ပုသိမ် မှန်စက်ရုံ စီမံကိန်း သိမ်းဆည်းခံ လယ်မြေများ တောင်သူများ ပြန်လည် ရရှိလိုဟုဆို
ပုသိမ်၊ မတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မှန်စက်ရုံ စီမံကိန်း တည်ဆောက်စဉ်က သိမ်းယူခဲ့သော လယ်ယာမြေများကို စီမံကိန်း လုပ်ငန်းများ မရှိတော့ပါက ပြန်လည် ရယူလိုကြောင်း ဒေသခံ တောင်သူ များက ပြောဆိုသည်။
အဆိုပါ လယ်ယာမြေများကို ၁၉၇၇ ခုနှစ်ကတည်းက ပုသိမ်မှန်စက်ရုံ တည်ဆောက်ရန် အတွက်ဟု ဆိုကာ လယ်ဧက တစ်ထောင်ကျော် သိမ်းယူခဲ့သော်လည်း လယ်မြေအများစုမှာ စက်ရုံ တည်ဆောက်ရာတွင် မပါဝင်ဘဲ သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းလယ်များကို မှန်စက်ရုံမှူးများက တောင်သူများအား နှစ်စဉ် ပြန်လည် ငှားရမ်း၍ သီးစားချခဲ့ကြသည်ဟု တောင်သူများက ပြောကြားသည်။
“၁၉၇၄ နဲ့ ၁၉၇၅ ခုနှစ်တွေမှာ ဥယျာဉ်ခြံမြေတွေကို သိမ်းတယ်။ ၁၉၉၁ ခုနှစ်လောက်မှာ လယ်တွေကို သိမ်းတယ်။ သိမ်းတုန်းကလည်း လျော်ကြေး တစ်ပြားမှ မပေးဘူး။ အခု မူလပိုင်ရှင် ဖြစ်တဲ့ ကျွန်တော့် အဖေကလည်း အသက် ၉၀ ကျော်နေပြီ။ စက်ရုံလည်း မလည်တော့ဘူး ဆိုတော့ ကျွန်တော်တို့ လယ်ကို ကျွန်တော်တို့ ပြန်လုပ်ချင်ပါတယ်” ဟု ပုသိမ်မြို့နယ် ကုန်းကြီးကျေးရွာက တောင်သူ ဦးစိုးဝင်းက ပြောဆိုသည်။
၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ အခန်း ၁၁ ပုဒ်မ ၃၂ တွင် နိုင်ငံတော် အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများအတွက် လယ်ယာမြေကို သိမ်းယူရာတွင် လိုအပ်သော ပမာဏကိုသာ သိမ်းယူရမည် ဖြစ်ပြီး စီမံကိန်းအား သတ်မှတ် ကာလအတွင်း အမြန်ဆုံး ပြီးစီးစေရန် အကောင်အထည် ဖော်ရမည် ဖြစ်ရာ စီမံကိန်းများ ဆောင်ရွက်ခြင်း မပြုတော့ပါက မူလ လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိထားသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းထံ ပြန်လည် ပေးအပ်ရမည်ဟု ဖော်ပြထားကြောင်း ပုသိမ်မြို့နယ် တရားလွှတ်တော် ရှေ့နေကြီး ဦးကျော်ဇင်က သုံးသပ် ပြောဆိုသည်။
ပုသိမ်မှန်စက်ရုံသည့် ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံ စသည့် နိုင်ငံများကို ပြောင်းလဲ၍ အကျိုးတူ လုပ်ကိုင်ခဲ့ကြသော်လည်း နှစ်စဉ် အရှုံးပေါ်ခဲ့ကာ ယမန်နှစ်က ငွေကျပ် သိန်းပေါင်းများစွာ အလွဲသုံးစား ပြုလုပ်မှုဖြင့် မှန်စက်ရုံမှူး တစ်ဦးအား ပုသိမ်ခရိုင် တရားရုံးမှ ထောင်ဒဏ် အနှစ် ၄၀ ချမှတ်ခဲ့ကြောင်း ပုသိမ်ခရိုင် တရားရုံးမှ သိရှိရသည်။
from The Voice Weekly's Facebook Wall http://ift.tt/1dyqu5r
Comments
Post a Comment