တေးသံရှင် ၂၃ ဦး သင်္ကြန်ပြဇာတ် ဒီဗီဒီ ထွက်ရှိမည်
ရန်ကုန်၊ မတ် ၂၂
မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်တွင် မြူးကြွသည့် ဂီတသံစဉ်များနှင့် အတူ ပျော်ရွှင်စွာ ကခုန် ပျော်ပါးလိုသူများ အတွက် တေးသံရှင် ၂၃ ဦး ပါဝင် သီဆိုထားသည့် သင်္ကြန်ပြဇာတ် ဒီဗီဒီကို မတ်လ ၂၁ ရက်နေ့မှ စတင်ပြီး Bo Bo Music Production မှ စတင် ဖြန့်ချိ ခဲ့ကြောင်း ယင်းစီးရီးကို စီစဉ်သည့် တေးသံရှင် မေသူဟံက The Voice သို့ ပြောကြားသည်။
“သင်္ကြန်ပွဲတော် အမှတ်တရ စီးရီးလေး တစ်ခု လုပ်ရအောင်လို့ သူငယ်ချင်းတွေနဲ့ တိုင်ပင်ကြတော့ အားလုံးကလည်း တက်တက်ကြွကြွနဲ့ ပါဝင် ပေးထားကြတယ်။ ဒီစီးရီးထဲမှာ သီချင်းအားလုံးပေါင်း ၂၁ ပုဒ် ပါဝင်ပါတယ်။ သီချင်း အမျိုးအစားတွေကတော့ Pop၊ Rock၊ Altar အကုန်ပါတဲ့အတွက် ကြိုက်နှစ်သက်ရာ နားဆင်လို့ ရပါတယ်။ သီချင်းတွေက အဟောင်းတွေ မပါဘူး။ အားလုံး အသစ်တွေချည်းပါပဲ” ဟု ယင်းဒီဗီဒီနှင့် ပတ်သက်ပြီး ၎င်းက ထပ်လောင်း ပြောကြားသည်။
သင်္ကြန်ပြဇာတ် ဒီဗီဒီကို ဒါရိုက်တာ ဂျွန်နသန်က ရိုက်ကူးပြီး တေးသံရှင် ကောင်းဆက်၊ အနဂ္ဂ၊ ဟဲလေး၊ ရိန်မိုး၊ အောင်ဖြိုး၊ ဖြိုးပြည့်စုံ၊ လေးနက်၊ ဟန်မင်း၊ IBAN၊ ဈာန်၊ BK၊ တွတ်ကီ၊ မီးမီးခဲ၊ သံသာဝင်း၊ ခင်ဘုဏ်း၊ ရှင်ဖုန်း၊ သီရိစံ၊ လိမ္မော်သီး၊ ကက်သရင်းမီးမီး၊ နဒီထိုက်၊ မေသူဟံ၊ ချောစု၊ အခရာတို့က ပါဝင် သီဆို သရုပ်ဆောင် ပေးထားကြကြောင်း၊ ယခင်နှစ်များတွင် ထွက်ရှိခဲ့သည့် သင်္ကြန်သီချင်းများနှင့် ကွဲပြားအောင် ကြိုးစားထားကြသည့် အတွက် ပရိသတ်များ ကျေနပ်အားရလိမ့်မည်ဟု မျှော်လင့်ကြောင်း မေသူဟံက ဆိုသည်။
“ညီမက ဒီစီးရီးထဲမှာ သင်္ကြန် အလွမ်းလေးဆိုတဲ့ ကိုယ်ပိုင်သံစဉ် သီချင်းလေး တစ်ပုဒ် ဆိုထားပါတယ်။ ဒီသီချင်းလေးရဲ့ အကြောင်းအရာက မနှစ်က သင်္ကြန်မှာ တွေ့ခဲ့တဲ့ ကောင်လေးကို ဒီနှစ်မှာ မတွေ့ရတော့တဲ့ အတွက် လွမ်းနေရတဲ့ အကြောင်းလေးပါ။ သီချင်းပုံစံလေးကတော့ ခပ်မြူးမြူးလေးနဲ့ ကလို့ ကောင်းမယ့် အော်လ်တာ ပုံစံလေးပါ” ဟု ယင်းစီးရီးတွင် ပါဝင် သီဆိုထားသည့် တေးသံရှင် လိမ္မော်သီးက ပြောကြားသည်။
from The Voice Weekly's Facebook Wall http://ift.tt/1ge5LUd
Comments
Post a Comment