားလှယ်များသည် “သမိုင်းဝင် နယ်မြေ ကရိုင်းမီးယားရှိ တာတာလူမျိုးများ၏ လူမျိုးစု နှင့် နယ်မြေဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတွက် နိုင်ငံရေးနှင့် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို စတင်ဆောင်ရွက်ရန်” မဲခွဲဆုံးဖြတ်ခဲ့ကြသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ဆက်လက်လုပ်ဆောင်ရန် တာတာလူမျိုးများအနေဖြင့် မည်ကဲ့သို့ အစီအစဉ်ဆွဲ ထားကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးသလို ၎င်းတို့ ကြိုးပမ်းနေသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသမှာ ယူကရိန်းနိုင်ငံထဲတွင် ပါဝင်မည်လား၊ ရုရှနိုင်ငံထဲတွင် ပါဝင်သွားမည်လားကိုလည်း မသိရသေးပေ။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1mnCMOi
Comments
Post a Comment