ABSDF မြောက်ပိုင်း လူသတ်မှု အစီရင်ခံစာ ထုတ်ပြန်မည့် အချိန် နောက်ဆုတ်
ရန်ကုန်၊ မတ် ၂၁
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မြောက်ပိုင်း ပါဂျောင်တွင် ကျောင်းသားများ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှု အစီရင်ခံစာ အပြီးသတ် ထုတ်ပြန်မည့် အချိန်ကို ထပ်မံ နောက်ဆုတ်ထားကြောင်း ABSDF အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အဖွဲ့ဝင် ဦးကျော်ကျော်လင်းက The Voice သို့ ပြောကြားသည်။
အဆိုပါ ပါဂျောင် လူသတ်မှုကို စုံစမ်း ဖော်ထုတ်ရန်အတွက် အစီရင်ခံစာ တစ်စောင်ကို မူလက ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် အပြီးသတ်မည်ဟု ထုတ်ပြန်ထားသော်လည်း အချက်အလက်များ ပိုမို မှန်ကန်မှု ရှိစေရန် အချိန်ထပ်မံ ရွှေ့ဆိုင်းလိုက်ကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့ အတတ်နိုင်ဆုံး ပြီးစီးအောင် အလုပ်လုပ်နေတာပါ။ အချိန်ဆွဲတာ မဟုတ်ပါဘူး။ သမိုင်းတွင်ခဲ့တဲ့ ဖြစ်ရပ် တစ်ခုကို လွဲမှားခြင်း မရှိအောင် အချက်အလက် တိတိကျကျ ဖြစ်အောင် လုပ်နေရတာပါ” ဟု ၎င်းက ရှင်းပြသည်။
ယင်းသို့ အစီရင်ခံစာကို ပိုမို ပြည့်စုံမှုရှိရန် စိစစ် လုပ်ဆောင်နေသော်လည်း အပြီးသတ်နိုင်မည့် အချိန်ကို ထုတ်ဖော် ပြောဆိုမရကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
ABSDF မြောက်ပိုင်း ကျောင်းသားများ သေဆုံးမှုဆိုင်ရာ တွေ့ရှိချက် များကို ပြန်လည် အတည်ပြုနိုင်ရေး အတွက် ABSDF မြောက်ပိုင်း ရဲဘော်ဟောင်း အချို့မှာ ဆက်သွယ်မရသောကြောင့် အစီရင်ခံစာ ထုတ်ပြန်ရန် ကြန့်ကြာနေခြင်း ဖြစ်ကြောင်း အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အဖွဲ့မှ သိရသည်။
ABSDF မြောက်ပိုင်း ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်နှင့် ကျောင်းသား ရဲဘော် ၁၅ ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး တရားဥပဒေအရ အရေးယူနိုင်ရေး အတွက် အထူးစစ်ဆေးရေး အဖွဲ့နှင့် အထူးတရားရုံး ဖွင့်လှစ်ပေးရေး အတွက် နိုင်ငံတော်သမ္မတထံ တောင်းဆိုသွားမည် ဖြစ်ကြောင်း ABSDF ရဲဘော်ဟောင်းများ အဖွဲ့က ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်းက ထုတ်ပြန် ကြေညာထားသည်။
အဆိုပါ ကျောင်းသားများ သတ်ဖြတ်ခံရမှုအတွက် ABSDF ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်နှင့် ရဲဘော် ဦးစိန်တို့၏ မိသားစုဝင်များက မန္တလေးတိုင်းဒေသကြီး ရဲစခန်းများတွင် အမှုဖွင့်ထားကြောင်း ABSDF ရဲဘော်ဟောင်းများ အဖွဲ့ထံမှ သိရသည်။
၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ABSDF ကျောင်းသား ရဲဘော်များ အစုလိုက် အပြုံလိုက် ဖမ်းဆီး ညှဉ်းပန်း သတ်ဖြတ်မှုများတွင် နစ်နာခဲ့သူများအတွက် သမိုင်းမှတ်တမ်း အစီရင်ခံစာ ပြုစုရန် ၂၀၁၂ ခုနှစ် မတ်လအတွင်း ABSDF အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
from The Voice Weekly's Facebook Wall http://ift.tt/1f1AwqX
Comments
Post a Comment