ဘုရင့်နောင်အမှတ် (၂) မြစ်ကူးတံတားပြီးပါက ဘုရင့်နောင်ပွဲရုံတန်း ကုန်သွယ်မှု ပိုကောင်းလာမည်ဟုဆို
ရန်ကုန်၊ မတ် ၂၅
လှိုင်မြစ်ကိုဖြတ်၍ လှိုင်သာယာမြို့နယ်နှင့် မရမ်းကုန်း ဘုရင့်နောင် နယ်မြေကို ဆက်သွယ် တည်ဆောက်လျက်ရှိသော ဘုရင့်နောင်အမှတ်(၂) မြစ်ကူးတံတား ပြီးစီးသွားပါက ဘုရင့်နောင်ပွဲရုံတန်း၏ ကုန်စည် သယ်ယူပို့ဆောင်ရေးမှာ ပိုကောင်းမွန်လာမည် ဖြစ်ကြောင်း အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးကိုကိုနိုင်က ပြောကြားသည်။
လက်ရှိအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးထွက် ကုန်စည်များကို တင်ဆောင်လာသည့် ကုန်တင်ယာဉ်ကြီးများသည် လှိုင်သာယာမြို့နယ်နှင့် အင်းစိန်မြို့နယ်ကို ဆက်သွယ်ထားသည့် အောင်ဇေယျတံတားမှ ဘုရင့်နောင်ပွဲရုံသို့ ဘုရင့်နောင် လမ်းမကြီးတစ်လျှောက် ကွေ့ပတ် သွားလာနေရရာ အဆိုပါတံတား တည်ဆောက်ပြီးပါက ဘုရင့်နောင်သို့ တိုက်ရိုက် သွားလာနိုင်မည် ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။
“ဒီတံတားကြီး ပြီးသွားရင်တော့ ဘုရင့်နောင် ပွဲရုံတန်းက လူတွေအတွက်တော့ ရွှေပဲပေါ့ဗျာ။ အများကြီး အကျိုးရှိသွားမယ်” ဟု ဦးကိုကိုနိုင်က ဆိုသည်။
လယ်ယာထွက် ကုန်ပစ္စည်းများ ရောင်းဝယ်ရာ ဘုရင့်နောင် ကုန်စည်ဒိုင်တွင် တစ်ရက်လျှင် ပျမ်းမျှကုန်တင်ယာဉ် အစီးရေ ၇၀၀ မှ ၈၀၀ အထိ ဝင်ရောက်လေ့ရှိပြီး ဧရာဝတီတိုင်းမှ ဆန်တင်ဆောင်သည့် ကုန်တင်ယာဉ်များမှာ ပို၍ ဝင်ရောက်မှု များသည်ဟု ဘုရင့်နောင် ကုန်စည်ဒိုင် ရုံးအဖွဲ့မှူး ဦးမြတ်စိုးက ပြောကြားသည်။
“၂၄ ပေ ကုန်တင်ယာဉ်ကမှ ကုန်နဲ့ယာဉ်ပေါင်းရင် တန် ၅၀ လောက်ပဲ ရှိမှာဆိုတော့ တံတားပြီးရင် အချိန်တွေ အများကြီး သက်သာသွားမယ်။ ဒါပေမဲ့ ကုန်စည်ဈေးနှုန်းကတော့ သိပ်ပြီး ပြောင်းလဲမယ် မထင်ဘူး” ဟု ၎င်းက မှတ်ချက်ပြုသည်။
အောင်ဇေယျတံတားမှ ဆင်းကာ ဘုရင့်နောင်ပွဲရုံသို့ ဝင်ရောက်သည့် ကုန်တင်ယာဉ်ကြီး များကြောင့် ပေါက်တောဝ မီးပွိုင့်နှင့် ကြို့ကုန်း မှတ်တိုင်နားတွင် လမ်းပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိရာ ဘုရင့်နောင် အမှတ် (၂) မြစ်ကူးတံတား ပြီးစီးပါက ကုန်တင်ယာဉ်ကြီးများသည် လှိုင်သာယာမှ ဘုရင့်နောင် ပွဲရုံသို့ တိုက်ရိုက် သွားနိုင်မည်ဖြစ်၍ ယင်းလမ်းပိတ်ဆို့မှုပါ လျော့ကျသွားမည်ဟု ဘုရင့်နောင်ပွဲရုံတန်းမှ ဆန်လုပ်ငန်းရှင် ဦးထွန်းဝင်းက ဆိုသည်။
လှိုင်မြစ်ပေါ်တွင် တည်ဆောက် ထားသည့် ဖွင့်လှစ်ပြီး ဘုရင့်နောင် တံတားသည် သုံးတန်အထက် ယာဉ်များကို ဖြတ်သန်းခွင့် မပေးဘဲ တည်ဆောက်ဆဲ ဘုရင့်နောင် အမှတ် (၂) မြစ်ကူးတံတားမှာမူ တန် ၇၀ အထိ ကုန်တင်ယာဉ်များကို ဖြတ်သန်းခွင့်ပေးမည် ဖြစ်သည်ဟု တံတား တည်ဆောက်ရေး စီမံကိန်းရုံး အဖွဲ့ထံမှ သိရသည်။
အဆိုပါ တံတားကို လာမည့် ဇူလိုင်လတွင် အပြီးတည်ဆောက်ရန် လုပ်ဆောင်လျက်ရှိပြီး လက်ရှိ အခြေအနေမှာ တံတား တည်ဆောက်ရေး ချဉ်းကပ်လမ်းများ ဖောက်လုပ်ပြီးစီးပြီ ဖြစ်ပြီး ဆက်လက်၍ တံတား ရေလယ်တိုင်ကို တည်ဆောက်လျက် ရှိသည်။
from The Voice Weekly's Facebook Wall http://ift.tt/1hpT2tQ
Comments
Post a Comment