Skip to main content

ဥပဒေအထက်မှာ ဘယ်သူရှိနေသလဲ လက်ရှိအစိုးရလက်ထက်တွင် အစိုးရ၏ အချို့သော လုပ်ဆောင်ခ...



ဥပဒေအထက်မှာ ဘယ်သူရှိနေသလဲ





လက်ရှိအစိုးရလက်ထက်တွင် အစိုးရ၏ အချို့သော လုပ်ဆောင်ချက်များသည် ဥပဒေအထက်တွင် မည်သူရှိနေသနည်းဟု မေးခွန်းထုတ်စရာပင် ဖြစ်နေကြောင်း ဥပဒေပညာရှင်အချို့က သုံးသပ်ပြောကြားခဲ့ကြသည်။



အစိုးရသစ်လက်ထက်တွင် မီဒီယာသမားများအား အရေးယူမှုများ၊ တောင်သူလယ်သမားများနှင့် ဆန္ဒပြသူများအား အရေးယူမှုများ အများအပြား ရှိလာခြင်းကလည်း ဥပဒေအထက်တွင် မည်သူရှိနေသနည်းဟု မေးခွန်းထုတ်သူများ ပိုမိုများပြားစေခဲ့ခြင်းဖြစ်ကြောင်း ဥပဒေပညာရှင်များနှင့် မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူများထံမှ သိရသည်။



ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ပြီး အဆိုပါပြစ်ဒဏ်မှာ ယူနတီဂျာနယ်မှ လက်နက်စက်ရုံအကြောင်းနှင့် ပတ်သက်၍ သတင်းဖော်ပြခဲ့မှုကြောင့် ချမှတ်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရသည်။



ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အနုပညာရှင်များ မြန်မာငြိမ်းချမ်းရေးစင်တာ၌ တွေ့ဆုံမှုပွဲသို့ သတင်းလာရောက်ယူသူများက သပိတ်မှောက်ခြင်း အသံတိတ် ဆန္ဒထုတ်ဖော်ခြင်းတို့လည်း ပြုလုပ်ခဲ့ကြသည်။



ယင်းသို့ ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုမည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။



လက်ရှိအစိုးသစ်လက်ထက်၌ မီဒီယာသမားများ အပါအ၀င် တောင်သူလယ်သမားများနှင့် ဆန္ဒပြသူများကို ဖမ်းဆီးအရေးယူသူ စုံစမ်းထောက်လှမ်းသူများထဲတွင် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ရဲသတင်းတပ်ဖွဲ့(SB) များ အများအပြား ပါဝင်လာသည်ကို တွေ့ရသည်။



သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် မီဒီယာသမားများသာမက မည်သူ့ကိုမဆို ဖမ်းဆီးစစ်ဆေးခြင်း ပြုလုပ်မည်ဆိုပါက ရဲအရေးမပိုင်သောကိစ္စ ဖြစ်ပါက တရားရုံး၏ ဖမ်းဝရမ်း လိုအပ်မည်ဖြစ်သည်ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပြဌာန်းချက်များအရ သိရသည်။



ရဲအရေးပိုင်သောကိစ္စ ဖြစ်ပါကလည်း မည်သူ့ကိုမဆို ဖမ်းဆီးစစ်ဆေးခြင်း မပြုလုပ်မီ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၅၄ အရ ပထမသတင်းပေးချက် ရေးဖွင့်ရမည် ဖြစ်ပါသည်။ ထိုသို့ ရေးဖွင့်ပြီးမှသာ ပြစ်မှုများကို စခန်းမှူးကိုယ်တိုင်သော် လည်းကောင်း တာဝန်ပေးအပ်ခံရသူကသော် လည်းကောင်း စုံစမ်းစစ်ဆေးရမည် ဖြစ်ပါသည်။



ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၅၄ အရ ပထမသတင်းပေးချက် ရေးဖွင့်ခြင်းကဲ့သို့ ဥပဒေအရ လိုအပ်သည့် စာရွက်စာတမ်း အပြည့်အစုံဖြင့် မည်သည်မျှ မဆောင်ရွက်ဘဲ သတင်းသမားများ အပါအ၀င် မည်သူ့ကိုမဆို အချိန်မရွေး ခေါ်ယူစစ်ဆေးနိုင်မည် မဟုတ်သည်ကို ဥပဒေပြဋ္ဌာန်းချက်များအရ သိရသည်။



ဖမ်းဆီးစစ်ဆေးခြင်း စုံစမ်းခြင်းပြုလုပ်သည့် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့များအနေဖြင့် ဥပဒေနှင့်အညီ ခေါ်ယူစစ်ဆေးခြင်းဖြစ်သည် ဆိုပါကလည်း ခေါ်ယူစစ်ဆေးခံရသူ ဖမ်းဆီးခံရသူ၏ သက်ဆိုင်သူများ၊ မိသားစုဝင်များကို မည်သူ၏တိုင်ကြားချက်၊ မည်သူ၏ညွှန်ကြားချက်၊ မည်သည့်အမှု၊ အမှုနံပါတ် ဘယ်လောက်ဖြင့် ခေါ်ယူစစ်ဆေးခြင်း ဖမ်းဆီးခြင်းဖြစ်သည်ကို ပြောပြမှသာလျှင် ပွင့်လင်းမြင်သာမှုရှိမည်ဖြစ်ကြောင်း လေ့လာသူအချို့က ပြောကြားသည်။



ထိုသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် မညီဘဲ ဖမ်းဆီးခြင်း၊ မည်သည့်ဥပဒေအရ ခေါ်ယူခြင်း ဖမ်းဆီးခြင်း ပြုလုပ်သည်ကို ပြောကြားခြင်းမရှိပါက ဥပဒေကိုလိုသလို အသုံးချကာ ဥပဒေအထက်တွင် မည်သူရှိနေသနည်းဟု မေးခွန်းထုတ်စရာများ ဖြစ်နေမည်ကို လေ့လာသူအချို့က ဆိုသည်။



ထိုသို့ ပြုလုပ်နေသော ရဲသတင်းတပ်ဖွဲ့ (SB) များသည်လည်း ယခင်ထောက်လှမ်းရေးကို ဆက်ခံသူများ ဖြစ်လာမလားဟု မေးခွန်းထုတ်စရာ ဖြစ်လာမည်ဟု မြန်မာ့နိုင်ငံရေး လေ့လာသူတစ်ဦးက ဆိုသည်။



“ရိုးရိုးရှင်းရှင်းနဲ့ ပြောရမယ်ဆိုရင် ဥပဒေအထက်မှာ အာဏာပိုင်တွေနဲ့ ခရိုနီတွေရဲ့ အကျိုးစီးပွားတွေ ရှိနေတယ်။ ဒေသအသီးသီးက မြေယာတွေနဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေကို ကြည့်လိုက်ပါ။ ၀န်ကြီးတွေရဲ့ အဂတိ၊ အကျိုးစီးပွားနဲ့ လွတ်ကင်းတဲ့ မြေသိမ်းတယ်ဆိုတာ ရှားပါတယ်။ ပြည်ထောင်စုဝန်ကြီးတွေ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တွေ၊ တစ်ခါတစ်ရံမှာ တိုင်းဒေသကြီး အစိုးရ၀န်ကြီးတွေကိုယ်တိုင် ခရိုနီတွေနဲ့အတူ ပါနေတာတွေ တွေ့ရတယ်။ ဒီအကျိုးစီးပွားတွေကို ကာကွယ်ဖို့ ဥပဒေကို လက်တစ်လုံးခြား လုပ်နေတာပဲ ဖြစ်ပါတယ်” ဟု ဥပဒေပညာရှင် ရှေ့နေကိုဖိုးဖြူက ဆိုသည်။



“တကယ်တရားမျှတတဲ့ ဥပဒေ ပြဋ္ဌာန်းချက်တွေကို မသုံးရအောင် လွှတ်တော်ကိုယ်တိုင်က တစ်ဖက်သတ်ရေးဆွဲထားတဲ့ ပြဋ္ဌာန်းချက်တွေ၊ ခရိုနီနဲ့ အာဏာပိုင်တွေကို ကာကွယ်ပေးမယ့် ပြဋ္ဌာန်းချက်တွေကို ရေးဆွဲပြီး ကျင့်သုံးနေတာ အထင်အရှားပဲ။ ဥပမာ မြေလွတ်မြေရိုင်း ဥပဒေကို ကြည့်ပါ၊ ၂၀၁၂ လယ်ယာမြေဥပဒေကို ကြည့်ပါ။ ဒါတွေဟာ အာဏာပိုင်နဲ့ ခရိုနီတွေကို ကာကွယ်ပေးဖို့ တစ်ဖက်သတ်ရေးဆွဲထားတဲ့ ပြဋ္ဌာန်းချက်တွေ ဖြစ်ပါတယ်။ ဒေသခံတွေအတွက် လုံးဝအကျိုးမရှိဘူး။ စည်းမျဉ်းတွေကို မျှတအောင် မပြဋ္ဌာန်းနိုင်တဲ့အတွက် ပြည်သူတွေရဲ့ အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုတွေ ယနေ့အချိန်အထိ ပေါ်ပေါက်နေရတာပါ။ နောက်ပြီး လုပ်ငန်းနဲ့ ကိုယ်ကျိုးစီးပွား မကွဲပြားဘူး။ ကိုယ်ထမ်းဆောင်နေတဲ့ ၀န်ကြီးဌာန လုပ်ငန်းတွေထဲမှာ ကိုယ်ပိုင်လုပ်ငန်းတွေကို တရားဝင်လုပ်ငန်းတွေအဖြစ် တည်ထောင်ထားတယ်။ ဒါတွေဟာ ၀န်ကြီးဌာနက ဆောင်ရွက်ရမယ့် လုပ်ငန်းတွေထဲမှာ ဌာနကို ကွပ်ကဲတဲ့ ၀န်ကြီးကိုယ်တိုင်သူရဲ့ အကျိုးစီးပွားတွေ တရားဝင် ထူထောင်နေတာကို တွေ့ရတယ်။ ဒီဝန်ကြီးဌာနရဲ့ လုပ်ငန်းဆောင်တာတွေဟာ နိုင်ငံတော်နဲ့ ပြည်သူ့တွေရဲ့ အကျိုးစီးပွားတွေ မဟုတ်ဘူးလား။ မွန်တီဗီဒီယိုကွန်ဗင်းရှင်းမှာ နိုင်ငံတော်လို့ဆိုတဲ့ စကားလုံးအဓိပ္ပာယ် ဖွင့်ဆိုချက်က ပြည်သူဆိုတာ ပါတယ်လေ။ နိုင်ငံတော်လို့ ပြောပြောပြီး အစိုးရနဲ့ ခရိုနီတွေရဲ့ အကျိုးစီးပွားပဲ ကာကွယ်ပေးနေတဲ့အဖြစ်ကို ရောက်နေတယ်” ဟု ဥပဒေပညာရှင် ရှေ့နေကိုဖိုးဖြူက ဆက်လက်ပြောကြားခဲ့သည်။



ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၏ ပြဋ္ဌာန်းချက်များအရ အာမခံမပေးနိုင်သည့် အမှုများနှင့် ပတ်သက်၍ မည်သူကိုမဆို တစ်ရက်ထက်ကျော်လွန် ဖမ်းဆီးလိုပါက ရမန်ယူရန် လိုအပ်မည်ဖြစ်ကြောင်း အာမခံပေးနိုင်သည့် အမှုများနှင့် ပတ်သက်၍ မည်သူကိုမဆို ၂၄ နာရီထက် ချုပ်နှောင်ဖမ်းဆီးထားနိုင်ခြင်း မရှိဘဲ အာမခံဖြင့် ပြန်လည်လွှတ်ပေးရမည်ဖြစ်ကြောင်း သိရသည်။



“ကန့်ဘလူက လယ်သိမ်းခံရမှုဖြစ်စဉ်ကို တရားဥပဒေစိုးမိုးရေးအမြင်နဲ့ ကြည့်မယ်ဆိုရင် ဒါဟာ အရပ်ဘက်ဆိုင်ရာ တရားရုံးရဲ့ အမိန့်တစ်စုံတစ်ရာအရ ဖယ်ရှားတာ မဟုတ်ဘူး။ အရပ်ဘက်ဆိုင်ရာ တရားရုံးကနေ ပြစ်မှုဆိုင်ရာ ဥပဒေနဲ့အညီ ခုခံချေပခွင့်ပေးပြီး ဖယ်ရှားရတာ။ အရပ်ဘက်ဆိုင်ရာ တရားရုံးတွေ၊ ဥပဒေတွေ ရှိပါရက်နဲ့ စစ်တပ်ကြီးနဲ့ ၀င်ရောက်ပြီး ဖယ်ရှားတယ်။ ဒါတင်မကဘူး။ လယ်သမားတွေ အိမ်တွေကို ရှာဖွေခွင့်ပုံစံမရှိဘဲ ၀င်ရှာတယ်။ ပြီးတော့ ဖုန်းတွေသိမ်းတယ် ဆိုတာဟာ ဒါက ဥပဒေရဲ့အထက်မှာ စစ်တပ်ရှိနေတယ်ဆိုတာကို မထိန်းနိုင်မသိမ်းနိုင် သက်သေပြလိုက်တာနဲ့ အလွန်တူပါတယ်။ ကျွန်တော်တော့ ဒီလိုပဲ ပြောချင်တယ်။ ဂျပန်တွေပေးတဲ့ ရွှေရည်စိမ် လွတ်လပ်ရေးကိုတောင် ပြန်အမှတ်ရစေတယ်” ဟု ရှေ့နေဦးဟန်ရှင်ဝင်းက ဆိုသည်။



ထို့အတူ ချုပ်မိန့်မရရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက်ပို၍ ချုပ်နှောင်ခြင်းမပြုရဟုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၇၆ တွင် ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၇၆ တွင် ပြဋ္ဌာန်းထားသည့် ပြဋ္ဌာန်းချက် အပြည့်အစုံမှာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးနှင့် အများပြည်သူအကျိုးငှာ ဥပဒေနှင့်အညီ ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်သောကိစ္စ သို့မဟုတ် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှတစ်ပါး စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့်မရရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက်ပို၍ ချုပ်နှောင်ခြင်းမပြုရကြောင်း သိရသည်။



ထို့အပြင် မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့် အညီမှတစ်ပါး အသက်ကိုဖြစ်စေ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှု မရှိစေရကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ၌ပင် ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။



လက်ရှိတွင် သတင်းသမားများ အပါအ၀င် ဆန္ဒပြသူများကို ဖမ်းဆီးမည်ဆိုပါက ပြစ်မှုဆိုင်ရာဥပဒေ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး အာမခံပေးနိုင်သည့် အမှုအား ၂၄ နာရီထက်ပို၍ ချုပ်နှောင်ထားမည်ဆိုပါက ဥပဒေချိုးဖောက်ရာ ရောက်မည့်အပြင် ဥပဒေအထက်တွင် အစိုးရရှိနေသလားဟုပင် မေးခွန်းထုတ်စရာများ ရှိလာမည်ဖြစ်ကြောင်း ဥပဒေပညာရှင်တစ်ဦးက ဆိုသည်။



“လက်ရှိတရားစီရင်ရေးမဏ္ဍိုင်ဟာ ဘယ်လောက်လွတ်လပ်ခွင့် ရှိသလဲဆိုတာ ဆန်းစစ်ဖို့လိုတယ်။ ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ ပြည်ထောင်စုတရားသူကြီးတွေကို သမ္မတကခန့်တယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် တရားသူကြီးချုပ်နဲ့ တရားသူကြီးတွေကို နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စု တရားသူကြီးချုပ်တို့က ခန့်တယ်။ ဒီလို အဆင့်ဆင့် ခန့်အပ်မှုတွေက အုပ်ချုပ်ရေးအာဏာကို ကျော်လွန်ပြီး လွတ်လပ်တဲ့ စီရင်ဆုံးဖြတ်နိုင်မှု ရနိုင်လား၊ မရနိုင်ဘူးလားဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အားနည်းချက်ကို ပြန်ကြည့်ဖို့လိုနေပြီ။ အခုဖြစ်နေတဲ့ ပြဿနာအားလုံးက Legal Corruption လို့ခေါ်တဲ့ ဥပဒေပိုင်းဆိုင်ရာ အဂတိလိုက်စားမှုကြောင့် ပေါ်ပေါက်လာတယ်လို့ မြင်တယ်။ နောက်တစ်ချက်က အဓိကအားဖြင့် အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးက ဥပဒေတွေကို အသုံးချပြီး လုပ်ဆောင်တဲ့နေရာမှာ အမှားအယွင်းတွေ ဖြစ်လာတယ်။ နောက်ဆုံးမှာ မီဒီယာသမားတွေနဲ့ ပြည်သူတွေကို ဖိနှိပ်တဲ့ အနေအထားထိ ရောက်သွားတယ်။ ဥပဒေပြုကဏ္ဍက နိုင်ငံသားအခွင့်အရေးကို ကာကွယ်ပေးနိုင်မယ့် ဥပဒေတွေ ပြဋ္ဌာန်းပေးဖို့ လိုနေတယ်” ဟု ဥပဒေပညာရှင် ကိုစောကျော်ကျော်မင်းက ဆိုသည်။



လက်ရှိအစိုးရသစ် လက်ထက်တွင် ဥပဒေနှင့်ပတ်သက်၍ ဆောင်ရွက်ချက်အချို့သည် ရှေ့နောက်မညီ ကွဲလွဲမှုများရှိနေပြီး ဥပဒေအထက်တွင် အစိုးရရှိနေသကဲ့သို့ ဖြစ်နေသည်ကိုလည်း တွေ့ရှိရသည်။ ထို့ပြင် အချို့သော ဥပဒေများကို ပြဋ္ဌာန်းထားသော်လည်း လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်မှု အားနည်းခြင်း၊ ပွင့်လင်းမြင်သာမှု အားနည်းခြင်းများကိုလည်း တွေ့ရှိရသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့သော်လည်း လက်တွေ့အကောင်အထည်ဖော် အရေးယူခဲ့သည့် ဖြစ်စဉ်များကို ထုတ်ပြန်ကြေညာမှု မရှိသလောက် နည်းပါးခဲ့သည်ကိုလည်း သိရသည်။



ထို့ပြင် လက်ရှိအစိုးရလက်ထက်တွင် ဥပဒေအထက်၌ မည်သူရှိနေသနည်းဟု မေးခွန်းထုတ်စရာ ဖြစ်နေသည့် အထင်ရှားဆုံးအချက်မှာ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို အသုံးချကာ ဆန္ဒပြသူများအား ပုဒ်မ ၁၈ ဖြင့် အရေးယူနေခြင်းပင် ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄ တွင် “နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့် ရှိသည်။



(က)မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊

(ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့် စီတန်းလှည့်လည်ခွင့်၊

(ဂ)အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်၊

(ဃ)တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုး အချင်းချင်းကို လည်းကောင်း၊ အခြား ဘာသာသာသနာကို လည်းကောင်း၊ ထိခိုက်နစ်နာမှု မရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်” ဟူ၍ ပြဋ္ဌာန်းထားချက်အရ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် အခွင့်အရေးများကို ကျင့်သုံးရာ၌ ကြိုတင်ခွင့်ပြုချက်တင်ခြင်း၊ ပုဒ်မ ၁၈ ဖြင့် အရေးယူခြင်းများ မပြုလုပ်နိုင်သည်ကို လေ့လာတွေ့ရှိရသည်။



“ဥပဒေထက်မှာ အစိုးရရှိမရှိတော့ မသိဘူး။ လူတစ်စုတော့ ရှိနေတာသေချာတယ်။ အထူးသဖြင့် ကျွန်တော်တို့ အလုပ်သမားအရေး ဆောင်ရွက်တဲ့အခါမှာ အလုပ်သမားတွေဘက်က အလုပ်ရှင်ကို အမှုဖွင့်ဖို့ အရမ်းခဲယဉ်းတယ်။ ဒါကြောင့် တချို့တွေက လုပ်ငန်းရှင်ဥပဒေလို့တောင် ဆိုကြတယ်။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဆိုတာကတော့ ကျွန်တော်တို့ ဥပဒေကျောင်း ပထမနှစ်တက်တော့ သင်ခဲ့ရတာပေါ့။ ဒါက စာထဲမှာပဲ ရှိပါတယ်။ စာတွေနဲ့ လက်တွေ့နဲ့ဟာ အရမ်းကွာခြားပြီး လက်တွေ့လုပ်တဲ့ အခါမှာလည်း ဥပဒေအတိုင်း မဖြစ်တာတွေ ရှိပါတယ်။ လျှို့ဝှက်ဥပဒေ ဆိုတာကလည်း ရှိသေးတယ်။ အခု သမ္မတကြီးဦးသိန်းစိန် အစိုးရလက်ထက်မှာ နည်းနည်းပွင့်လင်းလာပြီ ဆိုပေမယ့် ဥပဒေနဲ့ ပတ်သက်ပြီးတော့ အပြောင်းအလဲတွေ မရှိပါဘူး။ ဥပဒေတွေက စည်းနှောင်မှုမရှိဘူး။ တရားဥပဒေစိုးမိုးမှု မရှိဘူးပေါ့။ ပြဋ္ဌာန်းချက်တွေကတော့ အရမ်းကောင်းတယ်။ ဒါပေမဲ့ လက်တွေ့အကောင်အထည်ဖော်မှု မရှိတာက ခက်တာပေါ့” ဟု အလုပ်သမားအရေး ဆောင်ရွက်သူ ရှေ့နေကိုယဉ်အောင်က ဆိုသည်။



“Data Case တွေနဲ့ ပတ်သက်လာရင် ဥပဒေအတိုင်း သတ်မှတ်ထားပေမယ့် အစိုးရအဖွဲ့ ၀န်ကြီးဌာနတွေက လိုက်နာဆောင်ရွက်ခြင်း မရှိဘူး။ ဒါကြောင့် အလုပ်သမားတွေ၊ ပြည်သူတွေက နစ်နာတယ်။ ဥပဒေထက်မှာ ဘယ်သူမှ မရှိရဆိုပေမယ့် အစိုးရပိုင်းတွေ၊ ၀န်ကြီးဌာနတွေက ဥပဒေအတိုင်း အတိအကျ လိုက်နာမှုတွေ မရှိတော့ ဥပဒေအထက်မှာ သူတို့ရောက်နေတဲ့သဘောမျိုး ဖြစ်နေတယ်” ဟု အလုပ်သမားအရေး ဆောင်ရွက်သူ၊ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ဥပဒေ အကြံပေးရှေ့နေ ဦးအောင်သူရိန်ထွန်းက ဆိုသည်။



ထို့အတူ ဥပဒေနှင့်ပတ်သက်၍ အစိုးရက ဥပဒေအထက်တွင် ရှိနေသည်ဟု သံသယဖြစ်ဖွယ် အချက်တစ်ခုမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၈၊ ၁၂၄ နှင့် ၄၄၁ တို့၏ ရှေ့နောက်မညီမှုပင် ဖြစ်သည်ကို တွေ့ရသည်။ ယင်းပုဒ်မများ၏ ရှေ့နောက်မညီ ကွဲလွဲမှုများက လွှတ်တော်ပင် ခေါ်၍မရနိုင်သည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၈၊ ၁၂၄ နှင့် ၄၄၁ တို့၏ ပြဋ္ဌာန်းချက်များအရ သိရသည်။



ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် အစည်းအဝေး စတင်ကျင်းပသည့် နေ့မှစ၍ နိုင်ငံတော်တစ်ဝန်းလုံး၌ အာဏာတည်သည်ဟူ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၁ တွင် ပြဋ္ဌာန်းထားသည်။



ပြည်ထောင်စုလွှတ်တော်၏ ပထမအကြိမ် ပုံမှန်အစည်းအဝေးကို ပြည်သူ့လွှတ်တော်၏ ပထမအစည်းအဝေး စတင်သည့်နေ့မှ ၁၅ ရက်အတွင်း ကျင်းပရမည်ဟူ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၈ တွင် ပြဋ္ဌာန်းထားသည်။



ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်ပြီးနောက် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ခေါ်ယူကျင်းပရမည်ဟူ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၄ တွင် ပြဋ္ဌာန်းထားသည်။



ယင်းပုဒ်မများ၏ ရှေ့နောက်မညီ ကွဲလွဲမှုများက လွှတ်တော်ပင် ခေါ်၍မရနိုင်သော်လည်း အစိုးရအသစ်၊ စနစ်သစ် အကူးအပြောင်းကာလတွင် လွှတ်တော်ကို ရအောင်ခေါ်ခဲ့ခြင်းကလည်း အစိုးရက ဥပဒေအထက်တွင် ရှိနေနိုင်သည်ဟု သံသယဖြစ်ဖွယ် ရှိခဲ့ကြောင်း ဥပဒေပညာရှင်တစ်ဦးက ဆိုသည်။



အလားတူ လက်ရှိတွင် အစိုးရက သတင်းမီဒီယာဥပဒေကို လျစ်လျူရှုကာ သတင်းသမားများကို တရားစွဲခြင်းများ ရှိနေသည်ကိုလည်း တွေ့ရသည်။



သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၁ တွင် “နစ်နာသောဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် သတင်းမီဒီယာသမား တစ်ဦးက ပုဒ်မ ၉ တွင် ပြဋ္ဌာန်းထားသည့် တာဝန်နှင့် ကျင့်ဝတ်သိက္ခာ တစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်း ယူဆလျှင် ရှေးဦးစွာ ကောင်စီသို့ တိုင်ကြားနိုင်သည်ဟူ၍ လည်းကောင်း၊ သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၂ တွင် ကောင်စီသည် ပုဒ်မ ၂၁ အရ တိုင်ကြားချက်ကို လက်ခံရရှိပါက နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းဖြေရှင်းခြင်းဆိုင်ရာ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်ဟူ၍ လည်းကောင်း၊ သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၃ တွင် ပုဒ်မ ၂၂ အရ ကောင်စီ၏ရှေ့မှောက်တွင် ညှိနှိုင်းဖြေရှင်းရာ၌ ပြေလည်မှုမရှိပါက တိုင်ကြားသူ သို့မဟုတ် ကျေနပ်မှုမရှိသူသည် သက်ဆိုင်ရာတရားရုံးတွင် ဥပဒေနှင့်အညီ တရားစွဲဆိုနိုင်သည်ဟူ၍ လည်းကောင်း အသီးသီး ပြဋ္ဌာန်းထားသော်လည်း အစိုးရ၏ သက်ဆိုင်ရာအဖွဲ့အစည်းများ အနေဖြင့် သတင်းသမားများအား တရားမစွဲဆိုမီ ရှေးဦးစွာ ကောင်စီသို့ တိုင်ကြားခြင်း ညှိနှိုင်းခြင်း မရှိသည်ကိုလည်း တွေ့ရသည်။



ထို့အတူ သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၄ တွင် ပုဒ်မ ၆ ပုဒ်မခွဲ (က) အရ အများပြည်သူ သိခွင့်ရှိသော သတင်းအချက်အလက်များကို တောင်းယူကြည့်ရှုရာတွင် ငြင်းဆန်ခြင်း၊ အချိန်ဆွဲခြင်း သို့မဟုတ် သတင်းယူသူအား နှောင့်ယှက်ခြင်းတို့ မဖြစ်စေရန် သက်ဆိုင်ရာ တာဝန်ရှိသူက စီစဉ်ဆောင်ရွက်ပေးရမည်ဟု ပြဋ္ဌာန်းထားသော်လည်း သတင်းသမား အများစုမှာ ယင်းအခွင့်အရေးကို မရရှိကြောင်း သတင်းသမားများထံမှ သိရသည်။



ထို့ကြောင့် လက်ရှိအစိုးရသည် ပြဋ္ဌာန်းဥပဒေများကို လိုက်နာလေးစား ကျင့်သုံးရန် လိုအပ်မည်ဖြစ်ပြီး ယင်းသို့ လုပ်ဆောင်ခြင်းမရှိပါက နိုင်ငံတကာမှ အသိအမှတ်ပြုသည့် ဒီမိုကရေစီနိုင်ငံစစ်စစ်ကို မလိုလားသည့် အစိုးရတစ်ရပ်သာ ဖြစ်နေဦးမည်ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးအား လေ့လာသူများက သုံးသပ်ခဲ့ကြသည်။





ဥပဒေအထက်မှာ ဘယ်သူရှိနေသလဲ | Eleven Daily News

news-eleven.com

လက်ရှိအစိုးရလက်ထက်တွင် အစိုးရ၏ အချို့သော လုပ်ဆောင်ချက်များသည် ဥပဒေအထက်တွင် မည်သူရှိနေသနည်းဟု မေးခွန်းထုတ်စရာပင် ဖြစ်နေကြောင်း ဥပဒေပညာရှင်အချို့က သုံးသပ်ပြောကြားခဲ့ကြသည်။အစိုးရသစ်လက်ထက်တွင် မီဒီယာသမားများအား အရေးယူမှုများ၊ တောင်သူလယ်သမားများနှင့် ဆန္ဒပြသူများအား အရေးယူမှုများ အများအပြား ရှိလာခြင်းကလည်း…

from Eleven Media Group's Facebook Wall http://ift.tt/1nMgz0o

Comments

Popular posts from this blog

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3