Skip to main content

တစ်မတ်သားတို့ ဘယ်သူ့ရွေးမလဲ ----------------- ရေးသားသူ- အောင်သူရ၊ ဥက္ကာကိုကို နု...



တစ်မတ်သားတို့ ဘယ်သူ့ရွေးမလဲ

-----------------

ရေးသားသူ- အောင်သူရ၊ ဥက္ကာကိုကို



နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ မတ်လ ၁၆ ရက်နေ့ ကချင်ပြည်နယ်ခရီးစဉ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လိုက်ပါသွားခြင်းက မြန်မာ့နိုင်ငံရေးလေ့လာသူများ၏ ဦးနှောက်ကို အလုပ်ပေးလိုက်ပါပြီ။ သမ္မတက ကချင်ပြည်နယ်ရှိ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုပါ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။



ထိုမတိုင်မီကလည်း အာဆီယံကာကွယ်ရေးဦးစီးချုပ်များ သတင်းစာရှင်းလင်းပွဲတွင် မြန်မာကာချုပ်ပါဝင်၍ ပထမဆုံးသတင်းစာဆရာများနှင့် တွေ့ဆုံခဲ့ခြင်း၊ ပြည်ပနိုင်ငံများသို့ ချစ်ကြည်ရေးခရီးစဉ်များ ခပ်စိပ်စိပ်သွားရောက်ခဲ့ခြင်း၊ စစ်လက်နက်ပစ္စည်းနှင့် တပ်အင်အားများ ထုတ်ဖော်ပြသလာခြင်းတို့အပေါ် နိုင်ငံရေးလေ့လာသူများသာမက ကမ္ဘာကပါ အာရုံစိုက်မိလာကြသည်။



ကာချုပ်သည် ယခင်တစ်လျှောက်လုံး စွဲကိုင်လာခဲ့သော တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ ဆောင်ပုဒ်ကိုစွန့်လွှတ်ကာ မကြာသေးမီက သွားရောက်ခဲ့သော အင်ဒိုနီးရှားခရီးစဉ်အတွင်း ပြည်သူသာ အမိ၊ ပြည်သူသာ အဖဟု ပြောင်းလဲ၍ စတင်သုံးနှုန်းလိုက်သူလည်းဖြစ်သည်။



တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များနှင့် ဆွေးနွေးပွဲသို့လည်း တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီးသုံးဦးနှင့် ဗိုလ်ချုပ်နှစ်ဦးတို့ကို တက်ရောက်ဆွေးနွေးစေခဲ့ပြီး သြဂုတ် ၁ ရက်တွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးလိုကြောင်းလည်း ကာချုပ်က ကမ်းလှမ်းလိုက်သည်။



အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေ ပြဋ္ဌာန်းရန် နိုင်ငံတော်သမ္မတက တိုက်တွန်းခဲ့ခြင်းအပေါ် မဲဆွယ်သည်ဟု ဝေဖန်မှုများ ထွက်ပေါ်နေချိန်နှင့် ကာကွယ်ရေးဦးစီးချုပ်၏ လုပ်ဆောင်ချက်များက တိုက်ဆိုင်လျက်ရှိနေသည်။ သမ္မတပြောစကားကို တပ်မတော်က နားထောင်ခြင်းမရှိဟု ဝေဖန်နေကြချိန်တွင် ကချင်ပြည်နယ်ခရီးစဉ်က အမြင်အချို့ကို ပြောင်းလဲသွားစေခဲ့သည်။



‘‘ရွေးကောက်ပွဲနီးလာတော့ အချင်းချင်းကျောချင်းကပ်ရမှာပဲ။ ဒီခရီးက ဘာကိုဆိုလိုသလဲဆိုရင် နိုင်ငံရေးအရ ယုံကြည်မှုရှိကြောင်း သွားတဲ့ Trip ပဲ’’ဟု စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးဘိုဘိုကျော်ငြိမ်းကပြောသည်။



လက်ရှိ လွှတ်တော်နှစ်ရပ်အတွင်း နိုင်ငံတော်သမ္မတ တင်သွင်းသည့် အဆိုများကို တပ်မတော်သားများ ကန့်ကွက်ခဲ့ခြင်းမရှိဘဲ တညီတညွတ်တည်း ထောက်ခံခဲ့ကြခြင်းက သမ္မတဘက်တွင် တပ်မတော်ရပ်တည်ကြောင်း ပြသနေခြင်းပင်။



ထို့ကြောင့် ဦးသိန်းစိန်အနေဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက ရွေးချယ်တင်မြှောက်ခွင့်ရှိသော ဒုတိယသမ္မတရာထူးအတွက် အလေးပေးအခံရဆုံးသူ ဖြစ်လာနိုင်ဖွယ်ရှိနေသည်။ သို့သော် ဦးသိန်းစိန်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ပြု၊ မပြုကို အတိအကျပြောဆိုထားခြင်းမရှိပေ။



ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဦးသိန်းစိန်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည်မဟုတ်တော့ကြောင်း ပြောဆိုခဲ့ဖူးသည်။



‘‘သမ္မတကတော့ အရွေးမခံတော့ဘူးလို့ ကြားတယ်။ သမ္မတ အရွေးမခံတော့ဘူးဆိုရင်တော့ လက်ရှိကာချုပ်ကိုပဲ ပေးလိမ့်မယ်ထင်တယ်။ သူရဦးရွှေမန်းကျတော့ အကြောင်းသိနေကြတော့ တပ်ထဲမှာ သိပ်မထောက်ခံကြဘူး’’ဟု အငြိမ်းစားဗိုလ်မှူးတစ်ဦးက သုံးသပ်သည်။



နိုင်ငံရေးလေ့လာသူများက ဦးသိန်းစိန်၊ သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ထဲမှ တစ်ဦးကို ၂၀၁၅ ခုနှစ်တွင် သမ္မတဖြစ်လာနိုင်သူဟု ခန့်မှန်းထားကြသည်။ ပြည်သူတို့၏ ထောက်ခံမှုရရှိထားသော ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဖြစ်ရန် မလွယ်ကူပေ။ အလားတူ ဦးသိန်းစိန်အနေဖြင့်လည်း ၂၀၁၅ တွင် သမ္မတဆက်လုပ်မည့်အပေါ် မိသားစုဝင်များက အပြင်းအထန်ကန့်ကွက်နေကြကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။



သူရဦးရွှေမန်းအနေဖြင့်လည်း သူ ဥက္ကဋ္ဌတာဝန်ယူထားသော ပြည်ခိုင်ဖြိုးပါတီ နေရာအများစုအနိုင်ရမှသာ သမ္မတဖြစ်နိုင်ပါလိမ့်မည်။ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒုတိယသမ္မတသုံးဦးကို ပြည်သူ့လွှတ်တော်က တစ်ဦး၊ အမျိုးသားလွှတ်တော်က တစ်ဦး၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နှစ်ရပ်ပေါင်းရှိ တပ်မတော်သား ကိုယ်စားလှယ်များက တစ်ဦး ရွေးချယ်ရမည်ဖြစ်သည်။ ရွေးချယ်လိုက်သည့် ဒုသမ္မတသုံးဦးထဲမှ တစ်ဦးကို ပြည်ထောင်စုလွှတ်တော်က ပြန်လည်ရွေးချယ်ပြီး သမ္မတအဖြစ် ခန့်အပ်ရမည်ဖြစ်သည်။



မြန်မာနိုင်ငံ၏ ခေါင်းဆောင်မှုလေဟာနယ်ပြဿနာကြောင့် လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတဖြစ်နိုင်သည်ဟု နိုင်ငံရေးသိပံ္ပပါရဂူဘွဲ့ရရှိရန် ကျမ်းပြုနေသူ ဦးမင်းဇင်က Messenger ဂျာနယ်နှင့် အင်တာဗျူးတွင် သုံးသပ်ပြောကြားခဲ့သည်။



သို့ရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ ၂၀၁၅ ခုနှစ်တွင် အသက်ခြောက်ဆယ်ပြည့်မည်ဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လက်ရှိရာထူးမှ အနားယူရဖွယ်ရှိနေသည်။ ၀န်ကြီးဌာနတစ်ခုမှ လက်ထောက်ညွှန်ကြားရေးမှူး၊ အငြိမ်းစားဗိုလ်မှူးတစ်ဦးကတော့ ‘‘စစ်တပ်မှာ အသက်ခြောက်ဆယ်ပင်စင်က မယူမနေရမဟုတ်ဘူး။ နောက်တစ်ချက်က အရင်လို တပ်ကထွက်တာနဲ့ နိုင်ငံရေးမှာ အသာစီးဝင်ယူဖို့ မလွယ်တော့ဘူး’’ဟုဆိုသည်။



၂၀၁၀ ခုနှစ် နိုဝင်ဘာ ၄ ရက်စွဲဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြဋ္ဌာန်းပေးခဲ့သည့် အရန်တပ်ဖွဲ့ဥပဒေအခန်း(၂)အရမူ ‘‘စစ်မှုထမ်းတစ်ဦးသည် စစ်မှုထမ်းခြင်းမှ နုတ်ထွက်ခွင့်(သို့) အငြိမ်းစားယူခွင့်ရရှိသည့် နေ့ရက်မှစ၍ အရန်တပ်ဖွဲ့တွင် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိသည်’’ဟုလည်းကောင်း၊ ‘‘တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်မှုထမ်းခြင်းမှ မိမိဆန္ဒအလျောက် နုတ်ထွက်/အငြိမ်းစားယူသော စစ်မှုထမ်းတစ်ဦးအား အရန်တပ်ဖွဲ့ဝင်အဖြစ် ခန့်အပ်နိုင်သည်’’ဟုလည်းကောင်း အရန်တပ်ဖွဲ့ဝင်များ၏ သက်တမ်းမှာလည်း ငါးနှစ်သာဟူ၍လည်းကောင်း ဖော်ပြထားသည်။



ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် အသက်ခြောက်ဆယ်ပြည့်မြောက်သည့်တိုင် အရန်တပ်ဖွဲ့ဝင်အဖြစ် လက်ရှိရာထူးအဆင့် စစ်ယူနီဖောင်းဝတ်ဖြင့် ဆက်လက်နေထိုင်နိုင်မည့် အခွင့်အရေးတစ်ခုလည်း ရှိနေသည်။ ထိုအချက်သည် လက်ရှိလွှတ်တော်တွင် ဒုတိယသမ္မတများအား လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရမည်ဟု ပြင်ဆင်လိုသည့်အချက်ကိုလည်း ကျော်လွှားနိုင်ခြေရှိသည်။



အဘယ်ကြောင့်ဆိုသော် စစ်ယူနီဖောင်း ဆက်လက်ဝတ်ဆင်ထားပါက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ်က ခန့်အပ်သော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ခန့်အပ်နိုင်သည့် အခွင့်အရေးကို ခံစားနိုင်၍ ဖြစ်သည်။



သို့သော် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုင်ငံရေးနယ်ပယ်အတွင်း ၀င်ရောက်လာနိုင်မည်မဟုတ်ဟု ယူဆနေသူများစွာလည်းရှိပါသည်။



‘‘ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ပရော်ဖက်ရှင်နယ် တပ်မတော်ကိုပဲ သွားချင်တယ်လို့ထင်တယ်။ နိုင်ငံရေးလောကထဲ မ၀င်လောက်ဘူး ထင်တယ်’’ဟု ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တပ်မတော်အရာရှိဟောင်း ဦးလှဆွေက မှတ်ချက်ပြုသည်။



ပြည်ပရောက် စာရေးဆရာမင်းဒင်ကတော့ ‘‘လက်ရှိ ကာချုပ်မင်းအောင်လှိုင်လက်ထက်မှာ စစ်တပ်နဲ့ ပြည်သူကြား ထူးထူးခြားခြား အပြောင်းအလဲရှိတယ်လို့ မမြင်မိသေးဘူး။ တိုင်းပြည်ကာကွယ်ရေးတာဝန်ကို တိတိကျကျထမ်းဆောင်တဲ့ တပ်မတော် ဖြစ်မလာသေးဘူး’’ဟု ဆိုလာသည်။



လက်ရှိ မြန်မာ့တပ်မတော်သည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆက်ဆံရေးတိုးတက်လာသော်လည်း ပြည်သူများအကြားတွင်မူ မြေယာသိမ်းပြဿနာများကြောင့် အမြင်စောင်းခြင်းခံနေရချိန်ဖြစ်သည်။ တပ်မတော်အနေဖြင့်လည်း တပ်မတော်၏ မူလတာဝန်ဖြစ်သော နိုင်ငံတော်ကာကွယ်ရေးတာဝန်အပြင် အုပ်ချုပ်ရေးနှင့် စီးပွားရေးလုပ်ငန်းများတွင် ၀င်ရောက်စွက်ဖက်ခဲ့သောကြောင့် အိမ်နီးချင်းနိုင်ငံများရှိ တပ်မတော်များနှင့် နှိုင်းယှဉ်နိုင်သည့်အနေအထားသို့ မရောက်ရှိဘဲ ဖြစ်နေခဲ့သည်။



ထို့အတူ အခြေခံဥပဒေပြင်ရန် ကြိုးပမ်းနေသူများသည် လွှတ်တော်တွင်း တပ်မတော်သားကိုယ်စားလှယ်၂၅ ရာခိုင်နှုန်းပါဝင်နေမှုအား ပြင်ဆင်ရန် ကြိုးစားနေသကဲ့သို့ လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း တပ်မတော်၏ပါဝင်မှုအား လျော့ချနေသည်ဟု ပြောကြားခဲ့ဖူးသည်။



ထို့ကြောင့် အခြေခံဥပဒေတွင် ၂၅ ရာခိုင်နှုန်းကိစ္စ ၂၀၁၅ မတိုင်မီ ပြင်ဆင်နိုင်ခြေ ရှိ၊ မရှိကလည်း အဓိကမေးခွန်းဖြစ်နေသည်။



စစ်ဗိုလ်ချုပ်တစ်ဦးအဖြစ်မှ သမ္မတတာဝန်ထမ်းဆောင်ခြင်းကို လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေအရ ပြည်သူများက လက်ခံနိုင်ဖွယ်မရှိသလို တပ်မတော်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများကိုလည်း ရပ်တန့်သွားစေနိုင်သည်ဟု နိုင်ငံရေးလေ့လာသူ ဦးဘိုဘိုကျော်ငြိမ်းက မှတ်ချက်ပြုသည်။



ဓာတ်ပုံ − ငြိမ်းချမ်းနိုင်/အီးပီအေ





from 7Day News Journal's Facebook Wall http://ift.tt/1cY7i0M

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...