ပုဂံဘုရားအမှတ် ၁၆၅ ပရိဝုဏ်မြေတွင် မြေကွက်ရိုက်ဟု
ပခုက္ကူ၊ မတ် ၂၃
မြန်မာနိုင်ငံ၏ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ပုဂံ-ညောင်ဦး မြို့နယ် ငှက်ပစ်တောင်ရပ် အမှတ် ၃ နယ်မြေရှိ ဘုရားအမှတ် ၁၆၅ ရှင်ပင်ပွင့်လင်း ဘုရားနှင့် လှိုဏ်ဂူပေါင်း ၉၉ ခုရှိရာ ပရိဝုဏ် မြေနေရာတွင် ဟိုတယ် ဆောက်လုပ်ရန်နှင့် လူနေအိမ် ဆောက်လုပ်ရန်အတွက် မြေများကို အကွက် ရိုက်နေကြောင်း အဆိုပါ ဒေသခံများထံမှ သိရှိရသည်။
မြန်မာနိုင်ငံ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်၏ အသည်းနှလုံးဟု ကမ္ဘာက တင်စားထားသည့် ပုဂံရှေးဟောင်း နယ်မြေတွင် စေတီပုထိုးပေါင်း ၃၁၂၂ ဆူ ရှိပြီး စေတီများ အနီးရှိ မြေလွတ် မြေရိုင်းများကို အကွက်ရိုက်ကာ မြေနေရာ ချထားခြင်းသည် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ကို အရုပ်ဆိုး အကျည်းတန်စေကြောင်း ရှေးဟောင်းယဉ်ကျေးမှု နယ်မြေကို ထိန်းသိမ်းရန်မှာ နယ်မြေ အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် အုပ်ချုပ်ရေးပိုင်းတို့တွင် တာဝန်ရှိကြောင်း ပုဂံရှေးဟောင်း ယဉ်ကျေးမှု သုတေသန ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရန်အတွက် ရှေးဟောင်း သုတေသန အဖွဲ့၏ တာဝန်ဖြစ်ကြောင်း၊ ယင်းသို့ ရှေးဟောင်းနယ်မြေတွင် မြေကွက် ရိုက်မည် ဆိုပါက ကြိုတင်ကာ အသိပေးသင့်ကြောင်း ၎င်းကဆိုသည်။
ငှက်ပစ်တောင်ရပ်ရှိ ရှင်ပင်ပွင့်လင်းဘုရား ပရိဝုဏ် မြေလွတ် မြေရိုင်းများပေါ်တွင် လွန်ခဲ့သည့် ငါးနှစ်က မြေကွက်ရိုက်ခြင်း မရှိသော်လည်း ၂၀၁၂ ခုနှစ်မှစ၍ ဟိုတယ်နှင့် လူနေအိမ်များ ဆောက်လုပ်နိုင်ရန် ပေ ၂၀၀ စီ မြေကွက်ရိုက်ကာ လမ်းများပါ ဖောက်လုပ်လျက် ရှိကြောင်း အမှတ် ၃ ရပ်ကွက်မှ ဦးမောင်မောင်သင်းက ပြောကြားသည်။
စေတီ ဘုရားပုထိုးများ အထက် လမ်းဖောက်ပါက ယာဉ်အသွားအလာ တုန်ခါမူကြောင့် စေတီဘုရားပုထိုးများ၊ လှိုဏ်ဂူများ ပြိုကျ ပျက်စီးနိုင်ကြောင်း အဆိုပါ ရပ်ကွက်နေ ဦးသိန်းလှက ဆိုသည်။
ညောင်ဦးမြို့နှင့် ပုဂံမြို့အနီး တစ်ဝိုက် ဟိုတယ်ဇုန် စီမံကိန်း များကြောင့် မြေဈေးနှုန်းသည် မြေကွက် အကျယ်ကို လိုက်၍ သိန်းပေါင်း တစ်သောင်း အထက်နှင့် အနိမ့်ဆုံး ကျပ်သိန်း ၁၅၀၀ မှ ကျပ်သိန်း တစ်သောင်းကျော် အထိ ပေါက်ဈေး ရှိနေကြောင်း မြေဝယ်ရောင်းသူ ဒေသခံ တစ်ဦးက ပြောကြားသည်။
from The Voice Weekly's Facebook Wall http://ift.tt/1hdHs4N
Comments
Post a Comment